၂၉ နှစ်အရွယ် ထားဝယ်သားကိုဖြိုးသည် သူဆန့်ကျင်သည့် စစ်ကောင်စီတပ်ထဲတွင် တပ်သားဖြစ်လာမည်ဟု တစ်ကြိမ်တစ်ခါမှပင် မတွေးမိခဲ့။
၂၀၂၁ ဖေဖော်ဝါရီလက အရပ်သားအစိုးရကိုဖြုတ်ချပြီးအာဏာသိမ်းခြင်း၊ ဆန့်ကျင်သူများကို ရက်ရက်စက်စက်သတ်ဖြတ် နှိမ်နှင်းခြင်း၊ ဆယ်စုနှစ်ပေါင်းများစွာ တိုင်းပြည်အာဏာကိုချုပ်ကိုင်ထားခြင်း စသည့် စစ်တပ်၏ လုပ်ရပ်တို့ကို လမ်းပေါ်ထွက် ဆန့်ကျင်သူများထဲတွင် ကိုဖြိုးလည်း အပါအဝင်ဖြစ်သည်။
အာဏာသိမ်းပြီး သုံးနှစ်ခွဲခန့်အကြာ ၂၀၂၄ ဇူလိုင်လတွင် နိုင်ငံတောင်ပိုင်း ထားဝယ်မြို့သား ကိုဖြိုးသည် တချိန်က ကိုယ်ဆန့်ကျင်ကန့်ကွက်ခဲ့သည့် အာဏာသိမ်းစစ်တပ်တွင် တပ်သားသစ်တစ်ယောက်ဖြစ်လာခဲ့သည်။
ထိုင်းနိုင်ငံသို့ သွားရောက်ပြီး တရားမဝင်နေထိုင်စဉ် ဖမ်းဆီးခံရပြီး မြန်မာပြည်ဘက်သို့ လွှဲပြောင်းခံကြရသည့် ကိုဖြိုးနှင့် အခြား အမျိုးသားအများအပြားကို စစ်တပ်က ထပ်မံထိန်းသိမ်းပြီး စစ်သားသစ်အဖြစ် အလွယ်တကူ စုဆောင်းလိုက်လေသည်။
နိုင်ငံအနှံ့စစ်မျက်နှာ ဖွင့်ထားရသဖြင့် လူအင်အားလိုနေသည့် စစ်ကောင်စီသည် ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်သည်၊ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ၊ ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရမည်ဟု ကြေညာထားသည်။
ရနောင်းမှသည်စစ်တပ်ဆီသို့
ထားဝယ်မြို့တွင် ဆန္ဒပြပွဲ၌ ပါဝင်သော လူငယ်များကို စစ်တပ်က လိုက်လံဖမ်းဆီးသောအခါ ကိုဖြိုးက ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့သို့ ထွက်ပြေးခဲ့ပြီး ကြုံရာကျပန်း ဈေးရောင်းသည့် အလုပ်လုပ်ကိုင်သည်။
ထိုင်းနိုင်ငံတွင် သုံးနှစ်ခန့်နေထိုင်ပြီးနောက် မေလတွင် အဖမ်းခံရပြီး ရနောင်းမြို့ အချုပ်ထောင်တွင် နှစ်လခန့်နေထိုင်ရသည်။
ကိုဖြိုးအပါအဝင် ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံနေရသူ အမျိုးသား ၁၀၀ ကျော်ကို ထိုင်းအာဏာပိုင်များက ဇူလိုင်လအကုန်တွင် မြန်မာနိုင်ငံ တောင်ဘက်စွန်း နယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့သို့ ပို့ပေးသည်။
လူ ၁၀၀ ကျော်ကို မြန်မာဘက်အခြမ်းရှိ လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိများက လက်ခံပြီး ၃၅ နှစ်အောက် အမျိုးသား ၃၆ ဦးကို မျောက်ကျောက်ရောဂါ စစ်ဆေးမည်ဟု အကြောင်းပြပြီး အမှတ် (၂၆၂) ခြေလျင်တပ်ရင်းစခန်းသို့ ခေါ်သွားသည်။
စခန်းသို့ရောက်သော အခါ ဗိုလ်လေးဟု အခေါ်ခံရသည့် စစ်အရာရှိတစ်ဦးက ၎င်းတို့ကို တန်းစီခိုင်းကာ ရောဂါ စစ်ဆေးရန် ခေါ်ခြင်းမဟုတ်ကြောင်း စပြောလာသည်။
“အိမ်နဲ့တော့ ဆက်သွယ်ခွင့်ပေးမယ်၊ ထွက်ပြေးဖို့ မကြိုးစားနဲ့ပေါ့။ ဘေးမှာ မိုင်းတွေထောင်ထားတယ်။ ထွက်ပြေးရင် ပစ်သတ်မယ်ပြောတာပေါ့။ ဘေးပတ်ပတ်လည်မှာလည်း စစ်သားတွေ အများကြီးရှိတယ်ပေါ့။ အဲဒီလိုပုံစံမျိုးပြောပါတယ်” ဟု ၎င်းက ဆိုသည်။
ကိုဖြိုးတို့ ၃၆ ဦး စိတ်ညစ်သွားကြပြီး နားနေရမည့် အဆောင်သို့ ပြန်ရောက်သောအခါ တချို့က ငိုယိုကြကြောင်း ကိုဖြိုးက ပြောသည်။
“ဒေါသလည်းထွက်တယ်ပေါ့။ ကိုယ့်ဆန္ဒလည်းမပါဘူး။ အတင်းခေါ်လာတာကိုး။ ဒါပေမယ့် သူတို့ကို ပြန်တော်လှန်လို့လည်း မရဘူးဆိုတော့ ကိုယ့်ကိုယ်ကို အားမလိုအားမရလည်းဖြစ်တယ်” ဟု သူက ဆိုသည်။
ထိုစခန်းတွင်ရှိစဉ် မိသားစုနှင့် ဖုန်းပြောခွင့် ပြုကြောင်း၊ စစ်အရာရှိတို့၏ ဝါဒဖြန့်စကားများကိုလည်း နားထောင်ခဲ့ရကြောင်း ကိုဖြိုးက ပြောသည်။
“စစ်သားလုပ်ရတာ အားမငယ်နဲ့ပေါ့။ နိုင်ငံတော်ကို ကာကွယ်ရတာ။ လစာလည်းရမယ်ပေါ့။ သူတို့ကောင်းကြောင်းပဲ ပြောတာပေါ့။ ပြီးရင် မှတ်ပုံတင်တွေ အသစ်ပြန်လုပ်ပေးပါတယ်” ဟု ၎င်းက ဆိုသည်။
“ကျန်းမာရေး တအားအဆင်မပြေတဲ့သူတွေအတွက် ဆေးတွေဘာတွေလာပေးပါတယ်။ ကျွန်တော်တို့ကို ဆေးတွေဘာတွေစစ်ပါတယ်”
ကော့သောင်းမှသည် မြိတ်ဆီသို့
သီတင်းတစ်ပတ်ကြာပြီးနောက် ကိုဖြိုးတို့ကို စစ်သင်္ဘောဖြင့် မြိတ်မြို့ရှိ စစ်စခန်းတစ်ခုသို့ ပို့သည်။ ကော့သောင်းမြို့ထဲမှ စုဆောင်းထားသည့် လူငယ်များ အပါအဝင် စုစုပေါင်း လူ ၅၀ ရှိသည်ဟု ဆိုသည်။
စခန်းအဝင်ဝတွင် အချုပ်ခန်းတစ်ခုရှိသည်၊ ထွက်ပြေးရန် ကြိုးစားသူများကိုဖမ်းမိသဖြင့် ရိုက်နှက်ပြီး အချုပ်ခန်းထဲတွင် ထည့်ထားကြောင်း သိရသည်ဟု ကိုဖြိုးကဆိုသည်။
ထိုစခန်းတွင် စစ်သားသစ် ၂၀၀ ခန့် ရှိနေပြီးဖြစ်သည်၊ ကိုဖြိုးတို့၏ လက်ကိုင်ဖုန်းများ အသိမ်းခံလိုက်ရသည်၊ လူငယ် စုစုပေါင်း ၂၅၀ မှာ ညဘက်တွင် အိပ်ဆောင်များတွင် အိပ်ရပြီး နံနက် ၇ နာရီထိုးသည်နှင့် ခန်းမ တစ်ခုတွင် စုဝေးရသည်၊ ထိုခန်းမထဲတွင် တစ်နေကုန်နေရပြီး စစ်အရာရှိတစ်ဦး၏ ဟောပြောချက်ကို နားထောင်ရသည်ဟု ဆိုသည်။
စစ်မှုထမ်းရန် ကတိပြုပါသည်ဆိုသည့် စာချုပ်တွင် လက်မှတ်ထိုးရသည်၊ စာချုပ်တွင် လိပ်စာ၊ ဇာတိ၊ သေဆုံးလျှင် ပိုင်ဆိုင်မှု လက်ခံမည့်သူအမည် စသည့် အချက်များပါဝင်သည်ဟု ကိုဖြိုးက ပြောသည်။
“ကျွန်တော်ကတော့ သူတို့မေးတာ ဖြေလိုက်တယ်ပေါ့၊ ပညာအရည်အချင်းဘယ်လောက်ရှိသလဲတို့၊ ဘာတို့ မေးတာပေါ့၊ လက်မှတ်လည်းထိုးရတယ်၊ လက်ဗွေလည်း နှိပ်ရတယ်၊ မျက်လုံးစကန်လည်း ဖတ်ရတယ်” ဟု ကိုဖြိုးက ဆိုသည်။
စစ်သားသစ်များထဲတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ စုဆောင်း ပေးပို့လိုက်သူများ၊ စိတ်ကျန်းမာရေးမကောင်းသူများ ပါဝင်သလို အမှုရင်ဆိုင်နေရသူများ၊ မသင်္ကာမှုတစ်ခုခုဖြင့် ဖမ်းခံရသူများလည်း ပါဝင်ကြောင်း ကိုဖြိုးက ဆိုသည်။
“ဥပဒေ ချိုးဖောက်ထားတဲ့သူတွေ၊ တရားလည်း မစွဲဘူး၊ ထောင်လည်း မချဘူး၊ ရွေးခိုင်းတယ်လို့တော့ ပြောတယ်ဗျ။ နင်တို့ ထောင်ကျခံမလား ၊ စစ်သားလုပ်မလားပေါ့။ ဘယ်သူမဆို စစ်သားလုပ်ကြတယ်” ဟု ၎င်းက ဆိုသည်။
“ညအချိန်မတော် သူတို့သတ်မှတ်ထားတဲ့ အချိန်ကျော်ပြီး လမ်းမှာတွေ့တဲ့သူတွေ၊ သူတို့ကို ဖမ်းပြီးတော့ စစ်တပ်ထဲပို့ထားတာပေါ့။ မိဘတွေကို အာမခံနဲ့ လာမရွေးခိုင်းဘဲနဲ့ စစ်သားပဲ အတင်းအကြပ်လုပ်ခိုင်းတယ်”
မြိတ်တွင် ၁၅ ရက်နေထိုင်ရပြီးနောက် စစ်သားသစ်အဖြစ် စုဆောင်းထားသူ ၂၅၀ ကို မြိတ်မြို့မြောက်ဘက် ပုလောမြို့နယ်၊ ပလောက်မြို့သို့ ခေါ်သွားသည်။
ပလောက်ရှိ အမှတ် (၁၂) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းတွင် စစ်သင်တန်းပေးမည် ဖြစ်သည်။
မြိတ်မြို့မှ ပုလောမြို့နယ်သို့ ပင်လယ်ပြင်ခရီးမှာ ကိုဖြိုးအပါအဝင် လူငယ် အများအပြားအတွက် လွတ်မြောက်ရေးခရီး ဖြစ်လာလေသည်။
လှေကိုအပိုင်စီးခြင်း
စစ်ကောင်စီတပ်သည် စစ်သားသစ်အဖြစ် စုဆောင်းထားသည့် လူ ၂၅၀ ကို စစ်သင်္ဘောဖြင့် ပုလောမြို့နယ်သို့ ပင်လယ်ဘက်မှ တင်ဆောင်လာသည်။
လမ်းတွင်တစ်ညကြာပြီးနောက် ပုလောမြို့နယ်ထဲရှိ ပုလောချောင်းဝဆိုသော နေရာသို့ ရောက်လာသည်။
အဆိုပါနေရာအရောက်တွင် ရေတိမ်လာသဖြင့် စစ်သင်္ဘော ဆက်သွား၍ မရတော့ပေ။
ထိုအခါ စစ်ကောင်စီတပ်သည် လူသစ်စုဆောင်းထားသူများကို ငါးဖမ်းစက်လှေများသို့ ပြောင်းရွှေ့လိုက်သည်၊ ပထမစက်လှေတွင် လက်နက်ကိုင် စစ်သားတစ်ဦးနှင့် လူအယောက် ၄၀ ကို ထည့်ပေးလိုက်သည်။
ကိုဖြိုးအပါအဝင် လူငယ် ၃၀ ကိုမူ ဒုတိယ စက်လှေတွင် ရိုင်ဖယ်သေနတ်ကိုင် စစ်သားနှစ်ဦးနှင့် အတူ ထည့်ပေးလိုက်သည်။ စက်လှေပေါ်တွင် စက်လှေမောင်းသည့် ငါးဖမ်းသမားလေးဦးရှိသည်။
မကြာမီ သိလိုက်ရသည်မှာ စစ်တပ်က ငါးဖမ်းစက်လှေများကို ချောဆွဲလာခြင်းဖြစ်သည်ဟူသောအချက်ပင်။
စစ်သားနှစ်ဦးအနက် အသက်ကြီးသည့် စစ်သားက လှေထိပ်ပိုင်းတွင် ထိုင်ပြီး နောက်တစ်ဦးက လှေနောက်ပိုင်းတွင် ရှိနေသည်။ လူငယ် ၃၀ သည် စက်လှေအတွင်းရှိ နေရာလွတ်များတွင် ဝင်ထိုင်ကြသည်။
စက်လှေပေါ်တွင် စစ်သားနှစ်ဦးက စောင့်ကြည့်နေသော်လည်း နေထိုင်ရသည်မှာ အတော်ပင်လွတ်လပ်ကြောင်း ကိုဖြိုးက ပြောသည်။
လူငယ် ၃၀ သည် အချင်းချင်း စကားပြောကြရာ စစ်မှုမထမ်းချင်ဘဲ ထွက်ပြေးချင်နေသည့်သူများဖြစ်သည်ကို သိလိုက်ရသည်။ ထိုင်းဘက်မှ ပို့ခံရသူများ ပါဝင်သလို မြို့ရွာများတွင် စစ်သားစုဆောင်းခံရသူမျာလည်း ပါဝင်သည်။
“စစ်သားမလုပ်ချင်တဲ့သူတွေချည်းပဲဆိုတော့ ညှိရတာ အဆင်ပြေသွားတယ်။ ကျွန်တော်တို့ အယောက် ၃၀ က အတွဲညီတယ်ပေါ့” ဟု ၎င်းက ဆိုသည်။
အချင်းချင်း တိုးတိတ်စွာ ညှိနှိုင်းကြပြီးနောက် စစ်ကောင်စီတပ်သားနှစ်ဦးထံမှ ရိုင်ဖယ် သေနတ်ကို လုမည်၊ သူတို့ကို မသတ်ဘဲ ရေထဲခုန်ချခိုင်းကာ လှေကိုအပိုင်စီးကြမည်ဟု ဆုံးဖြတ်လိုက်ကြကြောင်း ကိုဖြိုးက ပြန်ပြောပြသည်။
“အဲဒီမှာ ရုန်းရင်းဆန်ခတ်ဖြစ်တယ်ပေါ့။ ကျွန်တော်တို့ သေနတ်ကို မပစ်ဘူးဗျ။ လုပဲလုတာ။ ထလာတဲ့သူကို ကျွန်တော်တို့ ဝိုင်းထုတယ်ပေါ့။ သေနတ်ဒင်နဲ့သုံးတယ်ဗျ။ ဝိုင်းထုတော့ (အသက်ကြီးတဲ့စစ်သား) အဘိုးကြီးက ပြန်ခုခံတယ်ဗျ။ သူက သေနတ်ကို ပြန်လုတော့ သေနတ်က သူ့လက်ထဲရောက်သွားတယ်” ဟု ကိုဖြိုးက ပြောသည်။
ထိုအခါတွင် သေနတ်ကျည်ထွက်သွားပြီး လူငယ်တစ်ဦးကို ထိသွားသည်။ ယင်းနောက် ကျန်လူငယ်များသည် စစ်ကောင်စီတပ်သားနှစ်ဦးကို လှေပေါ်တွင် ရှိနှင့်ပြီးဖြစ်သော ဓား၊ ပုဆိန် စသည့် လက်နက်အချို့နှင့် ဝိုင်းဝန်း ထိုးခုတ်ကြသည်။
အသက်ကြီးသည့် စစ်သားသည် လှေပေါ်တွင် သေဆုံးသွားပြီး ကျန်စစ်သားသည် လှေပေါ်မှ ခုန်ဆင်းသွားကြောင်း ကိုဖြိုးက ပြောပြသည်။
“သူ့ဟာသူ ရေထဲလှိမ့်ချလိုက်တာ။ သတိရှိသေးတယ်။ အောက်ရောက်တော့ သူကံဆိုးတာလားတော့ မသိဘူး။ လှေပန်ကာနဲ့ထိပြီး မြုပ်သွားတယ်။ ပြန်မပေါ်လာတော့ဘူး” ၎င်းက ဟုဆိုသည်။
ထို့နောက် သူတို့၏ တောင်းဆိုချက်အရ စက်လှေသမားတို့က စစ်ကောင်စီတပ်သားများနှင့် ဝေးမည့်နေရာတစ်ခုသို့ ပို့ပေးလိုက်ကြသည်။
လွတ်မြောက်ရေး ခရီးကြမ်း
ဘေးကင်းသည့်နေရာသို့ သူတို့ရောက်သွားသော်လည်း ထိုနေရာသည် ရွှံထူထပ်သည့် ကမ်းခြေ ဖြစ်နေသည်။
ပေါင်ရင်းအထိ နစ်မြုပ်သည့် ရွှံပြင်ကိုနှစ်နာရီခန့်ဖြတ်သန်းခဲ့ရကြောင်း ကိုဖြိုးက ပြောပြသည်။
ကျည်ထိထားသည့် လူငယ်မှာ စက်လှေပေါ်တွင် နေခဲ့ပြီး လူငယ် ၂၉ ဦးသာ ကုန်းမြေပေါ်သို့ရောက်ကြောင်း သိရသည်။
လူငယ်များသည် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ဖြတ်သန်းလာခြင်းဖြစ်ပြီး စားစရာနှင့် ရေပင် မပါပေ။ ရိုင်ဖယ်သေနတ်နှစ်လက်ကိုမူ အရေးကြုံပါက ခုခံနိုင်ရန် ယူဆောင်လာသည်။
“အဲဒီအချိန်က မိုးတော့ နဲနဲရွာနေတယ်ပေါ့။ ရွှံ့ပြင်မှာ ပက်လက်အိပ်ပြီးတော့ မိုးစက်လေးတွေခံသောက်တယ်ပေါ့၊ ပြီးတော့ ဆက်သွားတယ်ပေါ့။ ဒီကောင်တွေလက်ထဲက လွတ်ရင်ရပြီပေါ့၊ ခဏပဲပင်ပန်းမှာပေါ့၊ အဲဒီလိုတွေးပြီးသွားတယ်” ဟု ဆိုသည်။
ရွှံပြင်ကို ဖြတ်သန်းနေရသည့် ကာလသည် စိတ်လှုပ်ရှားရဆုံးအချိန်ဖြစ်ပြီး စစ်ကောင်စီ၏ စစ်သင်္ဘောက မြင်သွားမည်ကို အထူးစိုးရိမ်ခဲ့ရကြောင်း ကိုဖြိုးက ပြန်ပြောပြသည်။
“နောက်ကနေ သင်္ဘောက လာပစ်သွားရင် အားလုံးသေမှာဆိုတော့လေ။ မလာပါစေနဲ့ ဆုတောင်းတယ်။ ပင်ပန်းလည်း ရွာထဲရောက်မှ အဆင်ပြေမယ်ဆိုတဲ့ စိတ်နဲ့သွားကြတယ်။ ခံစားချက်က ကြောက်တဲ့ စိတ်ရှိပေမယ့် လွတ်မြောက်ချင်စိတ်က ပိုများတယ်” ဟု ဆိုသည်။
ရွှံ့ပြင်ကို ဖြတ်သန်းပြီးနောက် လူငယ်များသည် ဓနိတောကို ဆက်လက်ဖြတ်ကျော်ကြရသည်။ လမ်းတွင် ခြေသလုံး ကြွက်သား ကြွက်တက်သူများရှိပြီး လူငယ်အများစု၏ ခြေထောက်တွင် သစ်ကိုင်းများ ခြစ်မိသည့် ဒဏ်ရာများ ရထားကြသည်။
လမ်းတွင် အခြား လူငယ်နှစ်ဦးသည် သီးခြားထွက်သွားကြသဖြင့် လူငယ် ၂၇ ဦးသာ အတူတကွဆက်လက် ထွက်ပြေးလာကြကြောင်း ကိုဖြိုးက ပြန်ပြောပြသည်။
အတန်ကြာသွားပြီးနောက် ရွာတစ်ရွာသို့ ရောက်သည်။
လူငယ်များသည် ရွာထဲမဝင်ရဲသဖြင့် ရွာပြင်ရှိ သင်္ချိုင်းကုန်းတွင်သာ စုနေကြပြီး ရွာတွင်းအခြေအနေကို အကဲခတ်ကြသည်။ ထို့နောက် အရဲစွန့်၍ လူငယ်အချို့သည် ရွာထဲသို့ဝင်ကာ အိမ်တစ်အိမ်သို့ဝင်၍ တော်လှန်ရေးတပ်ဖွဲ့များ ရှိရာကို လမ်းညွှန်ပေးရန် မေးမြန်းသည်။
ထိုအခါ အိမ်ပိုင်ရှင်က ရှေ့ကိုဆက်သွားရန် ပြောပြီး အိမ်တန်းတစ်ခုသို့ရောက်သည့် အခါ ထမ်မံမေးမြန်းရန် လူငယ်အချို့ကို ပြောလိုက်သည်။
လူငယ် ၂၇ ဦးလည်း ဆက်သွားကြပြီး အိမ်တန်းတစ်ခုအရောက်တွင် ထပ်မံမေးမြန်းရာ ဒေသကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးနှင့် ဆုံမိသည်ဟု ကိုဖြိုးက ဆိုသည်။
“အဲဒီမှာတစ်ယောက်ရှိနေတယ်၊ လူကြီးအသက်ကြီးပိုင်းပဲ။ သူကတော့ ပြောတယ်။ နင်တို့လာတာမှန်သွားတယ်ပေါ့။ ငါတို့က ကာကွယ်ရေးတပ်ဖွဲ့တွေပေါ့။ စစ်တပ်ကို တော်လှန်နေတဲ့သူတွေပေါ့။ သူတို့က ခေါ်ထားတယ်” ဟု ဆိုသည်။
လူငယ်များလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟု ဆိုသူကို အကဲခတ်ရာ တတောင့်ထိုး ကိုးလုံးကျည်ထည့်ပစ်ရသည့် သေနတ်ကိုင်ထားပြီး စကားပြောပုံကလည်း စစ်ကောင်စီတပ်သားများကဲ့သို့မဟုတ်ဘဲ ယဉ်ကျေးသဖြင့် ယုံကြည်သွားကြသည်။
လူငယ် ၂၇ ဦးအတွက် အဝတ်အထည်များ စီစဉ်ပေးသည်၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်၏ မိခင် အသက် ၈၀ ကျော် အဘွားအိုက သူတို့အတွက် ထမင်းချက်ပေးသည်၊ ထို့နောက် သူတို့အားလုံး တောတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့၏ စခန်း ရောက်သွားကြသည်။
နောက်ပိုင်းတွင် သူတို့သတင်းကို ကြားသိသော ကရင်အမျိုးသားအစည်းအရုံး (KNU) လက်နက်ကိုင်များ ရောက်လာပြီး သူတို့ကို လာရောက်ခေါ်ယူသည်။
စစ်ကောင်စီ စစ်ကောင်စီပြောရေးဆိုခွင့် ရှိသူကမူ KNU က စက်လှေကို တိုက်ခိုက်ပြီး လူငယ်များကို ဖမ်းသွားခြင်း ဖြစ်သည်ဟု ပြောဆိုကြောင်း BBC သတင်းဌာန သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်သားအဖြစ်မှ တော်လှန်ရေးတပ်သားအဖြစ်သို့
KNU တပ်မဟာ ၄ တာဝန်ရှိသူများက လူငယ်များ နေရပ်ပြန်လိုလျှင် ပြန်နိုင်ရန် စီစဉ်ပေးမည်ဟု ပြောကြောင်း ကိုဖြိုးက ရှင်းပြသည်။
“တကယ်လို့ တော်လှန်ရေးလုပ်မယ်ဆိုရင် ဘယ်အဖွဲ့အစည်းထဲမှာ နေချင်လဲပေါ့၊ သူတို့ ပို့ပေးမယ်ပေါ့၊ KNU မှာ လုပ်ရမယ်တော့ မဟုတ်ဘူးပေါ့၊ အားလုံးကတော့ အတူတူပဲပေါ့။ အဲဒါ အိမ်ပြန်တဲ့သူလည်းရှိတယ်။ ထိုင်းကိုသွားကြတဲ့သူလည်းရှိတယ်။ ကျန်ခဲ့တာကတော့ ကျွန်တော်တို့ အယောက် ၂၀ လောက်ရှိပါတယ်” ဟု သူက ဆိုသည်။
ကျန်ခဲ့သည့် သူများသည် တော်လှန်ရေးတွင် ပါဝင်ရန်ဆုံးဖြတ်ထားကြသူများဖြစ်ကြောင်း ကိုဖြိုးကပြောသည်။
“အိမ်ပြန်တဲ့အခါ မတော်လို့ ပြန်ဖမ်းမိရင် သူတို့က သတ်မှာပဲလေ။ မလွတ်လပ်ဘူး။ တကယ်လို့ ထိုင်းကိုပြန်သွားရင်လည်း ထိုင်းရဲတွေက ဖမ်းတဲ့အခါကျရင် သူတို့ဆီပဲ ပြန်ရောက်မှာပဲလေ။ ကျွန်တော်တို့ သွားစရာမရှိဘူးပေါ့” ဟု ကိုဖြိုးက ဆိုသည်။
ကံတရားသည် သူ့ကို တော်လှန်ရေးထဲပါဝင်စေရန် ပို့ဆောင်ပေးလိုက်သည်ဟု ယူဆမိကြောင်း ကိုဖြိုးက ပြောသည်။
ထိုင်းနိုင်ငံတွင် ရောက်စဉ်က တော်လှန်ရေးအဖွဲ့များကို ငွေကြေးထောက်ပံ့ကူညီပေးခဲ့ဖူးသည်၊
လက်ရှိတွင်မူ တော်လှန်ရေးနယ်မြေသို့ လူကိုယ်တိုင်ရောက်လာပြီဖြစ်သဖြင့် လွတ်လပ်မှုရရန် အာဏာသိမ်းတပ်ကို ဆက်လက်တော်လှန် တိုက်ခိုက်သွားမည်ဟု ဆုံးဖြတ်ထားကြောင်း ကိုဖြိုးက ပြောသည်။
“ကျွန်တော်တို့လိုမျိုး မတော်တဆ ထိန်းသိမ်းခံရပြီး သူတို့ထဲရောက်သွားရင်လည်း မကြောက်နဲ့ပေါ့။ သူတို့ကို ကြောက်စရာလည်း မလိုဘူး။ ကိုယ့်မှာ ဦးနှောက်ရှိတယ်။ တော်လှန်ဖို့ တွေးရမယ်” ဟု ကိုဖြိုးက ပြောလိုက်သည်။