ylliX - Online Advertising Network
ကန့်ဘလူတွင် စစ်တပ်က ဒေသခံ ၃၇ ဦးကို ဖမ်းပြီး အိမ် ၄၀၀ ခန့်ကို မီးရှို့  - Myanmar Now

ကန့်ဘလူတွင် စစ်တပ်က ဒေသခံ ၃၇ ဦးကို ဖမ်းပြီး အိမ် ၄၀၀ ခန့်ကို မီးရှို့  – Myanmar Now


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရွာများကို  လိုက်လံမီးရှို့နေသည့် စစ်ကောင်စီစစ်ကြောင်းက ဒေသခံ ၃၇ ဦးကို ဖမ်းထားပြီး  ယနေ့  (နိုဝင်ဘာ ၁) တွင်လည်း  ကျေးရွာတစ်ရွာကို မီးရှို့နေကြောင်း ဒေသခံများထံက သိရသည်။ 

ထိုလက်နက်ကိုင် အင်အား ၁၅၀ ခန့်မှာ အောက်တိုဘာ ၃၀ ရက်နေ့က ကန့်ဘလူမြို့ အမှတ် (၆၀၀၆) တင့်ကားတပ်မှ ကား ၃ စီးဖြင့် ထွက်လာခြင်းဖြစ်ပြီး  စစ်သားများ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများ ပါဝင်သည်၊  မြို့တောင်ဘက် ကာဘိုးကျေးရွာမှ တဆင့် ထိုရွာအရှေ့ဘက် ကပ်လျက်ရှိ အိုင်ပေါင်းချောင်ရွာ၊  ကျီစုရွာတို့ကို  စီးနင်းခဲ့ခြင်းဖြစ်သည်။ 

အိုင်ပေါင်းချောင်ရွာသို့ ရောက်စဉ် ဘုန်းကြီးကျောင်းတွင်  ခိုလှုံနေသည့် ရွာခံများအနက် လူငယ်နှင့် လူလတ်ပိုင်း အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၃ ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။ 

“ဘုန်းကြီးကျောင်းထဲမှာ စစ်ရှောင်တွေရှိမှန်းသိတော့ ပြည်သူတွေကို ငုတ်တုတ်ထိုင်ခိုင်းပြီးတော့၊ သူတို့ လိုချင်တဲ့သူကို ရွေးထုတ်ပြီးတော့ PDF တွေနဲ့ ဆက်နွယ်မှုရှိတယ်ဆိုပြီး ဖမ်းသွားတာပါပဲ”ဟု ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ ဖြစ်သည့်  People’s Defense Comrade မှ ကိုထူးခန့်ဇော်က ပြောသည်။ 

ထိုသူများမှာ လက်လုပ်လက်စား အရပ်သားများသာ ဖြစ်ကြောင်း၊  ကန့်ဘလူမြို့အမှတ် (၆၀၀၆) တင့်ကားတပ်သို့ ခေါ်သွားခံရပြီး   မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း ကိုထူးခန့်ဇော်က ပြောသည်။ 

ဖမ်းဆီးခံထားရသူများမှာ အိုင်ပေါင်းချောင်ရွာခံများဖြစ်သည့် ကိုမျိုး၊ ကိုချစ်ပို၊ ကိုလူပျို၊ ကိုရဲအောင်၊ ကိုထွေးအောင်ကျော်၊ ကိုငယ်လေး၊ ကိုဝါဆို၊ ကိုမောင်ခိုင်၊ ကိုအောင်ဇော်ဦး၊ ကိုရွှေထူး၊ ကိုချက်ဖောင်း၊ ကိုဝင်းထက်အောင်၊ ကိုကျော်ရဲနိုင်၊ ကိုဝင်းထွန်း၊ ကိုထိုင်ဝမ်၊ ကိုရဲထက်ဦး၊ ကိုကျော်စိုးဦး၊ ကိုစည်သူနိုင်၊ ကိုမျောက်ကြီး၊  ကိုသိန်းချို၊ ကိုနိုင်လင်းအောင်၊ ကိုကျော်သူဟိန်း၊ ကိုမဲခိုင်၊ ကိုဖြိုးလွင်၊ ကိုအောင်ကံဦး၊ ကိုရဲကိုဝင်း၊ ကိုမြင့်မြတ်ဟိန်း၊ ကိုချက်ကြီး၊ ကိုမောင်ဇော်၊ ကိုရန်ကျော်ဦး၊ ကိုအောင်ဆန်းထွန်း၊ ကိုမြင့်မြတ်စံ၊ ကိုနေလှ၊ အမည်အတည်ပြုနေဆဲ အမျိုးသားတစ်ဦး၊ ဒေါ်ပူစူး၊ မဇင်ဝေခိုင်နှင့်  မဇင်မာလင်းတို့ ဖြစ်သည်။ 

ယနေ့ နံနက်တွင်လည်း ကာဘိုးရွာအရှေ့ဘက် အိမ်ခြေ ၁၃၀ ကျော်ရှိ ဝက်တိုး (တောင်) ရွာကို  အဆိုပါ စစ်ကြောင်းက မီးရှို့နေရာ နေအိမ် ဆယ်ချီ ပျက်စီးသည်ဟု သိရသည်။ 

ဒရုန်းသုံးသည့် စစ်ကောင်စီတပ်

ထိုစစ်ကြောင်းသည် အိုင်ပေါင်းချောင်ရွာမဝင်မီ အနီးရှိ ကျီစု၊ ကျောက်တိုင်ရွာတို့ကို ဒရုန်းဖြင့် တိုက်ခိုက် ပြီးမှ မြေပြင်စစ်ကြောင်းက ဝင်ရောက်စီးနင်း၍ ရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။ 

ယခုနှစ်ဆန်းက တွေ့ရသော စစ်တပ်၏ တိုက်ခိုက်ရေးဒရုန်းတစ်ခု။ (ဓာတ်ပုံ – PCT News)

ကန့်ဘလူ၊ ရေဦးနှင့် ခင်ဦး သုံးမြို့နယ်ဆုံရာတွင် တည်ရှိသော ကျီစုနှင့်ကျောက်တိုင်ရွာမှာ ပြီးခဲ့သည့်နှစ်များကတည်းက မီးရှို့ခံထားရသည်။ 

ဒရုန်းဖြင့် တိုက်ခိုက်မှုအတွင်း အိမ်ခြေ ၅၀၀ ခန့်ရှိသည့် ကျောက်တိုင်ရွာမှာ အိမ်ခြေ ၂၅၀ နီးပါး ပြာကျခဲ့ပြီး ရွာမြောက်ဘက်ရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းဆောင်တစ်ခုလည်း ပျက်စီးသွားကြောင်း သိရသည်။ 

ထို့ပြင် ကျီစုရွာကိုလည်း မီးတင်ရှို့ခဲ့ရာ အိမ်ခြေ ၁၆၀ နီးပါး ပျက်စီးခဲ့ရကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးအဖွဲ့များထံက သိရသည်။ 



ရွာတောင်ဘက်နှင့် မြောက်ဘက်ရှိ ဘုန်းကြီးကျောင်း နှစ်ကျောင်းလည်း မီးရှို့ခံရသည်ဟု ကာဘိုးတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

“ကျီစုက မြောက်ကျောင်းက ခေတ်ကာလကောင်းစဉ်တုန်းက ရိပ်သာဆိုတော့ အဆောက်အဦများတယ်။ ဆွမ်းစားကျောင်းဆောင်ပဲ ကျန်တော့တယ်။ ကျန်တဲ့အဆောင်တွေ အကုန်မီးရှို့ဖျက်ဆီးသွားတယ်။ ကျီစု တောင်ကျောင်းကြတော့ ဆွမ်းစားကျောင်းဆောင်နဲ့ ဓမ္မာရုံနဲ့ မီးရှို့ဖျက်ဆီးသွားတယ်” ဟု သူက ပြောသည်။

အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အတူယှဉ်တွဲနေထိုင်ရာ ရွာကြီးဖြစ်သည့် ကျီစုရွာသည် တတိယအကြိမ် မီးရှို့ခံရခြင်း ဖြစ်သည်ဟု ကိုထူးခန့်ဇော်က ပြောသည်။  

“သုံးကြိမ်မြောက်ရှို့ခြင်းပဲဖြစ်တယ်။ တောင်ကျောင်း၊ မြောက် ကျောင်း နှစ်ကျောင်းလုံး မီးရှို့ ဖျက်ဆီးသွားတယ်။ ဘာမှ ရစရာမရှိတော့ဘူး။ ဘုရားစေတီ ပုထိုးတွေလည်း ဒရုန်းနဲ့ ချထားတဲ့အတွက် ထိခိုက်ပျက်စီးတာတွေရှိတယ်”ဟု ဆိုသည်။ 

ထိုစစ်ကြောင်းသည် အောက်တိုဘာ ၃၀ ရက်မှာပင် ကန့်ဘလူတောင်ပိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မူးမြစ်ကမ်းတဝိုက်ရွာများဖြစ်သည် ရေဦးမြို့နယ်၊ ပင်စိမ်းခင်းရွာနှင့် ခင်ဦးမြို့နယ်၊ မုံလှရွာကိုလည်း ဒရုန်းအသုံးပြု  တိုက်ခိုက်ခဲ့သေးသည်။ 

ကာဘိုးရွာကို စစ်ကြောင်း ဝင်စဉ်ကပင် မုံလှနှင့် ပင်စိမ်းခင်းရွာခံများမှာ ကြိုတင်ရွှေ့ပြောင်းထားပြီး ဖြစ်သဖြင့် တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ဆိုကြသည်။  
ထိုစစ်ကြောင်းသည် ကက်သလစ် သာသနာပိုင်ဘုန်းတော်ကြီး ကာဒီနယ် ချားစ်မောင်ဘို၏ ဇာတိဖြစ်သော မုံလှရွာမှ စိန့်မိုက်ကယ် ဘုရားကျောင်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ခေါင်းလောင်းစင်နှင့် ပင်မ ဝတ်ပြုဆောင် အမိုးမျက်နှာကျက် ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ကက်သလစ် သာသနာပိုင်ဘုန်းတော်ကြီး ကာဒီနယ် ချားစ်မောင်ဘို၏ ဇာတိ မုံလှရွာရှိ စိန့်မိုက်ကယ် ဘုရားကျောင်းအပျက်အစီးများ။ (ဓာတ်ပုံ-ပေးပို့)

တော်လှန်ရေးအင်အားစု စုဝေးမှုလုပ်နိုင်သည် ဟူသော ယူဆချက်ဖြင့် စစ်တပ်က ဘာသာရေး အဆောက်အဦများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်နိုင်သည်၊  ၎င်းတို့က ထိုနေရာများကို စစ်ရေးအတွက် အသုံးပြုခြင်းမရှိဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။ 

မြို့နယ်အတွင်း စစ်ကြောင်းထိုး၊ မီးရှို့မှုအခြေအနေနှင့် ပတ်သက်ပြီး စစ်တပ်ကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်တပ်၏ ပြီးခဲ့သည့် ၇ ရက် သတင်းထုတ်ပြန်ချက်များတွင် ကန့်ဘလူမြို့နယ်အကြောင်း မပါဝင်ပေ။

ယခင်က အရပ်သားများကို ရန်ပြုမှုများနှင့် ပတ်သက်ပြီး စစ်တပ်က ရံဖန်ရံခါ သတင်းထုတ်ပြန်ရာတွင် ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားတတ်သည်။

ကန့်ဘလူ၊ ခင်ဦး၊ ရေဦး သုံးမြို့နယ်ဆုံရာ မူးမြစ်အနီး ကျေးရွာများကို ပစ်မှတ်ထားပြီး စစ်တပ်က ဒရုန်းဖြင့် ဆက်တိုက် တိုက်ခိုက်နေရာ မုံလှရွာကို ယခုရက်ပိုင်းတွင်း သုံးကြိမ်မြောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ 

ဧရာဝတီမြစ်နှင့်မူးမြစ်ကမ်းကြား ကန့်ဘလူမြို့နယ်သည် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး တော်လှန်ရေးအင်အားစုများအပြင် ပျူစောထီးများပါ အလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားနေသည်။  

စစ်ကိုင်းတိုင်းအတွင်း ပျူစောထီး အားအကောင်းဆုံးဒေသဖြစ်သည့် ကန့်ဘလူမြို့နယ်တွင်  စစ်တပ် ထောက်ခံအားပေးသည့် ဘုန်းကြီး ဦးဝါသဝ  ဦးဆောင်သည့် ပျူစောထီးများက  ကျေးရွာပေါင်း ၄၀ ကျော်တွင် အခိုင်အမာ အထိုင်ချတပ်စွဲထားသည်။ 

အောက်တိုဘာ တတိယပတ်ကလည်း လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် အင်အား ၅၀၀ နီးပါးခန့် ရှိသည့်  ပျူစောထီးများ ကန့်ဘလူမြို့တွင်း ချီတက် အင်အားပြခဲ့ သည်။ 

စစ်ကောင်စီတပ်ဖွဲ့သည် ကန့်ဘလူမြို့နယ်တွင် ဒရုန်းအသုံးပြုတိုက်ခိုက်မှုများ ခပ်စိတ်စိတ် အသုံးပြုလာပြီး အရပ်သားထိခိုက်သေဆုံးမှုများပြားလာကြောင်း ကန့်ဘလူဒေသခံများထံက သိရသည်။

“ (ဒရုန်းတပ်ဖွဲ့က) သူတို့နယ်မြေထဲကားနဲ့ပတ်သွားပြီးတော့ ရှေ့တွေ တအားတိုးတာမဟုတ်ဘဲနဲ့ ဒရုန်းနဲ့ လိုက်ပြီး စစ်ဆင်ရေးလုပ်တဲ့ ပုံစံဖြစ်နေတာ”ဟု ကန့်ဘလူမြို့နယ် ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ခြောက်လက် ဒရုန်းအမျိုးစားများကို အများဆုံးအသုံးပြုပြီး ၆၀ မမ ဗုံးသီး နှစ်လုံးထိ သယ်ဆောင် ပျံသန်းကာ တိုက်ခိုက်လေ့ရှိသည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။ 

အောက်တိုဘာ ၁၂ ရက်နေ့ကလည်း အင်းလယ်ကြီးရွာကို ဒရုန်းနှစ်စီးဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ မိခင်၊  သမီး  ၂ ဦးတို့ သေဆုံးခဲ့ပြီး စက်တင်ဘာလက မှန်နီပင်ရွာကို ဒရုန်းတိုက်ခိုက်မှုကြောင့် အသက် ၅ နှစ် အရွယ် ကလေးငယ်အပါအဝင် အမျိုးသမီး ၄ ဦး သေဆုံးခဲ့သည်။ 
ပြီးခဲ့သည့်နှစ် ဧပြီလကလည်း ထိုမြို့နယ်အတွင်း  ပဇီကြီးရွာကို လေတပ်က ဗုံးကြဲရာ ဒေသခံ တစ်ရာကျော် ပွဲချင်းပြီး သေဆုံးထားသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *