ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော်(AA)က အရှိန်အဟုန် မြှင့် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကလည်း လေကြောင်းဖြင့် အပြင်းအထန်ခုခံနေရာ အမ်းမြို့ကျလျှင် စစ်ကောင်စီ စစ်ရေး၊ နိုင်ငံရေး ဘက်စုံဆုံးရှုံးမည်ဟု လေ့လာသူတို့က ပြောသည်။
AA သည် အမ်းမြို့တွင် စစ်စခန်း ငါးခုထက်မနည်းကို သိမ်းပိုက်ရရှိထားပြီး အမ်းမြို့ဟောင်းကို ထိန်းချုပ် ထားသည်ဟု သတင်းများထွက်နေသော်လည်း မြို့ဟောင်းအနီး လေယာဉ်ကွင်းဝန်းကျင်၌ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။
လက်ရှိတွင် အမှတ် ၃၇၄ အမြောက်တပ်၊ စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် (COD)နှင့် လေယာဉ် ကွင်းအနီး တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း တိုက်ခိုက်နေသည်ဟု ဒေသခံတစ်ဦး က ပြောသည်။
“တိုက်ပွဲက အားလုံးဘက်မှာဖြစ်နေတယ်။ ဟိုဘက်က ဖြစ်လိုက်၊ ဒီဘက်ကဖြစ်လိုက် ဘယ်နေရာက ငြိမ်နေတယ်မရှိဘူး” ဟု ၎င်းက ဆိုသည်။
အရပ်လေးမျက်နှာ၌ တောင်စွယ်၊ တောင်ကုန်းတို့ရှိနေသော အမ်းမြို့၊ တိုင်းစစ်ဌာနချုပ်စခန်းတို့ကို သိမ်းပိုက်နိုင်ရေးအတွက် AA တပ်က ပိတ်ဆို့ထားပြီးဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့တို့နှင့် နီးစပ်သည့် အမ်းဒေသခံတစ်ဦးက ပြောသည်။
“အမ်းဟာ ရခိုင်ပြည်မှာ စစ်အင်အားအများဆုံးမြို့။ အဲဒီလိုမြို့ကို ဝိုင်းရံပြီးတော့ အဆင့်ဆင့် ကာပြီး တော့ တိုက်နေတယ်ဆိုကတည်းက သာလွန်တဲ့အင်အားကိုသုံးပြီးတော့ တိုက်နေတယ်လို့ ပြောလို့ ရမယ်” ဟု ၎င်းက ဆိုသည်။
အမ်းမြို့သိမ်းတိုက်ပွဲတွင် AA ဘက်မှ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ ပြည်သူ့လွတ်လပ်ရေး တပ်တော် (PIA) တို့ ပါဝင်တိုက်ခိုက်နေသည်ဟု သိရသည်။
AA နှင့် မဟာမိတ်တို့သည် အမ်း-မအီကားလမ်း၊အမ်း-တပ်တောင်လမ်း၊ အမ်း-စစ်တွေလမ်း၊ အမ်း -ပဒါန်းလမ်းတို့ကို ဖြတ်တောက်ပိတ်ဆို့ထားသဖြင့် စစ်ကောင်စီအတွက် ကုန်းလမ်းမှ စစ်ကူပို့ရန် အခက်အခဲရှိသည်။
သို့သော် စစ်ကောင်စီသည် လူအင်အား ၁၀၀ ခန့်ပါဝင်သော စစ်ကား ၁၀ စီးသည် မကွေးမြို့မှတဆင့် အမ်း-ပဒါန်းလမ်းအတိုင်း အမ်းမြို့ဘက် အောက်တိုဘာ ၂၉ က ထွက်ခွာသွားသည်ဟု သိရသည်။
ထိုသို့ စစ်ကူပို့နေခြင်းသည် မကြာသေးမီက ကရင်ပြည်နယ်အတွင်း မြဝတီမြို့သို့ စစ်ကူပို့ရန် အောင်ဇေယျစစ်ဆင်ရေး အမည်တပ်ပြီး ဒေါနတောင်ကို ကျော်ရန် ကြိုးပမ်းသည့် ဖြစ်ရပ်နှင့် ဆင်တူနေသည်ဟု AA နှင့် နီးစပ်သော စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သုံးသပ်သည်။
ထိုလမ်းပိုင်းတလျှောက်ကို တော်လှန်ရေးတပ်ဖွဲ့များ ဖြတ်တောက်ပိတ်ဆို့ထားသောကြောင့် ထိုစစ်ကူ များသည် ရခိုင်ရိုးမတောင်တန်းကိုဖြတ်ကျော်ပြီး အမ်းမြို့သို့လာရောက်ရန်အလွန်ခက်ခဲမည်ဟု ၎င်းက ဆက်ပြောသည်။
“ရိုးတောင်ကိုကျော်ပြီး အဲဒီကားတွေရောက်ပါ့မလား။ ကားအစီး ၃၀၀၊ ၄၀၀ နဲ့သွားတဲ့ အောင်ဇေယျ စစ်ကြောင်းတောင်မှာ ဒေါနတောင်ကို မကျော်နိုင်တာမှာ ရိုးတောင်ကို ဘယ်ကျော်လာလို့ရမလဲ “ဟု ၎င်းက ဆိုသည်။
ရေကြောင်းဖြင့် စစ်ကူပို့ရန်မှာလည်း ကျဥ်းမြောင်းသည့် အမ်းချောင်းအတွင်း သင်္ဘော ဝင်ထွက်သွားလာ၍ မရနိုင်ပေ။
ထိုအခြေအနေတွင် စစ်ကောင်စီသည် မြို့ကိုရေဖြန့်ဝေပေးနေသော ရေလှောင်တာတမံအနီးရှိ အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံ တပ်ခွဲသို့ အောက်တိုဘာ ၂၈ ရက်နေ့က ရဟတ်ယာဥ်များဖြင့် စစ်ကူပို့သည် ဟု အထက်ပါ တော်လှန်ရေးတပ်ဖွဲ့တို့နှင့်နီးစပ်သည့် အမ်းဒေသခံက ပြောသည်။
“ရဟတ်ယာဥ်နဲ့လာပြီးတော့ စစ်လက်နက်ခဲယမ်းတွေ၊ ရိက္ခာတွေ၊စစ်အင်အားတွေပို့ပေးခဲ့တယ် “ဟု ၎င်းက ဆိုသည်။
AA နှင့်စစ်ကောင်စီတပ်တို့သည် အမ်းမြို့နယ်အတွင်း ဇန်နဝါရီလမှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ရေးအရအရေးပါသော တောဟိန်းတောင်ဗျူဟာကုန်းကို ဇွန်လတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ ပြီးနောက် အမ်းတိုက်ပွဲ ရပ်တန့်သွားခဲ့သည်။
ထို့နောက် မဲတောင်ဗျူဟာကုန်းစခန်းသိမ်းပွဲမှစတင်၍ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလာခြင်း ဖြစ်သည်။
စစ်ကောင်စီအတွက်အရေးပါသော အမ်းမြို့
စစ်တိုင်း ၁၄ ခုရှိသည့်အနက် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို မကြာသေးခင်က စစ်ကောင်စီလက်လွှတ်ထားရပြီး ယခုအခါ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုပါ လက်လွှတ်ရခါနီးနေ ပြီဟု ဒေသခံများက ယူဆကြသည်။
ထိုသို့ လက်လွှတ်ရပါကာ စစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ဘက်စုံဆုံးရှုံးနစ်နာမှု ရှိမည် ဟု ရခိုင်စစ်ရေး၊နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
“သူတို့မှာ စစ်ရေးအရပါ နိုင်ငံရေးအရပါ ဂုဏ်သိက္ခာအရပါ အားလုံး တန်ဖိုးကြီးတယ်။ ဘာလို့လဲ ဆိုတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံးရဲ့ဧရိယာကလည်း ပလက်ဝကပင် ဂွအထိတောင် ရှိတယ်ဆိုတော့ မြန်မာနိုင်ငံစစ်တိုင်းထဲမှာ အဓိကကျတဲ့စစ်တိုင်း။ အဲဒီ စစ်တိုင်းကျလို့ရှိရင် ဂုဏ်သိက္ခာ အကြီးအကျယ်ထိခိုက်မယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။
“ပြီးတော့ စီးပွားရေးအရလည်း သူတို့ထိန်းချုပ်ထားတဲ့နေရာ တွေ ဆုံးရှုံးသွားမယ်။ နိုင်ငံရေးအရ လည်း သူတို့မှာ အများကြီးဆုံးရှုံးသွားဖို့ပါ့”
အမ်းမြို့တွင် တရုတ်သို့ တင်ပို့သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားသည်၊ တရုတ်နယ်စပ် အထိ အရှည်ကီလိုမီတာ ၇၀၀ ကျော်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ ၂၀၁၃ ခုနှစ်တည်းက စတင် လည်ပတ်ခဲ့ပြီး တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ နေ့စဉ် တင်ပို့ရောင်းချနေသည်။
ဓာတ်ငွေ့ပိုက်လိုင်းနှင့်အတူ ရေနံပိုက်လိုင်းလည်း ရှိနေရာ အရှေ့အလယ်ပိုင်းမှ သယ်ယူလာသော ရေနံ ကို ထိုပိုက်လိုင်းအတွင်း ဖြတ်သန်းယူဆောင်ခြင်းဖြင့် တရုတ်အတွက် ကောင်းကျိုး များစွာ ရှိမည် ဖြစ်သည်။
ထို့ကြောင့် အမ်းမြို့ကျသွားလျှင် စစ်ကောင်စီကို တရုတ်၏ယုံကြည်မှုလည်းပျက်စီးသွားနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
“ကျောက်ဖြူမှာရှိတဲ့ တရုတ်စီမံကိန်းတွေအားလုံး ပိုက်လိုင်းတွေဟာ အမ်းမြို့နယ်က ဖြတ်သန်းနေ တာ။ အမ်းမြို့နယ်ကျသွားရင် သူတို့မှာ တရုတ်စီမံကိန်းတွေနဲ့ပတ်သက်လို့ လုံခြုံရေးပေးနိုင်တဲ့ စွမ်းအားကို မေးခွန်းထုတ်စရာတွေဖြစ်လာမှာပေါ့” ဟု ၎င်းက သုံးသပ်သည်။
“ပြောရမယ်ဆိုရင် သူတို့ဟာ လုံခြုံရေးမပေးနိုင်တဲ့ အဖွဲ့တွေဖြစ်သွားမှာပေါ့။ အဲလိုဆိုရင်တော့ ရင်းနှီး မြုပ်နှံသူတွေဘက်က မေးခွန်း ထုတ်စရာတွေ ရှိတယ်။ စဥ်းစားစရာတွေ အများကြီးရှိလာမှာပေါ့”
အလားတူ အခြားအမ်းဒေသခံတစ်ဦးကလည်း AA အနေဖြင့် အမ်းမြို့ကိုသိမ်းပိုက်ရရှိပါက နိုင်ငံရေး အရ၊ စစ်ရေးအရ အားသာချက်များရှိသည်ဟု ပြောသည်။
“အမ်းဟာ ပြည်မကြီးနဲ့တစ်ခုပဲ ဆက်သွယ်တာမဟုတ်ဘဲ တရုတ်ရင်းနှီးမြုပ်နှံမှုရှိတဲ့ ကျောက်ဖြူ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာမြို့တစ်မြို့လည်းဖြစ်တယ်။ ပြီးတော့ တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်းဟာ အမ်းမြို့ကို ဖြတ်ပြီးသွားလာရမှာကြောင့် တရုတ်နဲ့ဆွေးနွေးတဲ့အခါမှာလည်း AA အတွက် အများကြီး ပြောအား၊ ဆိုအား အားသာချက်တွေ ရှိသွားနိုင်တယ်” ဟု အဆိုပါ ဒေသခံက သုံးသပ်သည်။
“တရုတ်နဲ့ဆွေးနွေးတဲ့အခါ စစ်ကောင်စီအတွက် အားနည်းချက်ရှိလာနိုင်တယ်။ ပိုက်လိုင်း တစ်လျှောက်လုံး၊ ပိုးလမ်းမကြီးတစ်လျှောက်လုံး အမ်းကိုဆုံးရှုံးသွားရရင် စစ်ကောင်စီအတွက် နိုင်ငံရေးအရ၊ စစ်ရေးအရ အများကြီးဆုံးရှုံးသွားနိုင်တယ်”
နိုင်ငံအနှံ့စစ်မျက်နှာဖွင့်ထားရသည့် စစ်တပ်သည် အမ်းမြို့တွင် အကြီးမားဆုံး ခုခံစစ်ပွဲ ဆင်နွှဲနေရ ခြင်း ဖြစ်သော်လည်း ထိုမြို့ရှိ ဖြစ်ရပ်များအကြောင်း သတင်းအမှောင်ချထားသည်။
ပြီးခဲ့သည့် ၁၂ လအတွင်း စစ်တပ်က ထိုမြို့အကြောင်း သတင်းတိုတစ်ပုဒ်သာ ထုတ်ပြန်ထားပြီး ထိုသတင်းမှာလည်း ရခိုင် ၅ မြို့နယ်အတွင်း အရပ်သား ၁၁ ဦး သေဆုံးသည့် ဖြစ်ရပ်မှာ ၎င်းတို့ လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားသည့်သတင်း ဖြစ်သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဟူသောစကားလုံး ပါဝင်သည့် ထုတ်ပြန်ချက်များမှာ ပြီးခဲ့သည့် ၁၂ လအတွင်း ၁၀ ပုဒ်အောက်သာ ရှိခဲ့ပြီး ဘင်ခရာတီးဝိုင်း၊ အားကစား၊ သစ်ပင်စိုက်ခြင်းတို့နှင့် ပတ်သက်သော သတင်းများ ဖြစ်နေသည်။
တိုင်းစစ်ဌာနချုပ်စခန်းကျပါက စစ်ကောင်စီတပ်ဖွဲ့များ ကစဉ့်ကလျားဖြစ်သွားနိုင်သည်ဟု ရခိုင်ဝါရင့် နိုင်ငံရေးသမားဦးဖေသန်းက Myanmar Now ကို ပြောထားသည်။
“အမ်းက စစ်ဌာနချုပ်ဆိုတော့ ချင်းပြည်နယ်တောင်ပိုင်းတို့၊ အရှေ့ပိုင်းတို့ ကို အဲလောက်ထိ နယ်မြေ ကျယ်ပြန့်ပြီး ညွှန်ကြားနေတဲ့ ဌာနချုပ်ပေါ့။ တစ်နည်းပြောရမယ်ဆိုရင် တိုင်းစစ်ဌာနချုပ်တစ်ခုလုံးရဲ့ ဦးခေါင်းပေါ့။ အဲဒီခေါင်း ဖြတ်ခံရပြီဆိုရင်တော့ တစ်ကိုယ်လုံးက မလှုပ်ရှားနိုင်အောင် ဖြစ်သွားမှာပေါ့။ အဲဒါကြောင့် သူတို့လည်း အသည်းအသန် ခုခံနေတာပေါ့” ဟု ၎င်းက ဆိုသည်။
ပြေးရန်မလွယ်၊ဝမ်းရေးခက်နေ
စစ်ကောင်စီတပ်သည် အရပ်သားများ မြို့ပြင်မထွက်နိုင်ရန် ပိတ်ဆို့ထားသောကြောင့် မြို့ခံများမှာ ဘေးလွတ် ရာသို့ မထွက်ပြေးနိုင်ဘဲ တိုက်ပွဲကြားတွင်ပိတ်မိနေကြသည်ဟု ဒေသခံများက ဆိုကြသည်။
ဇွန်လမှစ၍ တောဟိန်းတောင်တိုက်ပွဲစတင်ဖြစ်ပွားကတည်းက အမ်းဒေသခံအများစုမှာ ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်။
အောက်တိုဘာပထမပတ် မဲတောင်တိုက်ပွဲပြင်းထန်လာချိန်တွင် ယင်းတောင်အနီးတဝိုက်မှ ဒေသခံ များ မြို့ထဲသို့ဝင်ပြေးခဲ့သည်၊ စစ်ကောင်စီက ပြန်လည်ထွက်ခွာခွင့်မပြုသဖြင့် အခက်အခဲဖြစ်နေ ကြသည်။
လက်ရှိတွင် စားနပ်ရိက္ခာ ပြတ်လပ်နေသည်ဟု မြို့တွင်းတွင်ပိတ်မိနေသူ တစ်ဦးက ပြောသည်။
“ဆန်မရှိလို့ငတ်နေကြသူတွေလည်းအများကြီးပဲ။ ဆန်ဝယ်လို့လည်းမရဘူး။ မျှဝေစားသောက်နေရ တယ်။ အဲလိုအခြေအနေမှာ ဆန်တစ်ပြည်ကို တစ်သောင်းနှစ်ထောင်၊ အဲလိုရောင်းနေတာလည်း ရှိတယ်။ ပိုက်ဆံရှိတဲ့သူတွေတော့ ဝယ်စားနိုင်ကြတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် မြို့ပေါ်ရပ်ကွက်များတွင် လက်နက်ကြီးများကျရောက်ပေါက်ကွဲသည်၊ ယမန်နေ့က လေယာဥ်ကွင်း ရပ်ကွက်တွင် လက်နက်ကြီးသုံးလုံးကျရောက် ပေါက်ကွဲ၍ လူ ၂၀ ခန့် ဏ်ရာရသွားသည်ဟု ၎င်းက ပြောသည်။
“တစ်ညလုံးမအိပ်ရတာ လေးရက်လောက် ရှိပြီ။ ဆက်တိုက် တိုက်ပွဲဖြစ်နေလို့။ ပထမနေ့ကတော့ ည ၁၂ နာရီ၊ ၁ နာရီဆိုရင် တိတ်ဆိတ်သွားတယ်။ အဲလိုဆိုရင် အိပ်လို့ရတယ်။ ဟိုတစ်ရက်နေ့ကပင် မြို့အစနားကို ကျလိုက်၊ ကိုယ့်ရပ်ကွက်နားကို ကျလိုက်ပေါ့” ဟု ၎င်းက ဆိုသည်။
တိုက်ပွဲကြားတွင်ပိတ်မိနေသောပြည်သူများကို ဘေးလွတ်ရာပြောင်းရွှေ့ခွင့်ပေးသင့်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် စစ်ကောင်စီသည် မြို့တွင်းသွားလာနေကြသူများကို စစ်ဆေးမေးမြန်းသလို တချို့ ကို AA ဆက်စပ် သံသယဖြင့်ဖမ်းဆီးနေသည်ဟု သိရသည်။
အမ်းမြို့တွင် နပခဌာနချုပ်နှင့် စကခ (၅)လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခမရ ၃၇၁၊ ခမရ ၃၇၂၊ ခမရ ၃၇၃၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (G.E)၊ စစ်မြေပြင်အင်ဂျင်နီယာတပ် (B.E )၊ ဆေးတပ်နှင့် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့များရှိသည်။
စစ်ကိုင်းတိုင်း စကခ (၁၀) လက်အောက်ခံ ခမရ( ၃၆၂)၊ ခမရ (၃၆၅)၊ ခမရ (၃၆၉) တပ်ရင်းများလည်း ပူးပေါင်းအင်အားဖြည့်ထားကြောင်း သိရသည်။
AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ နှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။
လက်ရှိတွင် ဂွမြို့နယ်၊တိုင်ကျိုးရွာအနီးတို့တွင်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး မောင်တောမြို့ရှိ တစ်ခုတည်းသော တပ်စခန်းဖြစ်သည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲစခန်းကို AA က တိုက်ခိုက်နေသည်။