မနုဿဝင်းမော်
ကလေးဘဝရှင်သန်ဖြတ်သန်းမှု
ဆလုံတိုင်းရင်းသားတို့၏ လူမှုဘဝသည် ပင်လယ်ပြင်ကိုအခြေခံလျက်ရှိသည်။ ရှေးယခင်ကာလများတွင် ဆလုံတိုင်းရင်းသားတို့သည် ပင်လယ်ပြင်ကိုအခြေပြု၍ သွားလာနေထိုင်ကြသူများဖြစ်သည်။ ယခုနောက်ပိုင်းတွင် ကျွန်းများနှင့်ပင်လယ်ကမ်းစပ်တို့တွင် တဲအိမ်များ၊ သွပ်မိုးပျဉ်ကာ အိမ်များအထိ ဆောက်လုပ်နေထိုင်လာကြသည်။
ဆလုံအမျိုးသမီးတို့သည် ယခင်က ကလေးမွေးဖွားပြီး ခုနစ်ရက်အတွင်းမှာပင် ပင်လယ်ထဲဆင်းကာ အလုပ်လုပ်ကြသည်။ ကလေးကို လှေထဲတွင် ကျန်ရစ်သည့် အဘိုးအဘွားများက ကြည့်ရှုစောင့်ရှောက်ကြရသည်။ ကျွန်းများပေါ်တွင်လည်းအိမ်၌နေစဉ် ကလေးကိုကြည့်ရှုပေးမည့် အဘိုး အဘွားများမရှိပါက အိမ်နီးချင်းများက ကူညီစောင့်ရှောက်ပေးကြသည်။
မိခင်ဖြစ်သူက ကလေးကိုကျောပိုး၍ ဝမ်းရေးအတွက် အလုပ်လုပ်ကြရသည်မှာလည်း ဆလုံတို့၏ ဓလေ့တစ်ခုပင်ဖြစ်သည်။ ကလေးကိုကျောပိုးကာ လုပ်ငန်းခွင်သို့ခေါ်ဆောင်ရာတွင် ကလေး၏ သုံးလသား အရွယ်ကတည်းကပင်ဖြစ်သည်။ ကလေးကိုကျောပိုး၍ ခရင်းခွာသည့်နေရာများ၊ ပင်လယ် ပက်ကျိ ဖမ်းသည့်နေရာများသို့ ခေါ်ဆောင်သွားလေ့ ရှိကြောင်း ဆလုံတိုင်းရင်းသားလူမှုဘဝ သမိုင်း မှတ်တမ်းများအရ သိရသည်။ ကလေးတို့ကို အလုပ်လုပ်သည့်နေရာတိုင်းသို့ ခေါ်ဆောင်သွားလေ့ ရှိခြင်းကြောင့် ကလေးများသည် ငယ်စဉ်ကတည်းက ပင် ခရင်းခွာခြင်း၊ ကဏန်းဖမ်းခြင်းတို့ကို မျက်မြင် လက်တွေ့မြင်ဖူး သိရှိနေကြပြီဖြစ်ပေသည်။
ဆလုံတိုင်းရင်းသားတို့သည် ကလေးငယ်စကားပြောတတ်စအချိန်တွင် ဆလုံဘာသာဖြင့် အဖေ၊အမေ၊ အဘိုး၊ အဘွား၊ အစ်ကို၊ အစ်မ စသည့်အခေါ်အဝေါ်များကို ဦးစွာသင်ကြားပေးလေ့ရှိသည်။ ကလေးများ အသက် လေးနှစ်၊ ငါးနှစ်အရွယ်ခန့်တွင် ခရင်းခွာသည့်နောက်သို့ လိုက်ပါ၍ ခရင်းခွာသည့် အလုပ်ကို လုပ်ကိုင်နေကြပြီဖြစ်သည်။ ဆလုံ တိုင်းရင်းသားကလေးများသည် ရေငုပ်ခြင်း၊ ခရင်းခွာခြင်း၊ ကဏန်းဖမ်းခြင်းတို့ကို သီးခြားသင်ပေးစရာ မလိုအောင်ပင် ငယ်စဉ်ကတည်းက ထိတွေ့မှုရှိကာတတ်မြောက်ကြပြီးဖြစ်ပေသည်။ တစ်ခါတစ်ရံ မိဘများနှင့်အတူ တောထဲရှိ ထင်းရှာဖွေရာနေရာများသို့လည်း ကလေးများလိုက်ပါသွားတတ်ကြသည်။
ပင်လယ်ကမ်းစပ်၌ ညနေခင်းအချိန်များတွင် ဆလုံကလေးများမှာ လှေလှော်ပြီးကစားကြလေ့ ရှိကြသည်။ စက္ကူလှေများ၊ ဖော့တုံးများကို လှေပုံ သဏ္ဌာန်ပြုလုပ်၍ ရေထဲလွှတ်ကာ ကစားကြ ကြောင်း သိရသည်။
ထုံးရည်ကိုသောက်လျှင် ရေထဲ၌ ကြာကြာငုပ်နိုင်သည်ဟု ဆလုံတိုင်းရင်းသားတို့က ယုံကြည်ကြ သည်။ မိန်းကလေးများက မိခင်ထမင်းချက်သည်ကို အတုယူကာ မီးဖိုပြီးထုံးကိုဇွန်းထဲထည့်ဖျော်၍ မီးဖိုပေါ်တင်ကျိုချက်ကာ ပွက်ပွက်ဆူလာလျှင် တစ်ယောက်တစ်လှည့်သောက်တမ်းလည်း ကစား ကြသည်။
ဆလုံတိုင်းရင်းသား ကလေးများ၏ဘဝသည် လွတ်လပ်ပျော်ရွှင်မှုများရှိသော်လည်း အရွယ်နှင့် မလိုက်အောင် မိဘကိုကူညီလုပ်ကိုင်ရင်း မိသားစု ဘဝတွင် နေထိုင်ကြရသည်။ ယောက်ျားလေးအလုပ်၊ မိန်းကလေးအလုပ်ဟူ၍ ခွဲခြားထားမှုမရှိပေ။ ထင်းရှာသည့်အခါတွင်ဖြစ်စေ၊ ရေခပ်သည့်အခါတွင် ဖြစ်စေ မိဘများနှင့်အတူ ကူညီလုပ်ကိုင်ကြသည်။
ယခုနောက်ပိုင်းတွင် တလွန်းရွာ၌ မူလတန်းကျောင်းဖွင့်လှစ်ထားပြီဖြစ်ရာ ကျောင်းဆင်းချိန် ရောက်မှသာ မိဘအလုပ်ကို ကူညီလုပ်ကိုင်ကြသည်။ ဝမ်းရေးအတွက် ဆလုံတိုင်းရင်းသား မိသားစုဝင် အားလုံးမှာ အလုပ်လုပ်ကြရသူများပင်ဖြစ်သည်။
ယခုလက်ရှိကာလများတွင် ဒေသတွင်း တိုးတက်ဖွံ့ဖြိုးစည်ပင်လာပြီဖြစ်သဖြင့် ဆလုံတိုင်းရင်းသားတို့၏ ကလေးဘဝ ရှင်သန်ဖြတ်သန်းမှုများ၊ ကလေးပြုစုစောင့်ရှောက်မှုများ၊ ပညာသင်ကြားမှုများလည်း တိုးတက်လာပြီဖြစ်ပေတော့သည်။ ။