အောက်တိုဘာ ၂၈ ရက်နေ့က မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က စီးနင်းပြီး ဘုန်းကြီးတစ်ပါးနှင့် အရပ်သားများကို ဖမ်းသွားသည်ဟု ဒေသခံတို့က ပြောပြီး စီးနင်းသူများကို ကြားဖြတ်တိုက်ခိုက်ရာ နှစ်ဖက်အကျအဆုံးရှိခဲ့သည်ဟု ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်သည်။
နံနက် ၅ နာရီခန့်က မြို့တောင်ဘက် ၁၃ မိုင်ခန့်အကွာ မင်းတပ်-ပခုက္ကူလမ်းဘေးရှိ ဒီးဒုတ်ကွင်းရွာ အနီး စစ်ရှောင်စခန်းကို အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် (ပျူစောထီး) တို့က ပစ်ခတ်စီးနင်းခဲ့သည်။
အသက် ၅၀ ကျော်အရွယ် ရွာသား ၂ ဦးကို ပစ်သတ်သွားသည်၊ ဆရာတော်တစ်ပါးအဝင် လူ ၁၈ ဦးခန့်ကို ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု စစ်ရှောင်အရေးကူညီနေသူနှင့် တော်လှန်ရေးအဖွဲ့များထံက သိရသည်။
မှန်တောင်ကွင်း အမည်ရှိ အဆိုပါစစ်ရှောင်စခန်း စီးနင်းမှုတွင် ဦးသန်းစိန် ကျည်ထိမှန်ပြီး သေဆုံးသည်၊ ဦးဌေးအောင်မှာ ပေါင်တွင် ကျည်ထိထားသော်လည်း လှည်းမောင်းပို့ရန် ခေါ်ဆောင်သွားပြီးနောက် ပစ်သတ်ခံရသည်ဟု စစ်ရှောင် များကို ကူညီနေသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ဦးသန်းစိန်ရဲ့အလောင်းကို သူ့ အိမ်ပေါ်မှာတွေ့တာ။ ဦးဌေးအောင်ကျတော့ တောထဲမှာတွေ့တာ။ သူ့ကို လှည်းမောင်း ဖို့ခေါ်သွားတာ။ ပေါင်မှာ သေနတ်မှန်လို့ ပစ်သတ်ခဲ့တာ” ဟု ထိုအမျိုးသားက ပြောသည်။
အဖမ်းခံရသူများထဲတွင် စစ်ဘေးရှောင်စခန်းကို ဦးစီးနေသည့် ဆရာတော် စန္ဒာဝါသ၊ ကူညီပေးနေသူ ကျောင်းဆရာတစ်ဦးနှင့် ရွာအခြေစိုက် တော်လှန်ရေးအဖွဲ့မှ ဆေးတပ်ဖွဲ့ဝင် အသက် ၂၀ ကျော် အရွယ် မထွေးထွေးတို့ပါဝင်ကြောင်း သိရသည်။
“ဘုန်းကြီးကို လူဝတ်လဲပြီး ဖမ်းသွားတယ်။ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ဘုန်းကြီးကို သူတို့အတွက် က ရန်သူလို သတ်မှတ်ထားတာ၊ အဓိက လိုချင်တာ ဘုန်းကြီးကို လိုချင်တာ။ ဖမ်းတဲ့အချိန်မှာ ပြည်သူပါ မိသွားတာ၊ ၁၈ ယောက် လောက်ပါသွားတယ်” ဟု စစ်ရှောင်များကို ကူညီနေသည့် အထက်ပါ ဒေသခံ အမျိုးသားက ဆက်ပြောသည်။
ဖမ်းဆီးခံရသူများတွင် ဦးမိုး၊ ဒေါ်သီတာထွေး၊ ဦးမိုးညို၊ ကိုမိုးဒီ၊ ကိုငချမ်း၊ ကိုဖိုးချော၊ ကိုငဦး၊ ဦးလှညို၊ ဦးသန်းမြိုင်နှင့် သားဖြစ်သူ ၊ ဦးစိုးဝင်း၊ ဦးတင်မောင်ဆွေ၊ ဦးမောင်အေး၊ ကိုရဲလင်းနိုင်၊ မဇင်မာဦး တို့လည်း ပါဝင်ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထုတ်ပြန်ချက်အရ သိရသည်။
ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး စစ်တပ်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်တပ် သတင်းစာမျက်နှာတွင်လည်း ထိုမြို့အကြောင်း လတ်တလော ထုတ်ပြန်ထားခြင်း မရှိပေ။
စစ်ရှောင်စခန်းတွင် အိမ်ခြေ ၂၀၀ ခန့်ရှိပြီး ခိုလှုံသူ ၁၀၀၀ ခန့်ရှိကာ နေထိုင်သူ အများစုမှာ ပျူစောထီးများကြီးစိုးသည့် ဒီးဒုတ်ကွင်းရွာမှ ယခင်နှစ် နှစ်ကုန်ပိုင်းတွင် စွန့်ခွာလာသူများ ဖြစ်သည်။
စစ်သားနှင့် ပျူစောထီးများက နေအိမ် ၉ လုံးနှင့် ဆေးခန်းကိုလည်း မီးရှို့ခဲ့သည်၊ ဘုန်းကြီးကားနှင့် ဆန်အိတ်များ တင်ထားသည့် Light Truck ကားနှစ်စီးကိုလည်း ယူဆောင်သွားကြသည်ဟု သိရသည်။
ထို စစ်သားနှင့်ပျူစစ်ကြောင်းကို လမ်းခရီးတွင် ကားဘီးပေါက်၍ ဆင်းတွန်းနေကြစဉ် ပေါက်ပကဖနှင့် ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၃ ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ကြသည်။
မုံရွာမြို့မှ တက်လာသော စစ်ကောင်စီလေယာဉ်က ပစ်ကူခဲ့ကြောင်း ပကဖဘက်က ဆိုသည်။ ထိုတိုက်ပွဲ အတွင်း ပေါက်ပကဖအဖွဲ့ဝင်တစ်ဦး၊ PDF တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးခန့် သေဆုံးကာ ဆန်အိတ်တင်ထားသော ကား ၂ စီးကို မီးရှို့၍ ကစဉ့် ကလျား ဆုတ်ခွာ သွားကြကြောင်း၊ MA 3 တစ်လက်၊ G 3 တစ်လက်၊ AK တစ်လက်၊ ကာဘိုင်တစ်လက်နှင့် ဆက်စပ်ခဲယမ်းများရရှိခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ စစ်တပ်ဘက်က ၁၀ ယောက်လောက် ကျမယ်။ သေနတ် ၄ လက်လောက်လည်းရတယ်။ ကိုယ်တွေ ဘက်ကလည်း ၂ ယောက် ကျတယ်။ ပေါက်မြို့နယ် ပကဖ နဲ့ ရင်း ၅ ရယ် ရင်း ၁၂ ရယ်၊ ဗိုလ်နားပေါက် လည်း ပါတယ် ။ သူလည်း ဒဏ်ရာရတယ်” ဟု ပေါက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းမတိုင်မီ အောက်တိုဘာ ၂၁ ရက် နံနက် ၁၀ နာရီခွဲခန့်က ဒီးဒုတ်ကွင်းရွာအနီး ကာကွယ်ရေးအဖွဲ့များ ထောင် ထားသည့် မိုင်းနင်းမိသူ တစ်ဦး သေကာ တစ်ဦးအပြင်းအထန် ဒဏ်ရာရပြီးနောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားသည်။
လက်ရှိတွင် မှန်တောင်ကွင်းစစ်ရှောင်စခန်းမှ ထွက်ပြေးလာရသည့် သူများမှာ နီးစပ်ရာ ကျေးရွာများတွင် ခိုလှုံနေသည်။
“မှန်တောင်ကွင်းကနေ အကုန်လုံး တိမ်းရှောင်နေရတယ်၊ ပြန်မနေရဲကြဘူး။ စားဝတ်နေရေး အခက်အခဲရှိ တယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသူက ဆက်ပြောသည်။
ပေါက်မြို့နယ်သည် စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အားကောင်းသည့် ချင်းပြည် နယ်တောင်ပိုင်းသို့ သွားရာလမ်းကြောင်းပေါ်တွင် တည်ရှိနေပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ထို့အတူ ပျူစောထီးများ အားကောင်းရာဒေသလည်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ရန် ပျူစောထီးအဖွဲ့ ဝင်များကို စစ်ကောင်စီက လက်နက်ပေးထားသည်။
ယမန်နေ့ နံနက် ၉ နာရီခန့်က ဒီးဒုတ်ကွင်းရွာအနီး တော်လှန်ရေးအဖွဲ့တစ်ဖွဲ့က ဒရုန်းဖြင့် ထောက်လှမ်းရာ တွင် အလောင်း ၃ လောင်းသယ်ဆောင်လာပြီး မီးရှို့နေသည်ကို တွေ့ရကြောင်း ၊ ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသည်များကို ကြည့်ကာ ဆရာတော် စန္ဒာဝါသနှင့် ဆေးတပ်ဖွဲ့ဝင်အမျိုးသမီးတို့ ဖြစ်နိုင်ကြောင်း တော် လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထိုအချက်နှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်မပြုနိုင်သေးပေ။