ယခုပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် Polytechnic University များအတွက် နိုဝင်ဘာ ၁၄ ရက်မှစတင်၍ ကျောင်းအပ်လက်ခံသွားမည်ပြီး နိုဝင်ဘာ ၂၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနမှ ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် အသိပေးကြေညာထားသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နည်းပညာ တက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် Polytechnic University များ၏ ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများအားလုံးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။ ကျောင်းအပ်လက်ခံခြင်းကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်မှစတင်၍ လက်ခံဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ ပိုမိုအားကောင်းစေရန်၊ အရည်အသွေး ပြည့်မီပြီး သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်နိုင်ရန်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းများ အားပေးမြှင့်တင်နိုင်ရန် Polytechnic University (၈) ခုကို ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ဩဂုတ်လ ၁၂ ရက်တွင် ပြုလုပ်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားတွင် ပြောကြားထားပြီးဖြစ်သည်။
အဆိုပါ Polytechnic University များ တည်ဆောက်ပြီးနေမှုအခြေအနေများကို နစက ဥက္ကဋ္ဌကိုယ်တိုင် လိုက်လံကြည့်ရှု စစ်ဆေးနေပြီး အောက်တိုဘာ ၃၀ ရက် (ယမန်နေ့)တွင် Naypyitaw State Polytechnic University တည်ဆောက်ပြီးစီး နေမှုအခြေအနေများအား သွားရောက်စစ်ဆေးခဲ့သည်။
ယင်းကဲ့သို့ သွားရောက်စစ်ဆေးစဉ် Naypyitaw State Polytechnic University အား လျာထားချက် ကျောင်းသားဦးရေမှ နှစ်အလိုက် တိုးတက်လာနိုင်သည့် ကျောင်းသား၊ ကျောင်းသူဦးရေအတွက်ပါ ကြိုတင်တွက်ချက် ဆောင်ရွက်ရန်ပါ နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။
ပုံစာ- Naypyitaw State Polytechnic University ကို နစက ဥက္ကဋ္ဌ သွားရောက်စစ်ဆေးနေမှုကို တွေ့ရစဉ်။