မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်၏ ရုပ်အလောင်းကို သယ်ဆောင်ပေးခဲ့သည့် မန္တလေးမြို့ရှိ ပရဟိတ အသင်းအဖွဲ့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လွန်ခဲ့သည့် စနေနေ့က ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
အောက်တိုဘာ၂၆ ရက်ညက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ “ပရဟိတမင်းခေါင် ရှာဖွေကယ် ဆယ်ရေးအသင်း” ရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကားများဖြင့် ရောက်လာကြပြီး အသင်း ဥက္ကဋ္ဌဦးခင်မောင်တင့် အပါအဝင် ၈ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မန္တလေးမြို့ပရဟိတအသင်း တစ်ခုမှ တာဝန်ရှိသူက ပြောသည်။
“ ကျွန်တော်တို့ကြားတာတော့ ဒေါက်တာဇော့်နာရေးနဲ့ ဆက်စပ်မယ်ထင်တယ်ဗျ။ အခြေအနေက မသိရသေးဘူး။ အဆက်အသွယ်မရကြဘူး”ဟု လုံခြုံရေးအရအမည်မဖော်လိုသူသော ထိုတာဝန်ရှိသူက ဆိုသည်။
အာဏာသိမ်းမှုဖြစ်ပြီးနောက် ဖမ်းဆီးထောင်ချခံခဲ့ရသည့် အသက် ၇၃ နှစ်အရွယ် ဒေါက်တာ ဇော်မြင့်မောင် သည် သွေးကင်ဆာရောဂါခံစားနေရပြီး ရောဂါပြင်းထန်ရာမှ မန္တလေးဆေးရုံကြီး၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
၎င်း၏ ရုပ်အလောင်းကို နေအိမ်မှ သုဿာန်သို့ ပို့ဆောင်ရာတွင် ပရဟိတမင်းခေါင် အသင်းလည်း လိုက်ပါ ပို့ဆောင်ခဲ့သည်။
မန္တလေးတိုင်းဝန်ကြီးချုပ်၏ရုပ်အလောင်းကို နိဗ္ဗာန်ယာဉ်ပေါ်သို့ တင်ဆောင်ချိန်၌မန္တလေးမြို့ခံ ပြည်သူ များက “ အောင်ရမည်…နိုင်ရမည်” ဆိုသော ကြွေးကြော်သံများ ထွက်ပေါ်ခဲ့သည်။
ယခုဖမ်းဆီးမှုသည် ထိုဖြစ်စဥ်နှင့် ဆက်စပ်မှုရှိနိုင်ကြောင်း မြို့ခံများက ထင်မြင်ချက်ပေးကြသည်။
လက်ရှိတွင် “ပရဟိတမင်းခေါင်”အဖွဲ့၏ လူမှုကွန်ယက်စာမျက်နှာတွင်လည်း လွန်ခဲ့သည့် ၃ ရက်မှစကာ ကူညီကယ်ဆယ်မှုများဖော်ပြခြင်းကို ရပ်တန့်ထားပြီး အသင်းရုံးရှိဖုန်းများအားလုံးလည်း ဆက်သွယ်၍ မရပေ။
ဒေါက်တာဇော်မြင့်မောင်၏နာရေးရက်လည်သို့ သွားရောက်ခဲ့သလို လူမှုကွန်ရက်တွင် ချီးကျူးစကား ပြောခဲ့သည့် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏သားမက်၊ နေရွှေသွေးအောင်၏ဖခင် ဒေါက်တာ နေစိုးမောင်သည်လည်း အောက်တိုဘာ၂၄ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်၌ ဖမ်းဆီးအမှုဖွင့်ခံထားရ သည်။
၎င်းကဲ့သို့ပင် မန္တလေးမြို့ဆေးပညာအသိုင်းအဝိုင်းမှ ၁၀ဦးထက်မနည်းလည်း ဖမ်းဆီးစစ်ဆေးခံနေကြ ရကြောင်း သိရသည်။
ဈာပနပြုလုပ်သောနေ့၌လည်း မြို့နေလူထု သောင်းနှင့်ချီ လိုက်ပါပို့ဆောင်ခဲ့ကြရာ စစ်ကောင်စီက မိသားစုနှင့်ဆွေမျိုးမှလွဲ၍ အရပ်သားမြို့ခံများကို သုဿာန်အတွင်း ဝင်ရောက်ခွင့် ကန့်သတ်ခဲ့သေး သည်။