မြန်မာသံစဉ်တေးသီချင်းတွေအပြင် တခြားသီချင်းတွေနဲ့ ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ တေးသံရှင် မေ့ချစ်သက်ကတော့ မကြာခင် ပရိသတ်နားဆင်နိုင်မယ့် ခပ်အေးအေးတေးသီချင်းသစ် ၃ ပုဒ်ထွက်ရှိလာဖို့ရှိတယ်လို့ ဆိုပါတယ်။
“မိုးတွင်းကာလဆိုတော့ သီချင်းသစ်တွေ ထွက်ဖို့ ပြင်ဆင်ခဲ့တာပါ။ ဖြစ်ချင်တော့ ရေဘေးတွေကြုံတွေ့ လာရချိန်မှာ ညီမ သီချင်းထွက်ဖို့ စီစဉ်ထားတယ်။ ဒီသီချင်း ၃ပုဒ်ကိုလည်း MTV ရိုက်မို့ပါပဲ။ ဒီစုထားတဲ့ ပိုက်ဆံတွေကို ရေဘေးအလှူ ထဲထည့်လိုက်လို့ မထွက်ဖြစ်သေးဘူး။ ပိုက်ဆံပြန်စုနေပါတယ်။ မကြာခင်ထွက်လာမှာပါ။ မြန်မာသံစဉ်သီချင်းပုံစံ ခပ်အေးအေး သီချင်းလေးတွေ ထွက်မှာပါ”လို့ တေးသံရှင် မေ့ချစ်သက်က ပြောပါတယ်။
ဒီသုံးပုဒ်မှာ တေးရေး သဟာအောင်ရေးသားပေးထားတဲ့ သီချင်း ၂ ပုဒ်အပြင် တေးရေး ကိုလင်းထိုက်ရဲ့ တေးသီချင်းနဲ့ တစ်ပုဒ်ထွက်ရှိလာမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ တချို့ ပွဲတွေအပြင် နယ်ပွဲတွေမှာ တေးသီချင်းတွေ လိုက်သီဆို ဖြစ်နေတယ်လို့လည်း သိရသလို မြန်မာနိုင်ငံက ရေဘေးသင့်နေရာ ဒေသတွေကို လိုက်လံလှူဒါန်းမှုတွေ လုပ်ဆောင် နေလျှက်ရှိတယ်လို့ သိရပါတယ်။
“ကိုယ့်ကို ချစ်တဲ့သူရှိသလို မုန်းတဲ့သူတွေလည်း ရှိကြပါတယ်။ ကိုယ်တိုင်က ဝေဖန်တိုက်ခိုက်တာတွေဆိုရင် စိတ်ထဲမှာ သိပ်တော့ ထည့်မထားတတ်ဘူး။ အကောင်းဘက်ကပဲ တွေးဖြစ်တယ်။ ကိုယ့်ကို ပြောနေတာကို စိတ်ထဲမထည့်ဖြစ်ဘူး။ အရမ်းရင်ထဲထည့် ခံစားရင် စိတ်ထိခိုက်လို့လေ။ သိပ်မဖတ်တော့ဘူး။ မေ့ချစ်သက်ဆိုရင် ဆံပင်ရှည်လေးနဲ့တွဲမြင်နေတာမို့ ဆံပင်ကိုတော့ ညှပ်ဖို့ မရှိပါဘူး။ ဒီဆံပင်ညှပ်ဖို့တစ်ခါမှ မစဉ်းစားဖူးဘူး။ ပရိသတ်တွေက ဆံပင်ရှည်လေးနဲ့ပဲ မြင်ချင်ကြတယ်ပြောကြတယ်။ ဆံပင်အရှည်ကို ၆နှစ်ထဲ ယက ထားလာခဲ့တာ အခုဆို ဒူးထိရောက်နေပြီမို့ ပုံစံပြောင်းညှပ်ရမှာနှမြောမိတယ် ” လို့သူမကဆက်ပြောပါတယ်။