(မိုးမခ) အောက်တိုဘာ ၃၀ ၊ ၂၀၂၄
(၁)
လူ့လောကကြီးတွင် နောင်တ တရားရှိသင့်၊ မရှိသင့်ဟူ၍ အယူအဆနှစ်မျိုးကွဲပြားလျက်ရှိပါသည်။ တစ် ဖက်က နောင်တ တရားရှိသင့်သည်၊ သို့မှသာ လွန်ခဲ့သော ကာလကအမှားမျိုးထပ်မံမမှားမိစေရန် ကာကွယ်နိုင် မည်။ အခြားတဖက်ကလည်း နောင်တ တရားဟူ၍လုံးဝမရှိသင့်၊ အတိတ်ကာလသည် ကုန်လွန်သွားပြီ၊ ရှေ့သို့ သာဆက်ရန်ရှိတော့သည်ဟူ၍ဖြစ်သည်။ စာပေလောကတွင်နောင်တတရားကို ထိမ်းချုပ်ရန်၊ စီမံခန့်ခွဲရန် အကြံ ပေးချက်များနှင့် ပြည့်နှက်လျက်ရှိပါသည်။ ကွန်ဂရက်၏ စာကြည့်တိုက်တွင် No regret ဟူသော ခေါင်းစဉ်ဖြင့် စာအုပ်အမျိုးပေါင်း ငါးဆယ်ထက်မနည်း ရှိသည်။
ပြောလိုသောသင်ခန်းစာမှာ သေချာပါသည်။ နောင်တတရားသည် မလိုအပ်ပါ။ ကိုယ့်ကိုကိုယ်အရှုံးပေးသလို ဖြစ်နေပါသည်။ နောက်ပြန်ကြည့်သောတရား ဖြစ်ပါသည်။ အနုတ်လက္ခဏာဆောင်သော အတွေးများကို ရှောင်ရှားရမည်ဟုလည်း ဆိုလိုပါသည်။
(၂)
သို့သော် ဂျပန်အပြေးသမား မာရီကို ယူဂီတ (Mariko Yugeta) အတွက်မှု နောင်တသည် ရှေ့သို့တိုး ရန်တွန်းပို့နေပါသည်။ အသက် ၆၃ နှစ် အရွယ်တွင် ဂျပန်ပြည်၏ မာရသွန်အပြေးသမားသည် ငြိမ်သက်စွာပင် သူ့အသက်အရွယ်တန်း၌ အမြန်ဆုံးပုဂ္ဂိုလ် ဖြစ်လာပါသည်။ မာရသွန်ပြေးပွဲ အသက် ၂၀ အရွယ်မှစ၍ လိုချင်ခဲ့သော အမြန်ဆုံးအပြေးချန်ပီယံ ဖြစ်လာခဲ့ပါသည်။
ဆယ်စုနှစ်ပေါင်းများစွာ သူ၏ ကလေးများကို ကြီးပြင်းအောင်ပြုစုစောင့်ရှောက်ရန် မိမိဆန္ဒကို ဖိနှိပ်ခဲ့ရ ပြီး ၂၀၁၉ ခုနှစ်တွင် သူသည် အသက် ၆၀ နှင့်အထက်အတန်း၌ မာရသွန်ပြေးပွဲကို အောင်မြင်စွာ ပြေးနိုင်ခဲ့သူ ဖြစ်သည်။ ၂၀၂၁ ဇန်နဝါရီလတွင်အသက် ၆၂ နှစ်၌ 2:52:13 နှင့် သူတင်ထားခဲ့သောရီကော့ကိုချိုးနိုင်ခဲ့သည်။
ယူဂီတ က သူမ၏ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခြင်းသည် သူမ၏ နောင်တကြောင့်ပင်ဖြစ်ပါသည်ဟု ဆိုသည်။
“ကျမက ကျမရဲ့နောင်တ တရားကို အနုတ်လက္ခဏာတရားဆောင်တဲ့ ခံစားချက်တခုကို မမှတ်ယူပါဘူး၊ အနုတ်လက္ခဏာဆိုတာက ငါအရင်လိုမပြေးနိုင်တော့ဘူး ငါအသက်ကြီးနေပြီဆိုတာတွေမတွေးဘူး၊ အသက်ရှင် နေနိုင်ဘို့ နောင်တ တရားရှိခဲ့ရင်လဲဒါကို စိတ်ခွန်အား တိုးတက်စေဖို့ ဘဲဖြစ်ရမယ်” ဟုဆိုသည်။
ကျွန်တော်တို့သည် ယူဂီတ ကဲ့သို့ ပြန်လာခြင်းပုံပြင်များကို ကြားဘူးကြမည် မဟုတ်။ နောင်တ တရား သည် လူတစ်ယောက်ကို အောက်သို့ဆွဲချရမည့်အစား အထက်သို့တွန်းတင်သော ပုံပြင်တစ်ခုပင်ဖြစ်ပါသည်။ နောင်တကိုညင်းပယ်ရန် ကြိုးစားကြခြင်းအတွက် အကြောင်းပြချက်ရှိပါသည်။ ဤခံစားချက်မှာ ပျက်စီး စေလို သော သဘောရှိပါသည်။ သင်အိပ်ရာဝင်ခါနီးတွင် သတိရသော နောင်တ တရားအကြောင်းတစ်ခုကို ပြောပြရန် စမ်းသပ်ကြည့်ကြပါသည်။ ထိုအကြောင်း၊ ဤအကြောင်းစသည်ဖြင့်နောင်တရစရာများမှာတဦးစီအတွက် တသီ ကြီးရှိကြပါသည်။ ဤသို့ ရင်ဝယ်ပိုက်ထားသူတို့မှာ ၆၁% ခန့်ပို၍ အိပ်ပျော်သွားဘို့ တာရှည်ကြောင်းတွေ့ ကြရပါသည်။ ယူဂီတ မှာ ဤသို့ မတွေးခေါ်ဘဲ၊ တခြားဘက်မှ တွေးခေါ်လျင် မည်သို့ဖြစ်မည် ဆိုသည်ကို ပြောပြခဲ့ပါသည်။
သုတေသနပြုသူ ဒယ်နီရယ် ပင့် (Daniel Pink) ကပင်ဒဲမစ်ဖြစ်ပွားနေချိန်တွင် World Regret Survey ခေါ် ဝက်ဆိုက်တခုဖွင့်၍ ကမ္ဘာအရပ်ရပ်မှ နောင်တရသူများ၏ ပြောပြချက်များကို မှတ်တမ်းတင်ခဲ့ရာ အချက်အ လက်ပေါင်း ၁၉,၀၀၀ ကျော်ကို မှတ်တမ်းတင်နိုင်ခဲ့သည်။
ထိုအချက်များကိုအခြေခံ၍ စာအုပ်တစ်အုပ်ရေးသားခဲ့ရာ “The Power Of Regret” စာအုပ်ထွက် ပေါ် ခဲ့သည်။အဆင့်မြင့်ပညာရေးကိုညင်းပယ်ခဲ့ခြင်း၊ ခရီးသွားရန်အခွင့်အရေးကိုပယ်ချခဲ့ခြင်း၊ ချစ်ခင်သူများနှင့်ဆက် သွယ်ရန်အခွင့်အရေးကိုပယ်ခဲ့ခြင်း၊ မကောင်းသောအိမ်ထောင်ရေးကို စွန့်ခဲ့ခြင်းစသည်ဖြင့်နောင်တ မျိုးစုံအောင် ဖော်ပြခဲ့ကြသည်။ နောင်တ ဟုဆိုရာတွင် တစုံတရာကိုမလုပ်ခဲ့ရသော နောင်တသည် တစုံတရာကို လုပ်ခဲ့မိ သော နောင်တထက်ပို၍များသည်ဟု ဖော်ပြခဲ့သည်။ ထိုအရာကို စိတ်ပညာဆရာတို့က Regret of omission ဟုခေါ် ကြသည်။ နောက်ပြန်ကြည့်ခြင်းအားဖြင့် ရှေ့ကိုတိုးရမည်ဖြစ်ရာ မကြိုးစားခဲ့ခြင်းကြောင့် ပြတ်လပ်မှုများ ဖြစ်ပေါ် ခဲ့ပုံကိုဖေါ်ပြခြင်းဖြစ်သည်။
နောင်တ ရရမည်စိုး၍မလုပ်ခဲ့ရသောအဖြစ်ကိုကြည့်ပါ။ လုံခြုံမှုကို အကြောင်းပြ၍ ရှောင်ရှားခြင်း၊ မျှော် လင့်သလိုဖြစ်မလာမှာစိုးသည့် စိုးရိမ်စိတ်အတွက် ရှောင်ရှားခြင်းတို့ရှိကြပါသည်။ မစ္စတာ ပင့်ပြောသလိုအပေါင်း လက္ခဏာဆောင်သည့်ခံစားချက်(Positive emotion)ကြောင့်ကျွန်တော်တို့၏တိုးတက်မှုများ ဆုတ်ရုတ်ရသည်။ အကယ်၍အပြောင်းအလဲကိုလိုချင်လျင် အနှုတ်အလက္ခဏာဆောင်သော ခံစားချက်များ မှ စရပါသည်။
ကျွန်တော်တို့တွင် မြောက်များလှသော အပေါင်းလက္ခဏာ ဆောင်သည့်ခံစားချက်များ ရှိရန်လိုသည်။ သို့သော်များပြားလွန်းလျင်လည်း အန္တရာယ်ဖြစ်တတ်ပါသည်။ လွန်စွာများပြားခြင်းက သင်ယူ ခြင်း (Learning) ကိုတားမြစ်သည်။ တိုးတက်ကြီးပွားရေးကိုဟန့်တားသည်။ ကျွန်တော်တို့၏ လုပ်နိုင်စွမ်းအား ကို ထိခိုက်ပါသည်။ အဘယ့်ကြောင့်ဆိုသော်အနှုတ်လက္ခဏာဆောင်သောခံစားချက်များသည်ကျွန်တော်တို့၏ (Survival)အတွက် လိုအပ်ပါသည်။
မစ္စတာ ပင့် က ဘဝကို အကိုင်းအခက်များစွာပါသော ဆုံးဖြတ်ချက်များဖြင့် တည်ဆောက်ထားသည် ဟု ဆိုခဲ့သည်။ တကိုင်းမှတကိုင်းသို့ ကူးသွားရသည်များရှိသည်။ သည်ကိုင်းကို ကူးပါက ဟိုကိုင်းကို စွန့်လွှတ် လိုက်ကြရပါသည်။ ကျွန်တော်တို့ လက်လွှတ်ခဲ့သည့်အရာ အတွက်နောင်တရစရာဖြစ်နိုင်သော်လည်း မိမိပိုင် သောပစ္စည်းအတွက် မိမိတန်ဖိုးထားရပါလိမ့်မည်။ မိမိ မရသော ဘဝအတွက် အဓိပ္ပါယ်ကို ရှာဖွေရန်မလိုပါ။
ယူဂီတ ကသူကိုင်းကူးခဲ့ရသော အဖြစ်များအကြောင်းကိုပြန်ပြောင်းပြောပြခဲ့သည်။ “ကျမဟာ ငယ်ငယ် ကအိုလံပစ်အသင်းမှာ ပါဝင်ချင်ခဲ့တယ် အဲဒီလိုဖြစ်ဖို့က ဂျပန်နိုင်ငံမှာ နံပါတ် ၁ ဖြစ်ရမယ်၊ မဖြစ်ဘဲ မရနိုင်ဘူး၊ ကျမကထိပ်ဆုံးလူမဟုတ်တော့ ကျမလိုချင်တဲ့နေရာကို ကျမမိတ်ဆွေကရသွားတာပေါ့။”
“သူ့နာမည်ကို ကြေညာတော့ကျမ မနာလိုဖြစ်မိတယ်၊ အဲဒီခံစားချက်က ဒီနေ့ ဒီနေရာကိုရောက်အောင် တွန်းပို့လိုက်တာပါဘဲ” ဟုဆိုသည်။ လူသည်အသက်ကြီးလာလျင်၊ လူသည်အိုမင်းရင့်ရော်လာလျင် စွမ်းရည်ကျ ဆင်းလာသည် ဆိုခြင်းသည် မှားယွင်းကြောင်းပြသလိုက်ခြင်းပင်ဖြစ်သည်။
ယူဂီတ က သူ့ဘဝတလျှောက်လုံး သူသည် ရည်ရွယ်ချက်များကို အခြားအခြားအရာများသို့ ပြောင်း လဲခဲ့ရသည်။ အိမ်ထောင်ပြုခြင်း၊ ကလေး ၄ ယောက်၏မိခင်၊ အလယ်တန်းကျောင်းသားများကို အားကစားနည်း သင်ပေးရသောနည်းပြအဖြစ် တိုကျိုမြို့အနီးမှ (Saitama) ကျောင်းမှာအမှုထမ်းခဲ့ရသည်။ သူ၏ ဘဝပေးတာ ဝန်များကြောင့်အိုဂီတသည်အသက် ၅၀ ကျော်မှအပြေးလေ့ကျင့်ခြင်းကို ပြန်လည်လုပ်နိုင်ခဲ့သည်။ သူမအတွက် ကတော့ အသက်ကြီးမှ သူ၏အင်အားများကို စုစည်းရခြင်းဖြစ်သည်။
သူသည် ကလပ်တစ်ခုသို့ မန်ဘာအဖြစ်ဝင်ပြီး ကမ္ဘာ့အပြေးချန်ပီယံ ကင်ညာနိုင်ငံသား အီလီယက် ကီချိုဂီး (Eliud Kipchoge) ၏ အဝေးပြေးရာတွင် လိုက်နာရသော နည်းစနစ်များကို အတုယူရသည်။ သူမနှင့် ကိုက်ညီစေရန် နည်းနာများကို ပြင်ဆင်ယူသည်။ ၂၀၁၇ ခုနှစ် သူမ၏အသက် ၅၇ နှစ် အရွယ်တွင် သူမ မျှော်လင့်ထားသလို လုပ်နိုင်ခဲ့သည်။ သူသည် မာရသွန်ပြေးပွဲတွင် ၃ နာရီအောက် ပြေး၍ပန်းဝင်ခဲ့သည်။ သူမအသက်အရွယ်တန်းအတွက် စံချိန်သစ်တင်ခြင်းကို နောင်နှစ်နှစ်ကြာမှ ပြုလုပ်နိုင်ခဲ့သည်။ သူမ မျှော်လင့်သည်မှာ မာရသွန် ပြိုင်ပွဲပေါင်း ၁၅၀ အထိကို ပါဝင် ယှဉ်ပြိုင်နိုင်မည်ဟု မျှော်လင့်သည်။
(၃)
သူမ၏ ၁၁၅ ကြိမ်မြောက်ပြိုင်ပွဲမှာ ဘော်စတွန်မြို့ မာရသွန်ပြိုင်ပွဲ ဖြစ်သည်။ သူမ၏ အသက် အရွယ်နှင့် ပြေးလမ်း အဆင်း အတက်များကြောင့် သူသည် 3:06:27 သာ ပြေးနိုင်ခဲ့သည်။ သူမသည် အသက် ၂၀ အရွယ်က မလုပ်နိုင်ခဲ့သည်များကို လုပ်နိုင်ခဲ့သော်လည်း ဇရာ၏ အထုအထောင်းကို ခံရသည်။
ကုန်လွန်ခဲ့သောရက်များကို စဉ်းစားနေခြင်းသည် အချိန်ဖြုန်းနေခြင်းသာ ဖြစ်သည်။ အရေးကြီးသည်မှာ ယခု ဤနေရာ၊ သင့်ကိုယ်သင် လာမည့်ရက်များတွင် မည်သို့ တိုးတက်အောင် ပြုလုပ်ရမည်ကို စဉ်းစားရန်ပင် ဖြစ်သည်။
ကိုသန်းလွင်
Ref: A 63 Years Old Runner Changed the way I think about Regret, Lindsay Cronse, Internet.
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar