ylliX - Online Advertising Network
Loading

စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ – အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန


Loading

စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ အောက်တိုဘာ၂၉။

လယ်ဝေးခရိုင်အတွင်းရှိ မသန်စွမ်းလူငယ်များ ဂုဏ်သိက္ခာရှိရှိ အမှီအခိုကင်းစွာ ဘဝရပ်တည် နိုင်စေရေး၊ အသက်မွေးဝမ်းကျောင်းပညာရရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေ ရရှိနိုင်စေရေးတို့အတွက် ရည်ရွယ်၍ စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ လယ်ဝေးမြို့နယ် Training Center-2 ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် “ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဦးတည်ချက်ကို ချမှတ်၍

မသန်စွမ်းလူငယ်များအပါအဝင် လူငယ်ထုတိုးတက်စေရေးအတွက် အလေးထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များ အသိပညာ၊ ဉာဏ်ပညာ၊ ကိုယ်ကျင့်တရား၊ ဗလငါးတန်နှင့်ပြည့်စုံပြီး မိမိနိုင်ငံကို ဦးဆောင်နိုင်သည့်လူငယ်များဖြစ်လာစေရန်အတွက် စနစ်တကျပြုစုပျိုးထောင်ပေးရန်လိုကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းလူငယ်များအပါအဝင် လူငယ်များအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုဖြည့်ဆည်းမြှင့်တင်ဆောင်ရွက်ပေးနိုင်စေရန် အသက်မွေး ဝမ်းကျောင်းပညာရပ်များကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ မသန်စွမ်းလူငယ်များအတွက် အခွင့်အရေး ကာကွယ်ရေး၊ ဘဝမြှင့်တင်ဖွံ့ဖြိုးတိုးတက်နိုင်စေရေးနှင့် လူအဖွဲ့အစည်းအတွင်း မသန်စွမ်းသူများ ဂုဏ်သိက္ခာရှိစွာ ပါဝင်နိုင်စေရေးအတွက် ယခုသင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် စာတွေ့လက်တွေ့သင်ကြားပေးမည့် ယိုမျိုးစုံနှင့် ဖျော်ရည် မျိုးစုံ ပြုလုပ်နည်းများကို သင်ကြားတတ်မြောက်ခြင်းဖြင့် အိုးမကွာ အိမ်မကွာ အရင်းအနှီးနည်းနည်း ဖြင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ပြီး မိသားစုဝင်ငွေကိုလည်း တစ်ဖက် တစ်လမ်းက ပံ့ပိုးကူညီပေးနိုင်မည်ဖြစ်ကြောင်း၊

မသန်စွမ်းမှုအားနည်းချက်များအပေါ်တွင် အကောင်းဆုံး စွမ်းဆောင်နိုင်သူများဖြစ်ကြောင်း ခံယူချက်ထားပြီး ကြိုးစားလေ့လာသွားရန် တိုက်တွန်းမှာကြား လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း ပညာရေးနှင့် အားကစားပြိုင်ပွဲများတွင် ထူးချွန် အောင်မြင်သူမသန်စွမ်းလူငယ်များကို ထိုက်သင့်သည့်ထောက်ပံ့မှုများပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊

မသန်စွမ်းလူငယ်များအတွက် ငွေကြေးခဏတာထောက်ပံ့ပေးခြင်းထက် ပိုမို အကျိုးရှိစေမည့် ယခုလိုသင်တန်းများအပြင် အခြားလက်မှုအတတ်ပညာသင်တန်းများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ထပ်မံဖွင့်လှစ်သင်ကြားပေးနိုင်ရန် ဆက်လက်ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် ထူးချွန်ပြီး တစ်နိုင်တစ်ပိုင်စီးပွားရေး လုပ်ကိုင်လို သူများကို လိုအပ်သည့်ပံ့ပိုးကူညီမှုများ ထောက်ပံ့ပေးသွားမည်ဖြစ်သည့်အတွက် သင်တန်းသားများကလည်း အသိပညာ၊ အတတ်ပညာများကို ကြိုးစားသင်ယူပြီး မိမိတို့ဝါသနာပါရာ အိမ်တွင်း အသေးစားစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ရင်း ဘဝဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ကြိုးစား သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ နည်းပြဆရာမ ၂ ဦးတို့က လယ်ဝေးခရိုင်အတွင်းရှိ မသန်စွမ်းသူ သင်တန်းသား/သင်တန်းသူ ၃၂ ဦးတို့ကို လယ်ဝေးမြို့နယ် Training Center-2 ၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ စားသောက်ကုန်ထုန်လုပ်မှုဘာသာရပ်သင်ခန်းစာများအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် ထူးချွန်သင်တန်းသား/သင်တန်းသူ ၅ ဦးအား လက်တွေ့ထုတ်လုပ် ရောင်းချနိုင်ရေးအတွက် လုပ်ငန်းသုံးပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများအား ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်းသိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *