ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ စစ်သုံ့ပန်းများ ထားသော နေရာတစ်ခုကို ယမန်နေ့ (အောက် တိုဘာ ၂၈) ညတွင် လေတပ် ဗုံးကြဲခဲ့၍ သုံ့ပန်းအများအပြား အပါအဝင် ၁၂ ဦး သေဆုံးပြီး၊ ၆၀ ကျော် ဒဏ်ရာရခဲ့သည်ဟု စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။
သေဆုံးသူ စစ်သုံ့ပန်း ၈ ဦးတွင် အညာဒေသ၌ ဘီလူးစစ်ကြောင်းအမည်ဖြင့် သတ်ဖြတ် ရမ်းကားခဲ့သည့် ရန်ကုန်မြို့၊ တိုက်ကြီးမြို့အခြေစိုက် အမှတ် (၇၀၈) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးထွန်းနိုင်နှင့် လက်နက်ကိုင်များ ပါဝင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) က ယနေ့ နေ့လယ်တွင် သတင်းထုတ်ပြန်သည်။
ညနေ ၆ နာရီခွဲခန့်က စစ်သုံ့ပန်းများရှိသည့် အချုပ်ဆောင် ၂ ကြိမ် ဗုံးကြဲခံရသည်ဟု သိရသလို တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း နောင်ချိုမြို့နယ် ဟိုခိုကျေးရွာတွင် တည်ရှိသော အကျဉ်းထောင် ဗုံးကြဲခံရခြင်းဖြစ်သည်ဟု ဆိုသည်။
ဒေသအခြေစိုက် ရွှေဖီမြေ သတင်းဌာနကလည်း စစ်သုံ့ပန်းများ ရှိနေသည့် ဟိုခိုရွာကို လေတပ်က ဗုံး ၉ လုံး ကြဲချခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီလေယာဉ်က သုံ့ပန်းဘဝရောက်နေသော ၎င်းတို့၏ စစ်သည် အရာရှိများ ရှိသည့် နေရာကို ဗုံးကြဲမိသည့် ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်တွင်လည်း ပေါ်ပေါက်ခဲ့ဖူးသည်။ စက်တင်ဘာလအတွင်း မောင်တောမြို့နယ်ရှိ အကျဉ်းစခန်းတစ်ခုကို ဗုံးကြဲစဉ် စစ်သုံ့ပန်း ၅၀ ကျော် သေဆုံးခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ထိစပ်နေသည့် ကျေးရွာ တချို့တွင် စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်ပတ်ခန့်ကတည်းက TNLA, MDY-PDF တို့နှင့် တိုက်ပွဲများ ဖြစ် ပွားနေသည်။
ယမန်နေ့တွင် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ် ဂန့်ကော်ရွာကို သိမ်းပိုက်လိုက်ပြီး တော်လှန်ရေး တပ် များ ဆုတ်ခွာသွားသည်ဟု စစ်တပ်ဝါဒဖြန့်စာမျက်နှာများက ဖော်ပြထားသည်။ ထိုရွာသည် ဗုံးကြဲခံရ သည့် ဟိုခိုရွာနှင့် ၁၂မိုင်ခန့်ကွာဝေးသည်။
နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်ထိစပ်နေသည့် ကျေးရွာများတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ သည်ဟု MDY-PDF ၏ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောသည်။
“တိုက်ပွဲပြင်းထန်နေတာ ၂ပတ်ရှိပါပြီ။ဒီ၂ပတ်တာအတွင်းမှာ ကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြားမှာ ဒီအတိုးအဆုတ်သဘောမျိုးဖြစ်နေတဲ့နေရာတချို့ရှိပါတယ်”ဟု ၎င်းက ဆိုသည်။
တိုက်ပွဲများကြောင့် မန္တလေးမှ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ကူးသန်းသွားလာရေးတွင် ပြင်ဦးလွင် ဝက်ဝံ စစ်ဆေးရေးဂိတ်မှစ၍ ဖြတ်သန်းခွင့်ပိတ်ထားသည်၊ စစ်တပ်က ဝက်ဝံစစ်ဆေးရေးဂိတ်အနီးမှ နောင်ချိုမြို့နယ်ဘက်သို့ လက်နက်ကြီးဖြင့် ပစ်နေသည်ဟု ဒေသခံများက ဆိုကြသည်။