အောက်တိုဘာ ၂၅ ရက်နေ့တွင် လေတပ်က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံပုရာချောင်းဖျားကျေးရွာကို ဗုံးကြဲခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
နံနက် ၁၁ နာရီခန့်တွင် Y-12 ထောက်ပို့လေယာဉ်တစ်စီး ကင်းထောက် ပျံသန်းပြီးနောက် မွန်းတည့် ၁၂း၄၈ တွင် တိုက်ခိုက်ရေးလေယာဉ်တစ်စီးက ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့ခြင်းဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်သည်၊
အသက် ၃၀ ကျော်အရွယ် စောသဲမူး သေဆုံး၊ ၃၃ နှစ်အရွယ် နော်အဲ့တာမူး ဒဏ်ရာရကာ နေအိမ် ၂ လုံးနှင့် ခရစ်ယာန် ဘုရားကျောင်း ၁ ခု ပျက်စီးခဲ့သည်ဟု ဒေသခံများနှင့် KNU ထုတ်ပြန်ချက် အရ သိရသည်။
ဗုံးကြဲခဲ့သောနေရာသည် KNU/KNLA တပ်မဟာ ၆ နှင့် ပူးပေါင်းတပ်များ သိမ်းယူနိုင်ရန် ကြိုးပမ်းနေသော အနန်းကွင်းဗျူဟာအနီး၊ အနန်းကွင်းကျေးရွာ၏ တောင်ဘက် ၃ မိုင်ခန့် အကွာတွင် တည်ရှိသည်။
စစ်ကောင်စီသည် အရပ်သားများကို ပစ်မှတ်ထားနေသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“စစ်ရေးပစ်မှတ်မဟုတ်တဲ့ တညင်၊ လွတ်ရှမ်း ၊ သံပုရာ(ချောင်းဖျား) တို့ အခြားရွာတွေကို၊ ရွာသားတွေပဲ ရှိတဲ့ ရွာတွေကို နေ့ရော ညရော ကြဲနေတာ၊ လူတွေ ထိခိုက်မှု အများအပြား ရှိတယ်။ မထင်ရင် မထင်သလို ရမ်းသမ်းလျှောက်လုပ်နေတာပေါ့” ဟု ထိုသူ က ဆိုသည်။
“သူတို့စခန်းပတ်လည် လူနေအိမ်တွေကိုလည်း မီးရှို့ထားတယ်၊ မြင်ကွင်းပစ်ကွင်းရှင်းအောင်ပေါ့လေ”
အနန်းကွင်းကျေးရွာသည် ကရင်၊ ဗမာနှင့် မွတ်ဆလင်တချို့ နေထိုင်ပြီး လူဦးရေတစ်ထောင် ထက်မနည်းရှိသော ရွာကြီးဖြစ်သည်။
စစ်ကောင်စီဗျူဟာကုန်းသည် ထိုကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် အထက်တန်းကျောင်းအကြား သံဖြူဇရပ်- ဘုရားသုံးဆူ ပြည်ထောင်စုလမ်းမကြီးဘေးတွင် ကပ်လျက် တည်ရှိသည်။
ဘုရားသုံးဆူမြို့ အနောက်မြောက်ဘက် ၃၆ မိုင်အကွာရှိ အနန်းကွင်းကျေးရွာသည် ဘုရားသုံးဆူ – သံဖြူဇရပ် လမ်းပေါ်တွင် တည်ရှိပြီး ဂျပန်ခေတ်က တည်ဆောက်ခဲ့သည့် နာမည်ကျော် သေမင်းတမန်ရထားလမ်း ဖြတ်သန်းရာ ရွာဖြစ်သည်။
ထိုရွာအနီးရှိ အနန်းကွင်းဗျူဟာကို KNU/KNLA တပ်မဟာ ၆ လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းတပ်များက ဇူလိုင်တည်းက တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်တပ်များ ရင်ဆိုင်ထားဆဲ ဖြစ်သည်ဟု သိရသည်။
မွန်ပြည်နယ် သံဖြူဇရပ်နှင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အကြား စစ်ရေးအရ အချက်အချာ ကျသည့် အနန်းကွင်းဗျူဟာဝန်းကျင် စစ်ရေးအခြေအနေကြောင့် အနန်းကွင်းကျေးရွာ ဒေသခံအများစု ထွက်ပြေးတိမ်း ရှောင်နေရဆဲဖြစ်သည်။
KNU က သတ်မှတ်ထားသည့် တပ်မဟာ (၆) နယ်မြေများတွင် ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်၊ ကြာအင်း ဆိပ်ကြီးနှင့် ကျုံဒိုးမြို့နယ်တို့ ပါဝင်သည်။
အောက်တိုဘာ ၂ ရက်နေ့ကလည်း ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့ကို လေတပ်က ဗုံးကြဲတိုက် ခိုက်ရာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ ထိုနယ်မြေသည် KNU ၏ တပ်မဟာ (၅) နယ်မြေတွင် ပါဝင်နေသည်။
စစ်ကောင်စီတပ်သည် KNU ၏ တပ်မဟာ၊ (၁) ၊ (၃)၊ (၄) ၊ (၆) နယ်မြေ များတွင် ပါဝင်သော ကရင် ပြည်နယ် ၊ မွန်ပြည်နယ် သထုံခရိုင်၊ ပဲခူးတိုင်းအရှေ့ခြမ်းနှင့် စစ်တောင်းမြစ် တစ်လျှောက်၊ တနသာ်ရီ တိုင်း ဘိတ်-ထားဝယ် ခရိုင်တို့တွင်လည်း ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်မှု၍ လူသေဆုံး ထိခိုက်သလို စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦများနှင့် လူနေအိမ် အများအပြား ပျက်စီးခဲ့သည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများသည် စက်တင်ဘာနှင့်အောက်တိုဘာလအတွင်း အရှိန်မြင့်လာသည်။ စစ်ကောင်စီတပ်က လက်လွှတ်လိုက်ရသော နယ်မြေများကို မကြာခဏ ဗုံးကြဲနေရာ KNU နယ်မြေ များကိုလည်း ယခုလအတွင်း လေကြောင်းတိုက်ခိုက်မှု ပြန်လုပ်လာသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ကြီးစိုးရာ ရှမ်းမြောက်နှင့် ရခိုင်ပြည်နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ နယ်မြေစိုးမိုးသည့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် စစ်ကိုင်းတိုင်းတို့ကို စက်တင်ဘာဆန်းကတည်းက လေကြောင်းတိုက်ခိုက်မှု ဆယ်နှင့်ချီ ရှိထားသည်။