ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပူးပေါင်းကာ အာဏာသိမ်းစစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သည် နိုင်ငံအလယ်ပိုင်းဒေသသို့ အခြေချ၍ စစ်ရေးလှုပ်ရှားနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
အင်အားထောင်ဂဏန်းရှိသော BPLA သည် တပ်များကို အပြောင်းအရွှေ့ပြုလုပ်မည့်အပြင် တပ်သားသစ် ၆၀၀ ခေါ်ယူရန် စီစဉ်ထားရာ ၄၀၀ ခန့်ကို ရရှိပြီဖြစ်သည်ဟု ဆိုသည်။
မြန်မာပြည်အလယ်ပိုင်းသို့ စစ်ရေးလှုပ်ရှားတော့မည့်အကြောင်း BPLAခေါင်းဆောင်ဖြစ်သူ မောင်ဆောင်းခက Facebook တွင် ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်မှု တစ်နှစ်ပြည့်သည့် ယမန်နေ့က အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
ယမန်နှစ်ကစတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး၌ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်တပ်ထိန်းချုပ်နယ်မြေများကို ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော ကိုးကန့်တပ် (MNDAA) တအာင်းတပ်(TNLA)နှင့် အာရက္ခတပ်တော်(AA)တို့၏ ဦးဆောင်မှုအောက် ပါဝင်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်များထဲတွင် BPLAလည်း ပါဝင်သည်။
စစ်တပ် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ကာကွယ်ရေးတပ်များသည် ညီနောင်သုံးဖွဲ့၏ ဦးဆောင်မှုကြောင့် များစွာတိုးတက်ဖြစ်ထွန်းခဲ့ကြောင်း၊ ယင်းအတွက် ကျေးဇူးမေ့မည် မဟုတ်ကြောင်းလည်း မောင်ဆောင်းခက ရေးသားထားသည်။
အဆိုပါအခြေနေနှင့်ပတ်သက်၍ အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက အညာကို ရွှေ့ပြောင်းရေးမှာ စစ်တိုက်လိုခြင်းကြောင့်ဖြစ်သည်ဟု ရှင်းလင်းပြောဆိုသည်။
“ရှမ်းမြောက်မှာ အဓိက ကျွန်တော်တို့ တိုက်ရမယ့်နေရာတွေကုန်ပြီ။ အထူးသဖြင့် ညီနောင်မဟာမိတ်တိုက်ရမယ့်နေရာတွေ၊ အခုလက်ရှိဆိုရင် တိုက်ပြီးသားမြို့တွေကိုပဲ ထိန်းသိမ်းဖို့ ၊ ရန်သူစစ်ကြောင်းထိုးလာရင် ပြန်ကာဖို့ ဒီလောက်ပဲ လုပ်ရမှာ။ အဲဒါလည်း သူတို့ ကိုယ့်ဟာကို လုပ်လို့ရတယ်ဆိုတော့ ကျွန်တော်တို့ စပြီး အညာကို ရွှေ့လို့ရပြီ” ဟု ၎င်းက ဆိုသည်။
“အညာကို ရွှေ့တယ်ဆိုတာကလည်း BPLAရဲ့ အဓိက ရည်မှန်းချက်ဖြစ်ပါတယ်”
BPLA အနေဖြင့် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် တိုင်းရင်းသားလက်နက်ကိုင်များ၏ ကွပ်ကဲမှုအောက် သုံးနှစ်ခန့် စစ်ရေးအတွေ့အကြုံရရှိထားပြီးဖြစ်ရာ အညာဒေသတွင် စစ်ဆင်ရေးဖော်ဆောင်နိုင်မည်ဟု ယုံကြည်သော်လည်း အင်အားသစ်များစုဆောင်း၍ လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်ရန် အချိန်ကာလတစ်ခု လိုအပ်နေသေးကြောင်း အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ဟိုအစောပိုင်းကတည်းက တိုင်းရင်းသားလက်နက်ကိုင်နယ်မြေထဲမှာ တပ်ကို သေချာခိုင်မာအောင် တည်ဆောက်၊ အခြားလူမျိုးစုတွေရဲ့ ယုံကြည်မှုကို ရအောင်ယူပြီးရင် လက်နက်တပ်ဆင်တာတွေ၊ စစ်ရေးအတွေ့ အကြုံယူတာတွေ လုပ်ပြီးတော့ သုံးနှစ်တာ ကာလမှာ ကိုယ်ကိုတိုင် စစ်ဆင်ရေးတစ်ခုကို ဖော်ဆောင်နိုင်ပြီလို့ ယုံကြည်တဲ့အတွက် အညာကို အဓိက ဆင်းမှာ”ဟု ၎င်းက ရှင်းပြသည်။
ကဗျာဆရာ၊ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ဇာတိ၊ BPLA ခေါင်းဆောင် မောင်ဆောင်းခ၏ အညာသို့ သွားရောက်မည်ဟု ကြေညာလိုက်သောအခါ ထောက်ခံသူအများအပြားက အောင်မြင်ပါစေ၊ ကြိုဆိုနေကြောင်း စသဖြင့် မှတ်ချက်ပေးတုံ့ပြန်နေကြသည်ကို တွေ့ရသည်။
BPLA သည် ၂၀၂၁ ဧပြီ ၁၇ တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေတွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် တိုင်းရင်းသားတပ်များ၏ အကူအညီဖြင့် စစ်ရေးလေ့ကျင့်မှု၊ စစ်ရေးဖော်ဆောင်မှုများတွင် ပါဝင်တွန်းလှန်နေသည့် ကာကွယ်ရေးတပ်တစ်ခုဖြစ်သည်။
အဆိုပါစစ်ရေးလှုပ်ရှားမှုများအနက် ညီနောင်သုံးဖွဲ့ ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးသည် စစ်ကောင်စီတပ်ကို အကြီးအကျယ်အထိနာစေခဲ့သည့် စစ်ဆင်ရေးဖြစ်သည်။
အဆိုပါစစ်ဆင်ရေးအရှိန်ဖြင့် မြို့သိမ်းတိုက်ပွဲများကို ရှမ်းပြည်နယ် မြောက်ပိုင်းတွင်သာမက ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းအထိပါ ထိုးဖောက်၍ မြို့များကို သိမ်းယူနိုင်ခဲ့ကြသည်။
ထိုစစ်ဆင်ရေးကြောင့် တစ်နှစ်အတွင်း ရှမ်းမြောက်၊ ရခိုင်၊ ချင်းနှင့် မန္တလေးမှ မြို့ပေါင်း ၃၈ မြို့ကို လက်လွှတ်လိုက်ရသည့် စစ်တပ်တွင် တပ်ရင်းတပ်ဖွဲ့ ၁၃၀ နီးပါး ပျက်စီးသွားခဲ့သည်ဟု စစ်ရေးလေ့လာသူအချို့က ခန့်မှန်းသည်။
ယင်းအနက် လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) ကိုးကန့်တပ် MNDAA လက်အောက် ကျရောက်သွားခြင်းမှာလည်း စစ်တပ်အတွက် အရှက်ရဖွယ်ရာ ရှုံးနိမ့်မှုဖြစ်သလို စစ်တပ်သမိုင်းတလျှောက် တိုင်းစစ်ဌာနချုပ်တစ်ခု ရန်သူ့လက်ထဲ ပထမဆုံးကျသွားခဲ့ခြင်းဖြစ်သည်။