ylliX - Online Advertising Network
ကချင် ဗန်းမော် မိုးမောက်ဘက် တိုက်ပွဲ ပြင်းထန်

ကချင် ဗန်းမော် မိုးမောက်ဘက် တိုက်ပွဲ ပြင်းထန်



ကချင်ပြည်နယ် ဗန်းမော်နဲ့ မိုးမောက်မြို့နယ်ထဲ စစ်ကောင်စီဘက်က လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်နေလို့ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ဗွီအိုအေကိုပြောပါတယ်။ လောလောဆည်မှာKIA က ပန်ဝါမြို့ကို အုပ်ချုပ်မှုယန္တရားတွေ လည်ပတ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ကချင်ပြည်နယ်ဘက်က စစ်ရေးနောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ ကချင်ပြည်နယ်အရှေ့ပိုင်း ချီဖွေ၊ ဆော့လော်မြို့နယ်တွေကို စက်တင်ဘာလကုန်ပိုင်းက စတင်ထိုးစစ်ဆင်ခဲ့ပြီး ဒီလအတွင်းမှာပဲ ချီဖွေ၊ဆော့လော်နဲ့ ပန်ဝါမြို့အပါအဝင် နယ်ခြားစောင့်တပ် အမှတ် ၁၀၀၂နဲ့ ၁၀၀၃ တို့ကို သိမ်းယူခဲ့တာပါ။

ဒီရက်ပိုင်းတွေအတွင်း ကချင်ပြည်နယ်အရှေ့ပိုင်း တရုတ်မြန်မာနယ်စပ်က ပန်ဝါနဲ့ ကန်ပိုက်တီဘက်မှာ တိုက်ပွဲတွေ ငြိမ်သက်နေပြီး မိုးမောက်မြို့နယ်မှာတော့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၂၈ရက်နေ့ မနက်ပိုင်းကနေ စလို့ အခုချိန်အထိ ဗန်းမော်နဲ့ မိုးမောက်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့အခြေအနေ ဗိုလ်မှုးကြီးနော်ဘူက ဗွီအိုအေကို အခုလိုပြောပြပါတယ်။

“ အဲဒီဘက်ကတော့ တိုက်ပွဲ ပြန်ပြီးမှ ဆက်တိုက်လိုဖြစ်ပါတယ်။ နေ့တိုင်းလိုဖြစ်ပါတယ်။ လေကြောင်းတို့ ပေါ့နော်။ လက်နက်ကြီးမျိုးစုံ။ နောက် သူတို့ရဲ့ သံချပ်ကာ ကားတွေအထိ သုံးတဲ့ တိုက်ပွဲတွေ။ ဗန်းမော်ဘက်ကနဲ့ မိုးမောက်ဘက်ကို တက်တဲ့ စစ်ကြောင်းတွေ ရှိပါတယ်။ ကျနော်တို့ ခုခံတိုက်ပွဲကတော့ နေ့တိုင်းလို ရှိပါတယ်။ ဒီနေ့လည်း ဒီမနက်ကတည်းကနဲ့ အခုချိန်ထိပေါ့ လေကြောင်းနဲ့ ဗုံးကြဲတာတွေ ရှိပါတယ်။ ”

လောလောဆယ် KIA က ပန်ဝါမြို့ကို အုပ်ချုပ်မှုယန္တရားတွေ လည်ပတ်နိုင်ဖို့ ဆောင်ရွက်နေသလို ကန်ပိုက်တီဘက်မှာတော့ တိုက်ပွဲတွေ ငြိမ်နေကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ ပန်ဝါဘက်မှာတော့ အခုအချိန်ကတော့ တည်ငြိမ်တဲ့အနေအထားဖြစ်ပါတယ်။ ကျနော်တို့ KIO တွေလည်း အုပ်ချုပ်မှုယန္တရားတွေကို ပြန်ချနိုင်ဖို့အတွက် လိုအပ်တာတွေကို စီစဉ်နေပါတယ်။ ပြည်သူလူထုတွေလည်း သိပ်ပြီးမှ ထူးထူးခြားခြား အခြေအနေကတော့ မရှိဘူး။ ကန်ပိုက်တီဘက်ကမှာလည်း ကန်ပိုက်တီမြို့တွင်း မှာတော့ တိုက်ပွဲတော့ မရှိဘူး။ ၁၀၀၃ တပ်ရင်းဌာနတွေကို ကျနော်တို့ သိမ်းတဲ့နောက်ပိုင်းမှာကတော့ ဘာမှ ထူးခြားတာမရှိဘူးခင်ဗျ။”

နယ်ခြားစောင့်တပ်အမှတ် ၁၀၀၃ဟာ ကန်ပိုက်တီနဲ့ ၁၅မိုင်ခန့်အကွာမှာတည်ရှိပြီး ဒီလ အောက်တိုဘာလ ၂၁ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တာပါ။ ဒီရက်ပိုင်းမှာတော့ ကန်ပိုက်တီဘက်မှာ နှစ်ဘက်တပ်တွေအကြား စစ်ရေးတင်းမာနေကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ ကချင်အထူးဒေသ၁က နယ်မြေတွေကို KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်ချိန်မှာ တရုတ်နိုင်ငံဘက်က နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ရပ်တန့်ဖို့အတွက် တိုက်တွန်းတာတွေရှိခဲ့သလို နယ်စပ်ဒေသတလျောက်က ကုန်သွယ်ရေးဂိတ်တွေကိုလည်း ပိတ်ထားပါတယ်။ KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဒီနှစ် မတ်လ ၇ရက်နေ့က လိုင်ဇာဒေသတဝိုက်နဲ့ မြစ်ကြီးနား- ဗန်းမော်လမ်းတကြောက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်ခဲ့တာပါ။

မိုးမောက်မြို့နယ်က စစ်ရေးအရာ အရေးပါတဲ့ ခမရ ၄၃၇ တပ်ရင်းကိုသြဂုတ်လအတွင်းမှာ သိမ်းယူခဲ့ပါတယ်။ ခမရ ၄၃၇က ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ရဲ့ လုံခြုံရေးအတွက် အရေးပါတာကြောင့် စစ်ကောင်စီတပ်ဘက်က ဒီတပ်ရင်းစခန်းကို ပြန်လည်ရရှိရေးအတွက် ပြန်လည် ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်းက တိုက်ပွဲသတင်းတွေကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မတွေ့ရပါဘူး။



Source link

Leave a Reply

Your email address will not be published. Required fields are marked *