ylliX - Online Advertising Network
ထီးလင်းတွင် အဖမ်းခံရသည့်တော်လှန်ရေးအဖွဲ့ဝင်၄ ဦး မီးရှို့သတ်ဖြတ်ခံရ - Myanmar Now

ထီးလင်းတွင် အဖမ်းခံရသည့်တော်လှန်ရေးအဖွဲ့ဝင်၄ ဦး မီးရှို့သတ်ဖြတ်ခံရ – Myanmar Now


မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲရွာကို အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်း စစ်တပ်က အလစ်အငိုက် စီးနင်းမှုတွင်  တော်လှန်ရေးအဖွဲ့ဝင် ၅ ဦး သတ်ဖြတ်ခံရပြီး ၄ ဦး၏ ရုပ်အလောင်းများမှာ မီးရှို့ခံထားရသည်။

ထီးလင်းမြို့မှ ထွက်လာသည့် စစ်တပ်နှင့် ပျူစောထီးအင်အား ၈၀ ပါ စစ်ကြောင်းသည် မြို့တောင်ဘက် ၄ မိုင်ခန့်အကွာ ကျားခဲရွာကို  နံနက် ၄ နာရီခွဲတွင် ဝင်ရောက်စီးနင်းစဉ် ရွာအနောက်ပိုင်း၌ လုံခြုံရေး ကင်းစောင့်နေသည့် တော်လှန်ရေးအဖွဲ့ဝင် ၄ ဦး  အငိုက်မိပြီး ဖမ်းဆီးခံရသည်။ 

၎င်းတို့မှာ အသက် ၃၀ နှင့် ၄၀ ကြားအရွယ်များဖြစ်သော ကိုသန်းစိန်မင်း၊ ကိုမျိုးကျော်၊ ကိုမင်းသူနှင့် ကိုဝင်းဆန်းဦး တို့ဖြစ်ကြပြီး ၃၀ အရွယ် ကိုနေဆန်းဝင်းဆိုသူမှာလည်း  ရွာအပြင် လယ်ကွင်းထဲတွင် ပစ်သတ်ခံရသည်။ 

စစ်ကြောင်းဝင်ရောက်ချိန်တွင် ကျေးရွာထဲတွင် ပိတ်မိကျန်ရစ်သည့် ဒေသခံများ၏ ပြောဆိုချက်အရ  ဖမ်းမိသွားသူများကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းဖြစ်နိုင်သည်ဟု တော်လှန်ရေးအင်အားစု များက မှတ်ချက်ပြုသည်။ 

“ဖမ်းဆီးပြီး သိပ်မကြာတဲ့အချိန်မှာ မီးခိုးတွေ အူပြီးထွက်လာတယ်။ အဲ့ဒီအချိန်မှာ ဒေသခံတွေက အများကြီး ရွာထဲမှာ ကျန်သေးတယ်။ ထွက်မပြေးနိုင်သေးတဲ့ ကျန်နေတဲ့ ဒေသခံတွေက ကြားတယ်။ မီးခိုးကိုမြင်တယ်။ မီးခိုးတွေ ထွက်နေတဲ့အချိန်မှာ အော်သံတွေ၊ ငယ်သံပါအောင် အော်နေတဲ့ အသံတွေကို ဒေသခံတွေက ကြားနေရတာ” 

“ သူတို့(စစ်တပ်)ပြန်သွားပြီး သွားကြည့်လိုက်တဲ့အချိန်မှာ အလောင်း ၄ လောင်းက မီးလောင်လို့ ကျွမ်း ထားတဲ့အလောင်းတွေကို တွေ့ရတာ”ဟု ယောတော်လှန်ရေးတပ်-YRA (ထီးလင်း) မှ သခင်ဇော်က ပြော သည်။ 

ထို့နေ့ နံနက်မှာပင် စစ်တပ်စစ်ကြောင်းက ပြန်ထွက်သွားပြီးနောက် တော်လှန်ရေးအင်အားစုများက ရွာထဲ ဝင်ရောက်ကြည့်ရှုရာ ရုပ်ဆင်းသဏ္ဌာန်ပင် မပီပြင်တော့သည့် မီးရှို့ခံထားရသည့် ရုပ်အလောင်း ၄ ခုကို လုံခြုံရေးကင်းတဲအနီးဝန်းကျင်၌ တွေ့ရှိရခြင်း ဖြစ်သည်။

မီးကျွမ်းနေသည့် တော်လှန်ရေးအဖွဲ့ဝင် ၄ ဦး၏ ရုပ်အလောင်းများ။ (ဓာတ်ပုံ- ပေးပို့)

ကိုနေဆန်းဝင်း၏ ရုပ်အလောင်းကိုမူ မီးရှို့မထားဟု ဆိုသည်။ 

သတ်ဖြတ်ခံရသည့် ထို၅ ဦးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ တစ်ဦး၊ ကျေးရွာပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ)  မှ ၄ ဦးတို့ ဖြစ်ကြသည်ဟု သိရသည်။ 

မြို့နှင့် မလှမ်းမကမ်းတွင် ရှိသည့် ကျားခဲရွာကို စစ်တပ်က ယခင်ကလည်း ဝင်ရောက်စီးနင်းလေ့ရှိပြီး ထို အချိန်များ၌ စစ်တပ်ဘက်မှ ထိခိုက်မှုများ ရှိကာ ယခုအကြိမ်တွင် အလစ်အငိုက် ဝင်ရောက်စီးနင်းခြင်း ဖြစ်သည်ဟု ဂန့်ဂေါခရိုင် ပကဖ တာဝန်ခံ ဆရာကျော်က ပြောသည်။ 

ကျားခဲကျေးရွာမှ ပြန်ဆုတ်သွားသည့် စစ်ကြောင်းကိုလည်း ဒေသကာကွယ်ရေးအဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရသူများရှိသည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသော်လည်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။ 

ကျားခဲရွာကို နာရီပိုင်း စီးနင်းမှုအပြီး ဒေသခံ အမျိုးသား ၃ ဦးထက်မနည်းကိုလည်း စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားရာ အောက်တိုဘာ ၂၇ ရက် မွန်းလွဲအချိန်အထိ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ် သည်ဟု ဒေသတော်လှန်ရေးအင်အားစုများက ဆိုသည်။ 

ကျားခဲရွာဒေသခံများမှာလည်း အဆိုပါစစ်ကြောင်းရန် ကြောက်ရွံ့၍ နေရပ်မပြန်ရဲသေးဘဲ ဘေးလွတ်ရာ ရှောင်တိမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။ 



ကျားခဲရွာကို လာရောက်စီးနင်းသည့် စစ်ကြောင်းတွင် ထီးလင်းမြို့ပေါ်တွင် ကာလရှည်ကြာ တပ်စွဲထား သည့်  အမှတ် (၅၁) ခြေလျင်တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုနှင့် စစ်တပ်က လက်နက် တပ်ဆင်ပေးထားသည့် ပြည်သူ့စစ်  ခေါ် ပျူစောထီးများ ပါဝင်သည်ဟု တော်လှန်ရေးအင်အားစုက ပြော သည်။ 

ချင်း၊ စစ်ကိုင်းတိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မကွေးတိုင်းမြောက်ပိုင်း ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု စသည့်မြို့နယ်များပါဝင်ရာ ယောဒေသသည် လက်နက်ကိုင်ခုခံမှုအားကောင်းရာဒေသ ဖြစ်ပြီး တော်လှန်ရေးအင်အားစုများက ကျေးရွာအများစုတွင် နယ်မြေစိုးမိုးထားသည်။ 
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကလည်း ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းမှ စစ်တပ်နှင့် ပြည်သူ့စစ်များက ဖမ်းဆီးရ မိသည့် ယောဒေသကာကွယ်ရေး (YDF) တပ်ဖွဲ့ဝင်များဖြစ်သည့် ကိုဖိုးတေနှင့် ကိုသားထောင် တို့ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်။

စစ်ကောင်စီစစ်ကြောင်းများကလည်း လက်နက်ကိုင်ခုခံမှု အားကောင်းသည့် ယောဒေသ ကျေးရွာများကို မီးရှို့ကာ ဒေသခံအများအပြားသတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက် မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့သည်။

ဧပြီ ၃ ရက်က ဂန့်ဂေါမြို့နယ် ရေမျက်နီကျေးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့သွားစဉ်။ (ဓာတ်ပုံ- ထီးလင်းပကဖ)





Source link

Leave a Reply

Your email address will not be published. Required fields are marked *