လစဉ် ရာသီလာချိန်မှာ ဆုံးရှုံးသွားတဲ့ သံဓာတ်ကို ဖြည့်တင်းဖို့အတွက် သံဓာတ်အားဖြည့်ဆေးကို သောက်ကြပါတယ်။ ဒီလို သောက်ကြတဲ့အခါ ဝမ်းချုပ်တာ၊ အသားရောင်က ရင့်သွားတာမျိုးတွေကို ခံစားရတာကြောင့် သံဓာတ် အားဖြည့်ဆေးသောက်ရမှာကို ခပ်လန့်လန့်ဆိုတဲ့ လေဒီလေးတွေအတွက် သံဓာတ် အားဖြည့်ဆေးသောက်ပြီးချိန်မှာ ဝမ်းချုပ်တာမျိုး မဖြစ်ရအောင် ဘယ်လို ဖြေရှင်းလို့ ရမလဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်။
သံဓာတ်အားဖြည့်ဆေးသောက်ပြီး ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ရာ
သံဓာတ် အားဖြည့်ဆေးသောက်ချင်တယ်။ ဝမ်းလည်း မချုပ်ချင်ဘူး ဆိုရင်တော့ –
- ဆေးပမာဏ မှန်ကန်ပါစေ
သံဓာတ်အားဖြည့်ဆေးသောက်တဲ့အခါ အစာခြေစနစ်ထဲမှာ သံဓာတ်တွေ ပိုလျှံတာမျိုးကြောင့် ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ဆိုရင် သံဓာတ်လိုအပ်ချက်ကို မလိုမပိုဘဲ ဖြည့်တင်းမိဖို့ လိုပါမယ်။ အသက် ၅၀ နှစ်အောက် အရွယ်ရောက်ပြီးသူတိုင်း အနေနဲ့ တစ်နေ့တာကို သံဓာတ် ၈မီလီဂရမ်ထက် မပိုစေဘဲ သောက်ပေးလို့ ရပါတယ်။
ဒီပမာဏက တစ်ယောက်နဲ့ တစ်ယောက်မှာ ကွာခြားတာမျိုး ရှိနိုင်တာကြောင့် ဆရာဝန်နဲ့ သေချာ တိုင်ပင်တာကတော့ အကောင်းဆုံး ဖြစ်မှာပါ။
- သဘာဝ အရင်းအမြစ်တွေကနေ ရယူပါ
သံဓာတ် အားဖြည့်ဆေးကြောင့် ဝမ်းချုပ်မှာကို စိုးရိမ်တယ်ဆိုရင်တော့ သံဓာတ်ကို ရရှိနိုင်တဲ့ သဘာဝ အစားအသောက်တွေကို နေ့စဉ်စားသုံးမှုမှာ ထည့်သွင်း စားသုံးပေးတာကလည်း နည်းလမ်းကောင်း တစ်ခုပါ။
- အမျှင်ဓာတ် စားပေးဖို့ မမေ့ပါနဲ့
သံဓာတ်အားဖြည့်ဆေး သောက်နေချိန်မှာ အူတွေရဲ့ လှုပ်ရှားမှုကောင်းစေဖို့နဲ့ အူနံရံတွေရဲ့ ရေဓာတ်စုပ်ယူနိုင်စွမ်း ကောင်းစေဖို့ နေ့စဉ် စားသုံးမှုမှာ အမျှင်ဓာတ်ပါဝင်စေဖို့အတွက် အသီးအရွက်တွေနဲ့ သစ်သီးတွေကို ထည့်သွင်း စားသုံးပေးလို့ ရပါတယ်။
- အထိုင်များတာကို လျှော့ပါ
အထိုင်များတာက ဝမ်းချုပ်စေနိုင်တာကြောင့် နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုလေးတွေ ပုံမှန် လုပ်ပေးပါ။ လမ်းလျှောက်တာကစလို့ နှစ်သက်ရာ ကိုယ်လက်လှုပ်ရှားမှုလေးကို ပုံမှန် လုပ်ပေးတာက သံဓာတ်အားဖြည့်ဆေး သောက်တာကြောင့် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။
- ရေများများသောက်ပါ
သံဓာတ်အားဖြည့်ဆေး သောက်နေရချိန်မှာ ရေကို တတ်နိုင်သမျှများများလေး သောက်ပေးဖို့ လိုပါမယ်။ ဒါမှ ဝမ်းချုပ်တာကို သက်သာစေပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေမှာပါ။
သံဓာတ်အားဖြည့်ဆေးသောက်ပြီး ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ဆိုရင် ဒီအချက်လေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။
The post သံဓာတ်အားဖြည့်ဆေးသောက်ပြီး ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ရာ appeared first on LOTOSHINN.