၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာနိုင်ငံကို အာဏာသိမ်းပြီးနောက် တိုင်းပြည်အတွင်း လူငယ်တွေအများစုရဲ့ အနာဂတ်နဲ့ ပညာရေးအခွင့်အလမ်းတွေလည်း နည်းပါးသွားခဲ့ပါတယ်။
အဲဒီအချိန်ကနေစပြီး မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေဟာ မိမိရဲ့အနာဂတ်အတွက် ပညာရေးအခွင့်အလှမ်းတွေရှာဖွေဖို့ နိုင်ငံရပ်ခြားအိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာပြီးပညာသင်ကြားကြသူတွေ ပိုမိုများပြားလာခဲ့တာဘဲ ဖြစ်ပါတယ်။
ခုလိုနိုင်ငံရပ်ခြားမှာပညာသင်ကြားသူတွေ များပြားလာတာကြောင့် နိုင်ငံခြားကျောင်းတွေမှာတတ်ရောက်နေကြတဲ့ စီနီယာကျောင်းသားတွေကနေပြီးတော့ ကျောင်းသားအချင်းချင်းကူညီဖေးမဖို့အတွက် ကျောင်းသားအဖွဲ့အစည်းတချို့ကို ဖွဲ့စည်းလာကြပါတယ်။
အဲဒီထဲမှာ လက်ရှိတရုတ်နိုင်ငံမှာတက်ရောက်နေကြတဲ့ ကချင်ကျောင်းသားတွေ ဖွဲ့စည်းထားတဲ့ Hpaji Mahkrai ဆိုတဲ့ ကျောင်းသားအဖွဲ့အစည်းလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
Hpaj Mahkrai အဖွဲ့ကိုတော့ တရုတ်ပြည်မှာကျောင်းတက်နေတဲ့ ကချင်ကျောင်းသား ၉ ဦးကနေပြီးတော့ ၂၀၂၄ မေလ၂၆ရက်နေ့ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး စက်တင်ဘာ၂၈ရက်နေ့မှာတော့ Hpaji Mahkrai အဖွဲ့အစည်း မိတ်ဆက်ပွဲနဲ့ ကျောင်းသားသစ်ကြိုဆိုပွဲကို ကျင်းပခဲ့တာဘဲဖြစ်ပါတယ်။
Hpaji Mahkrai ကျောင်းသားအဖွဲ့အစည်းအနေနဲ့ လက်ရှိဘာတွေလုပ်ဆောင်နေလဲ အနာဂတ်ပန်းတိုင်ရည်မှန်းချက်တွေက ဘာတွေဖြစ်မလဲဆိုတာနဲ့ ပက်သက်ပြီး Hpaji Mahkrai အဖွဲ့အစည်းရဲ့ အတွင်းရေးမှူး ကိုဂျန်မော်ဂမ်ဖန်( Jangmaw Gam Hpang)ကို KNG ကဆက်သွယ်မေးမြန်းထားပါတယ်။
မေး–ကျေးဇူးပြုပြီး မိတ်ဆက်ပေးပါအုံးဗျ။
ဖြေ–ကျွန်တော်နာမည်ကတော့ဂမ်ဖန်ဖြစ်ပါတယ်..ကျွန်တော်က Hpaji Mahkraiကျောင်းသား အဖွဲ့အစည်းရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူနေပြီးတော့ လက်ရှိကူမင်း ယူနန်တက္ကသိုလ်မှာ International Relationship ဘာသာရပ်နဲ့ပက်သက်ပြီး အဓိကသင်ယူနေတာဘဲ ဖြစ်ပါတယ်”။
မေး-Hpaji Mahkrai ရဲ့ ရည်ရွယ်ချက်နဲ့ စတင်ဖွဲ့စည်းဖြစ်ခဲ့တဲ့အကြောင်းလေး ပြောပေးပါအုံး။
ဖြေ–ဒီအဖွဲ့အစည်းကိုမလုပ်ခင်ကတည်းကနေ ကျွန်တော်တို့စိတ်ထဲမှာကိုက တရုတ်ပြည်ကကျောင်းတွေမှာ ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက် ဆက်သွယ်ကူညီပေးနိုင်မယ့် အဖွဲ့အစည်းတစ်ခုကတော့လိုနေပြီလို့အကုန်လုံးကတွေးမိကြတဲ့အတွက် လက်ရှိHpaji Mahkrai ခေါင်းဆောင် ဒေါက်တာမရန်နန်ဆန် အပါအဝင် ကျောင်းသား၉ဦးကနေပြီးတော့ အားတဲ့တစ်ရက်မှာ သေချာဆွေးနွေးတိုင်ပင်ပြီး ဒီအဖွဲ့အစည်းကို လုပ်ဖြစ်ခဲ့ပါတယ်။
မေး-Hpaji Mahkrai အဖွဲ့အစည်းကို ဖွဲ့စည်းတည်ထောင်နိုင်ဖို့အတွက် ဘယ်လို့အခက်အခဲတွေကိုကျော်ဖြတ်ခဲ့ရလဲ။
ဖြေ-Hpaji Mahkrai အဖွဲ့အစည်းကို စတင်ဖွဲ့စည်းခဲ့တုန်းက အခက်အခဲတွေရှိခဲ့တယ်။ အဲဒီထဲမှာမှ လုပ်ဖို့စဉ်းစားထားတဲ့အရာကို လက်တွေ့အကောင်အထည်မဖော်လိုက်ရတာတွေ၊ ပြီးတော့ ဘယ်လိုစတင်ရမလဲ အားလုံးက လူငယ်တွေဖြစ်နေတဲ့အပြင် ငွေကြေးခက်ခဲမှုတွေရှိနေတဲ့အတွက် လုပ်ဆောင်ချင်တဲ့အရာတွေကို ခက်ခဲသွားတာတွေလည်းရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့အဖွဲ့အစည်းက ကျောင်းတက်နေတဲ့လူငယ်တွေ အဓိကဦးဆောင်နေတဲ့အတွက်ကျောင်းဘက်ကို အချိန်ပေးရတာတွေရှိနေတဲ့အတွက် အစည်းအဝေးတွေကိုတောင် အွန်လိုင်းကနေဘဲ လုပ်ဆောင်လိုက်ရတာတွေလည်းရှိတယ်။ ဒါအပြင် မြန်မာနိုင်ငံတစ်ခုလုံး ဒုက္ခရောက်နေကြတဲ့အချိန်အခါဖြစ်တဲ့အတွက် Hpaji Mahkrai ဘက်က ထုတ်ပြန်တဲ့အရာတွေကို ပြည်သူလူထုက သေချာမသိလိုက်တာတွေက ကျွန်တော်တို့အတွက် စိန်ခေါ်မှုတွေဘဲ ဖြစ်ပါတယ်။
မေး-Hpaji Mahkrai က ဘယ်လိုလူငယ်အတွက်ရည်ရွယ်ပြီးလုပ်ဖြစ်တာလဲဗျ။
ဖြေ–ကျွန်တော်တို့ဘက်ကတော့ ဘယ်သူ့အတွက်ဆိုပြီးတော့ သီးသန့်မရှိပါဘူး အဓိကအားဖြင့်ပညာရေးနဲ့ပက်သက်ဆက်နွယ်တဲ့အရာတွေကို လုပ်ဆောင်သွားမှာဖြစ်ပြီး အသက်အရွယ်ကောင်းတဲ့လူငယ်တွေကို တရုတ်ပြည်မှာရှိတဲ့ တက္ကသိုလ်ကြီးတွေမှာ ပညာသင်ယူနိုင်အောင် အခွင့်အလမ်းတွေရှာဖွေပေးနေတာဘဲ ဖြစ်ပါတယ်။ တရုတ်ပြည်မှာ ကျောင်းဘယ်လိုတက်ရမလဲ ဘယ်လိုဆက်သွယ်ရမလဲဆိုပြီး အခက်အခဲတွေကြုံတွေ့နေရတဲ့လူငယ်တွေအတွက် ရည်ရွယ်ပြီး ဖွဲ့စည်းထားတာဖြစ်တယ်လို့ပြောချင်ပါတယ်။”
မေး-Hpaji Mahkrai အနေနဲ့လက်ရှိဘယ်လိုအရာတွေကိုလုပ်ဆောင်နေလဲ။
ဖြေ–ကျွန်တော်တို့အခုလက်ရှိလုပ်ဆောင်နေတဲ့အရာတွေကတော့ Chines Testing International(CTI) နဲ့လက်တွဲပြီး လိုင်ဇာမြို့နဲ့မိုင်ဂျာယန်မြို့လိုနေရာမျိုးမှာ တရုတ်စာအရည်အချင်းစစ်စာမေးပွဲ HSK ကိုကျင်းပလာနိုင်အောင် ကြိုးစားလုပ်ဆောင်နေတာဘဲ ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ကတော့ တက္ကသိုလ်ကြီးတွေကိုဆက်သွယ်ပြီး ကျောင်းလျှောက်ပေးမယ့် လုပ်ငန်းစဉ်တွေကို လာမယ့်၁၂ လပိုင်းလောက်မှာ ကျောင်းသားစာရင်းတွေကိုလက်ခံနေပြီဘဲ ဖြစ်ပါတယ်။ တတိယအနေနဲ့က ကျောင်းသားတွေကို ပညာသင်ဆုလျှောက်ဖို့ ကူညီပေးနေပြီဘဲ ဖြစ်ပါတယ် စတုတ္ထအနေနဲ့ကတော့ တရုတ်နိုင်ငံရောက်နေပေမယ့် တရုတ်စကား တရုတ်စာမတတ်တဲ့သူတွေကို ကူညီပေးနေပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ တရုတ်နိုင်ငံမှာ ဆေးကုသမှုခံယူဖို့သွားချင်တဲ့သူတွေကို သင့်တော်တဲ့ဆေးရုံကြီးတွေကုသမှုခံယူနိုင်ဖို့ ကူညီဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောပြချင်ပါတယ်။
မေး– Hpaji Mahkrai ကျောင်းသားအဖွဲ့အစည်းရဲ့အနာဂတ်မှာကော ဘာတွေလုပ်ဆောင်သွားဖို့ရှိလဲ။
ဖြေ–ကူမင်းရောက်ကျောင်းသားတွေအတွက် စွမ်းဆောင်ရည်မြှင့်တင်ပွဲလိုမျိုးတွေကို စာသင်နှစ်တိုင်းလိုကျင်းပသွားမှာဖြစ်ပြီး ကျောင်းသားသစ်ကြိုဆိုပွဲတွေကိုလည်းပြုလုပ်သွားမှာဖြစ်ပါတယ်။ဒုတိယအနေနဲ့ ရိုးရာဓလေ့ဟောပြောပွဲတွေကို သက်ဆိုင်သူတွေကိုလက်တွဲပြီးပြုလုပ်သွားမှာဖြစ်ပါတယ်။ တတိယအနေနဲ့ကတော့ တရုတ်ကျောင်းသားတွေနဲ့ပြောဆိုဆက်ဆံပြီးရင်းနှီးမှုတည်ဆောက်တာတွေကိုပါ ပြုလုပ်သွားမှာြဖစ်ပါတယ်။ ပြီးတော့ နိုင်ငံတကာက ရောက်လာတဲ့ကျောင်းသားတွေနဲ့လည်းခင်မင်မှုအနေနဲ့ အားကစားပွဲတွေကျင်းပသွားမှာဘဲ ဖြစ်ပါတယ်။ ဒါတွေအားလုံးက Hpaji Mahkrai ကနေပြီးတော့ လုပ်ဆောင်သွားမယ့်အရာတွေဖြစ်ပါတယ်။
မေး-Hpaji Mahkrai ကျောင်းသားအဖွဲ့အစည်းရဲ့ပန်းတိုင်ဆိုရင်ကဘာတွေဖြစ်မလဲ။
ဖြေ–ကျောင်းသားတွေအနေနဲ့ အဆင်မြင့်ပညာရပ်ပေါင်းစုံကို သင်ယူနိုင်ပြီး ကျောင်းပြီးသွားပြီဖြစ်တဲ့ သူတွေအနေနဲ့လည်း တိုင်းပြည်အတွက်ဖြစ်ဖြစ် ကိုယ်အသက်မွေးဝမ်းကျောင်းအတွက်ဖြစ်ဖြစ် သင်ယူထားတဲ့အရာကို လက်တွေ့အသုံးချနိုင်ဖို့ရည်ရွယ်ပါတယ်။ ပန်းတိုင်လို့ပြောရမယ်ဆိုရင် အခုအချိန်မှာက ကျွန်တော်တို့တိုင်းပြည်မတည်မငြိမ်ဖြစ်နေတဲ့အချိန်တွေမှာ အသက်အရွယ်ငယ်တဲ့လူငယ်တွေအနေနဲ့ ရှေ့ကနေ မားမားမတ်မတ်နဲ့ ဦးဆောင်လမ်းပြပြီးလုပ်ဆောင်နိုင်ဖို့က ကျွန်တော်တို့ရဲ့ပန်းတိုင်ဘဲ ဖြစ်ပါတယ်”။
မေး–နောက်ဆုံးအနေနဲ့ဖြည့်စွက်ပြီး ပြောချင်တာလေးများရှိရင်ပြောပေးပါအုံး။
ဖြေ–နောက်ဆုံးအနေနဲ့ Hpaji Mahkrai ကိုယ်စား ပြောချင်တာက ကချင်လူငယ်တွေအနေနဲ့ ခေတ်မှီပြီးအဆင်မြင့်တဲ့ပညာရပ်တွေကို သင်ယူတဲ့နေရာတွေမှာ တန်ဖိုးရှိတဲ့လူငယ်အချိန်တွေကိုရင်းပြီး ကျွန်တော်တို့လိုချင်တဲ့ စစ်မှန် လွတ်မြောက်အောင်မြင်မှုရရှိမယ့်တိုင်းပြည်ကို လျှောက်လမ်းသွားပါစို့လို့ အာပေးချင်ပါတယ်။
By – Hope
The post တရုတ်နိုင်ငံ တက္ကသိုလ်တွေမှာ ပညာသင်ယူချင်တဲ့လူငယ်တွေကို ကူညီပေးမယ့် Hpaji Mahkrai appeared first on Kachin News Group (KNG).