ylliX - Online Advertising Network
လေခဏီ - တော်လှန်ရေးမျက်နှာစာ

လေခဏီ – တော်လှန်ရေးမျက်နှာစာ



(မိုးမခ) အောက်တိုဘာ ၂၆ ၊ ၂၀၂၄

စစ်အုပ်စုဖနောင့်ကို လိုက်နင်းနေတာ ရပ်တန့်လိုက်တာနဲ့ သူ့ရဲ့ ဆောင့်ကန်မှုဒဏ် တန်းခံရတာဘဲ။ ကျားကို သမင်က သနားမိတဲ့ အမှားမျိုးပေါ့။ တော်လှန်ရေးမှာ ကိုယ့်ကြွေးကြော်သံကို ပြန်သစ္စာဖောက်တာမျိုးဟာ ဘယ်ဘက်က ကြည့်လို့မှ သူရဲကောင်း မဖြစ်ပါဘူး။ သူရဲကောင်းမဖြစ်ကထဲက လေးစားယုံကြည်ခံရမှု မရတော့ဘူးလေ။ အဲဒီမှာ ရှေ့ဆက်ဖို့ အားချည့်နဲ့သွားသလို ဆက်လက်ရပ်တည်ဖို့ အားလည်း ပျက်သွားရတာပါဘဲ။ ကိုယ့်ရပ်တန့်တွေဝေမှုဟာ သူ့အလှည့်ဖြစ်သွားတာပေါ့။ ခုတော့ သူ့ဗုံးဒဏ် ကော့နေအောင် ခံရတာထက် ဆက်ခံနိုင်ရည်ရှိပါ့မလားတောင် ဖြစ်လာရတယ် မဟုတ်လား။ တကယ်က လေယာဉ်ကွင်းမရှိအောင် လုပ်ရမှာ။ လေယာဉ်ကွင်းရှိတဲ့နေရာတွေကို ဆက်သိမ်းပိုက်ခဲ့ရမှာ။ တရုတ် စကားကို နားထောင်လိုက်တဲ့ အချိန်ကာလဟာ တကယ်ဆို အရေးပါတဲ့နေရာတွေကို ထပ်သိမ်းဆည်းနိုင်လောက်တဲ့ အချိန်ကာလပါပဲ။ အချိန်ဆွဲတာဟာ ကိုယ့်ဘက်မှာ အင်အားဖြုန်းတီးမှုနဲ့ မရေရာမှုကို ခံစားရရုံတင်မက သူ့ဘက်ကျတော့ စိတ်အားတက် လူအား မွေးပေးလိုက်ရတာကိုး။ တကယ်တော့ တရုတ်က ရန်ပွဲမှာ ဝင်ဖြန်ဖြေသူမဟုတ်၊ ကိုယ့်ဘက်ကို ချုပ်ပေးပြီး တဖက်လူကို စိတ်ကြိုက်ထိုးခိုင်းတာမျိုး။ လူပါးဝတာသက်သက်ပါဘဲ။ ခုတော့ ကြိုးနဲ့တုပ် အထိုးခံရတဲ့အဆင့်တောင် တက်လာပြီ။ ဂိတ်တွေအားလုံး ပိတ်ပြီး တော်လှန်ရေးဘက်ကို ကြိုးနဲ့တုပ်ပြီလေ။ အစားအစာ ဆေးဝါးတင်မက လျှပ်စစ်ပစ္စည်းအားလုံးပိတ်ပြီး ထုတ်လုပ်မှုရပ်တန့်အောင်လုပ်ပြီ။ နုကြည်အနေနဲ့ သံတမန်ရေးကဏ္ဍ ဘယ်လောက်ဖွင့်နိုင်မလဲဆိုတာကို အားလုံး စောင့်ကြည့်နေကြပြီပေါ့။ အိန္ဒိယရော ထိုင်းပါ လိုက်ပိတ်ရင် တော်လှန်ရေးပါ ကုန်းတွင်းပိတ်ဖြစ်သွားနိုင်တယ် မဟုတ်လား။ 

အညာမှာ နဂါးတပ်ဖွဲ့တွေကို ဖမ်းတာမျိုး လုပ်နေရမယ့်အချိန် မဟုတ်ဘူးလေ။ နဂါးက တော်လှန်ရေးသမားဘဲ။ အခွန်မကောင် ဆက်ကြေးမတောင်း ရပ်တည်နေတာဘဲ။ အဲလိုနဂါးအဖွဲ့ကိုဝိုင်းမယ့်အစား စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ဝိုင်းရင် ဘယ်လောက်ကောင်းမလဲ။ ဘာတဲ့ သေနတ်ဖောက်လို့ ဖမ်းသတဲ့။ သေနတ်ဖောက်တာက ကျဆုံးရဲဘော်ဂုဏ်ပြုတာဆိုတော့ တော်တော့်ကို ဆိုးပြီပေါ့လေ။ ကျဆုံးရဲဘော်တောင် ဂုဏ်ပြုခွင့် မရှိတော့ဘူးပေါ့။ အင်း စစ်ကြောင်းတွေသေနတ်ဖောက်ရင်ရော ဖမ်းမတဲ့လားလို့ မမေးတော့ပါဘူး။ အညာဟာ စစ်ကြောင်းထိုးရက်စက်ခံရတဲ့နေရာမှာ အဆိုးဆုံးမဟုတ်လား။ အညာကို ထိုးခွဲနေတဲ့ လုပ်ရပ်တွေ ရပ်ကြတာကောင်းပါတယ်။  အညာဟာ ပြာနဲ့ အရိုးဘဲကျန်တော့တာပါ။ အရိုးတောင် အသားကို ဒါးနဲ့ခွါထားခံရတဲ့အရိုးပါ။ အညာရဲ့လူဦးရေစာရင်းဟာ ဒုက္ခသည်အဖြစ် စာရင်းသွင်းခံရတဲ့အရေအတွက် သက်သက်ပါဘဲ။ ရန်ပုံငွေက တခြားသွားတာပါ။ အညာမှာ လက်နက်မရှိတာကနေ ကျည်မလောက်လို့ ပြန်ဆုတ်ခဲ့ရတယ်ဆိုတဲ့ သတင်းချည်းပါဘဲ။ ဒီတော်လှန်ရေးဟာ လက်နက်ကိုင်ပြီး ဖင်ခေါင်းကျယ်တာခံရလို့ဖြစ်လာတဲ့တော်လှန်ရေးလေ။ တော်လှန်ရေးအပေါ် တော်လှန်ရေးဆင့်ဖို့ မခက်သလို တော်လှန်ရေးလမ်းကြောင်းပြောင်းသွားဖို့လဲ လွယ်ပါတယ်။ ခံယူချက်တွေအပေါ် အခွင့်ကောင်းပြန်ယူတာမျိုး ရပ်သင့်ပါပြီ။ စစ်ကောင်စီကိုယ်တိုင် ထိုးခွဲစရာမလိုတဲ့ အကွဲကြောင်းတွေကို တော်လှန်ရေးဦးဆောင်အဖွဲ့ကိုယ်တိုင်က ဖန်တီးတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့။ လူမျိုးကြီးဝါဒကနေ အဖွဲ့ကြီးဝါဒကို ပြောင်းရွှေ့သွားတာမျိုးလဲ မဖြစ်သင့်ဘူးလေ။ တော်လှန်ရေးလုပ်သူအချင်းချင်း  နောက်ကျောက ကျည်ကြည့်နေရရင်တော့ တော်လှန်ရေးအပေါ်  စူးစိုက်နိုင်စွမ်း ပျောက်သွားပါလိမ့်မယ်။ အဲဒီလိုဆိုရင် တော်လှန်ရေးဟာ ဘယ်သောင်ဘယ်ကမ်း ဆိုက်သွားနိုင်တာလဲ‌ ဆိုတာ စဉ်းစားရပါမယ်။ ခု ဖြစ်လာတဲ့ တရုတ်ရဲ့ လုံးလုံးလျားလျား ဖိအားဟာ မျှော်လင့်ထားတဲ့ဟာမဟုတ်ပါဘူး။ တော်လှန်ရေးအပေါ် ဘယ်လောက်ထိသက်ရောက်နေသလဲ၊ ဘယ် လောက် ဆက်သက်ရောက်နိုင်မလဲ စဉ်းစားကြည့်ပါ။ အဲဒါနဲ့အတူ ပွင့်လင်းချိန်ရောက်လာပြီဆိုတော့ စစ်ကြောင်းတွေဖိထိုးလာမှာလဲ သေချာပါတယ်။ အညာရဲ့အားကို ဖြုန်းတီးတာမျိုး ဘယ်လိုမှမဖြစ်သင့်တော့တဲ့အချိန်ပါ။ 

နိုင်ငံရေးဟာ ရေရှည်မှာတော့ ရိုးဖြောင့်မှုကို ရှေ့တန်းတင်ပါတယ်။ အားကိုးယုံကြည်အောင် လုပ်ရင် ပူးပေါင်း ခိုဝင်လာကြမှာပါဘဲ။ အပေးအယူ မမျှတရင်လဲ လက်တွဲကြမှာမဟုတ်ပါဘူး။ အင်မတန် ယုတ်ကန်းကြီးမားတဲ့ ရန်သူကို ရင်ဆိုင်နေရချိန်ပါ။ ဦးဆောင်မှုမကောင်းရင် နောက်လိုက်ကောင်းမရပါဘူး။ အားလုံး နိုင်ရာဝန်ထမ်းနေကြတာကို ဦးဆောင်နာမည်ခံသူက သိသိသာသာ တန်ဖိုးထားဖို့ လိုပါတယ်။ မြေပြင်မှာ တကယ်အလုပ်လုပ်နေသူတွေကို တန်ဖိုးထားပြောဆိုမှုအားနည်းတာအပြင် စော်ကားတဲ့ အပြောအဆိုမျိုးအထိ ရှိနေတာ ရိုးသားရဲ့လားတောင် တွေးစရာပါ။ တော်လှန်ရေးသမားချင်း ပြဿနာတက်နေတဲ့ သတင်းတွေက ပြည်သူတွေရဲ့ ခံနိုင်ရည်ကို ထိပါးစေပါတယ်။ အားလုံးက အလုပ်အကိုင် ဆုံးရှုံးပျောက်ကွယ်မှုတွေနဲ့အပြိုင် တော်လှန်ရေးအချိန် ကြာလာတာနဲ့အမျှ ထောက်ပံ့ကူညီရတာတွေ ခက်ခဲကျပ်တည်းလာ အကူအညီလိုတာတွေ ပိုများလာတဲ့ဒဏ်ကို ထည့်တွက်ရပါမယ်။

ကျနော်တို့ဟာ ရေတိမ်မနစ်ဖို့ပါဘဲ။ တကယ် ပေးဆပ်နေတဲ့ အသက်တွေကို တည့်တည့်ကြည့်ပါ။ ဘာလို့လဲဆိုတော့ ကိုယ့်မိသားစုက လွတ်ရာကျွတ်ရာမှာချည်း ရှိနေလို့ပါ။ သက်သောင့်သက်သာ ပညာသင်ကြားနေကြတာကိုလည်း မုဒိတာ ပွားပေးလိုက်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *