အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ သားမက် ဒေါက်တာနေစိုးမောင် ဖမ်းဆီးခံရကြောင်း သတင်းထွက်ခဲ့ပြီး ရက်အတန်ကြာတွင် စစ်ကောင်စီက သူ့ကို ဖမ်းဆီး အမှုဖွင့်ခဲ့ပြီးဖြစ်ကြောင်း ယမန်နေ့ (အောက်တိုဘာ ၂၄) ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
၆၇ နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီးဟောင်း၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်) ၏ ပါမောက္ခချုပ်ဟောင်း ဒေါက်တာနေစိုးမောင်သည် “နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်” အွန်လိုင်းလူမှုကွန်ရက်တွင် လှုံ့ဆော် ဝါဒဖြန့်ခဲ့သည် ဟု ထုတ်ပြန်ချက်က ဆိုသည်။
မည်သည့်ပုဒ်မများဖြင့် အမှုဖွင့်ထားသည်ကို ဖော်ပြထားခြင်းမရှိပါ။
ဒေါက်တာနေစိုးမောင်သည် မန္တလေးတိုင်း ဝန်ကြီးချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင် ထောင်ဒဏ်နှစ်ရှည်ကျခံရစဉ် သေဆုံးခဲ့မှုနှင့် ပတ်သက်၍ “နောင်ဘဝမှာ လူဖြစ်ခဲ့လျှင်၊ လွတ်လပ်တရားမျှတပြီး လူကိုလူလို ဆက်ဆံတဲ့နိုင်ငံမှာ လူပြန်ဖြစ်ပြီး လူသားတွေရဲ့ အကျိုးကို ဆက်လက်သယ်ပိုးနိုင်ပါစေ” ဟု Facebook တွင် ရေးသားခဲ့သေးသည်။ ဝန်ကြီးချုပ်၏ နာရေးအစီအစဉ်သို့ သွားရောက်စဉ် အဖမ်းခံခဲ့ရသည်ဟု သတင်းထွက်ခဲ့သည်။
မန္တလေး၊ ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် “ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခဲ့သည်” ဟု စစ်ကောင်စီ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထိုဖမ်းဆီးမှုသည် ဇာတ်တူသားစားသည့် လုပ်ရပ်ဖြစ်ပြီး အာဏာရှင်ဟောင်းနှင့် အာဏာရှင်လက်သစ်တို့၏ ရှေ့ဆက်ဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ်ကောင်းလာသည်ဟု တပ်မတော်အရာရှိဟောင်း CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
“ဦးသန်းရွှေကြီးက အာဏာရှင်စရိုက်မကုန်ဘူး၊ မဖြစ်လို့သာ (ဗိုလ်ချုပ် မင်းအောင်လှိုင်ကို) ကာကွယ်ရေး ဦးစီးချုပ် လွှဲပေးလိုက်ရတာ ……. အဲ့တော့ ကျွန်တော်ဆိုလိုချင်တာက သန်းရွှေကြီးက အာဏာရှင်စိတ်က မပျောက်ဘူး၊ အခု သူ့ဆွေမျိုးအသိုင်းအဝိုင်းထဲက အနီးစပ်ဆုံးလူကို မင်းအောင်လှိုင်က လုပ်ပြ(ဖမ်းပြ) လိုက်ပြီ၊ လာမလုပ်နဲ့၊ သူ့ကို ဆန့်ကျင်ရင်တော့ လုပ်မှာပဲဆိုတဲ့အကွက်၊ အဲ့ဒီတော့ ဦးသန်းရွှေကြီး ငြိမ်ခံမလား” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီသည် ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးမောင်အေး၏ ကိုယ်ရေးအရာရှိ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်ကိုလည်းကောင်း၊ ဗိုလ်ချုပ်ကြီးဟောင်းနှင့် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ခဲ့သူ ဦးရွှေမန်းနှင့် ခမီးခမက်တော်စပ်သူ ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေကိုလည်းကောင်း၊ ဗိုလ်ချုပ်ကြီးဟောင်းနှင့် အငြိမ်းစားသမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူနှင့် ပြန်ကြားရေးဝန်ကြီးဟောင်း ဒုဗိုလ်မှူးကြီး ဦးရဲထွဋ်ကိုလည်းကောင်း ဖမ်းဆီးထားသည်။
ထိုသို့ နအဖခေတ် ထိပ်ပိုင်းခေါင်းဆောင်များ၏ ဆွေမျိုးများကို ဖမ်းဆီးခြင်းသည် အာဏာရှင်လက်သစ်၏ သရုပ်ကို ပေါ်လွင်နေသည်ဟု စစ်အရာရှိဟောင်းတစ်ဦးက ပြောသည်။
“SPDC အစိုးရ (ယခင် စစ်အစိုးရ) ကာလ နံပါတ် ၁၊ ၂၊ ၃၊ ၄ အဆင့်ရှိသူတွေရဲ့ အရင်းအခြာတွေကို ကိုင်နေတာပါ၊ သူ့အကျိုးထိရင် နတ်နေကိုင်းတောင် မချန်ထားဘူး၊ အကုန်ခုတ်လှဲရှင်းပစ်မယ်ပေါ့” ဟု အထက်ပါ စစ်တပ်အရာရှိဟောင်းက ပြောသည်။
ထို့ပြင် အာဏာရှင်ဟောင်း ဦးသန်းရွှေအပါအဝင် ယခင်စစ်အစိုးရ ထိပ်သီးခေါင်းဆောင်များ နေထိုင်သည့် နေပြည်တော်ရှိ ခြောက်လုံးတန်း ခေါ် သီးသန့်အိမ်ခြောက်လုံးကို ပြင်ပနှင့် မဆက်စပ်ရန် စစ်ခေါင်းဆောင်က ကန့်သတ်ထားသည်ဟုလည်း သိရသည်။
ဦးသန်းရွှေနှင့် ဦးသိန်းစိန်တို့၏ ခြံများတွင်မူ ရဲသာမက စစ်တပ်ပါ ချထားသည်၊ ထိုအိမ်များသို့ လူဝင်လူထွက်မှတ်တမ်းကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) သို့ သတင်းပို့ရကာ စစ်ခေါင်းဆောင်ထံ တင်ပြရသည်ဟု နေပြည်တော်နေ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးချိန်တွင် ခြောက်လုံးတန်း ပတ်လမ်းကို သံဆူးကြိုးချ၍ လုံးခြုံရေးတင်းကျပ်ခဲ့သလို ထိုခြောက်ဦးထံ ဝင်ထွက်သွားလာမှုများကိုပါ ထိန်းချုပ်ထားခြင်းဖြစ်သည်။
“ဦးသန်းရွှေရဲ့အနေအထားက နေအိမ်အကျယ်ချုပ်နဲ့ နေရတဲ့သဘောဆန်ဆန်ပါ၊
သူ(မင်းအောင်လှိုင်) ဦးသန်းရွှေဆီ မသွားတာ ကြာပါပြီ” စစ်အရာရှိဟောင်းတစ်ဦးက ပြောသည်။
ဒေါက်တာနေစိုးမောင် အကြောင်း
၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မဲပေးခဲ့ကြောင်း Facebook တွင် ရေးသားခဲ့သူ ဒေါက်တာနေစိုးမောင်သည် အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက် ကာကွယ်ရေးဒုဝန်ကြီးဖြစ်ခဲ့သူ ဗိုလ်ချုပ်တင်စိန်၏ သားဖြစ်သည်။
အာဏာရှင်အဆက်ဆက် တိုင်းပြည်ဆင်းရဲနေသည်ကို NLD ဦးဆောင်သည့် အစိုးရက အဖတ်ဆယ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ခြင်းကြောင့် NLD ပါတီကို မဲပေးခဲ့ခြင်းဖြစ်သည်ဟု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလက ရေးသားခဲ့သည်။
“ပြည်သူအများစုက ဆင်းရဲနေတာကိုလည်း စိတ်မကောင်းစွာ တွေ့ရပါတယ်။
ဒီလိုအနေအထားတွေက ရုန်းထွက်ဘို့ဆိုတာ ပြည်သူအများကို ကိုယ်စားပြုပြီး ပြည်သူတွေရဲ့ အသံကိုနားထောင်မယ့် အစိုးရ၊ လုပ်ပိုင်ခွင့်တွေကို အဂတိကင်းစွာ ချပေးမဲ့အစိုးရ၊ ဒေသအသီးသီးရဲ့ အရင်းအမြစ်တွေကို သက်ဆိုင်ရာ ဒေသခံတွေ စီမံခန့်ခွဲခံစားခွင့်ပေးယ့် အစိုးရမျိုးလိုတယ်လို့ ကျွန်တော် ခံယူမိပါတယ်” ဟု ၎င်းက ရေးသားသည်။
၂၀၂၁ စစ်တပ်အာဏာသိမ်းအပြီး ပြည်သူများအုံနှင့်ကျင်းနှင့် လမ်းပေါ်ထွက် ဆန္ဒပြသည့်အခါ ဒေါက်တာနေစိုးမောင်လည်း ထိုဆန္ဒပြသူများတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်တွင် အာဏာရှင်စနစ်ကိုဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင် ဆန္ဒပြနေသည့် ဒေါက်တာနေစိုးမောင်ကိုတွေ့ရပြီး “ပြည်သူတို့နဲ့အတူ ပင်စင်စားတစ်ဦး၏ အမှန်တရားဘက်က ရပ်တည်မှု” ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။
၂၀၂၁မတ်လအတွင်း ဆန္ဒပြသူများကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်နေချိန် မြောက်ဥက္ကလာမြို့နယ်မှ လူငယ်တစ်ဦး ဖြစ်သူ ကိုဟန်ထက်အောင် ပစ်သတ်ခံရစဉ် ကြယ်တစ်ပွင့် ကြွေလွင့်ရပြန်ပြီဟု ရေးကာ နာရေးအစီအစဉ်အတွက် အလှူငွေကောက်ခံပေးခဲ့သည်။
၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုကာလ ကရင်ပြည်နယ်နယ်စပ်တွင် ဆေးမှူးအဖြစ်တာဝန် ထမ်းဆောင်နေခဲ့ရာ တောခိုလာသည့် လူငယ်အချို့ကိုလည်း ဆေးရုံသို့ဖိတ်ခေါ်ကာ ဆေးကုသမှုပေးခဲ့သည်ဟု သူက ရေးသားဖူးသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ မြို့ရွာများမီးရှို့မှုများနှင့်ပတ်သက်၍လည်း “အခုတလော တိုက်ပွဲမရှိတဲ့ မြို့ရွာတွေက အပြစ်မဲ့ပြည်သူတွေ လူနေအိမ်တွေ ဘုရားကျောင်းကန်တွေ ဆေးရုံ စာသင်ကျောင်း တွေကို ဗုံးကြဲသတ်ဖြတ် ဖျက်စီးတာတွေ ပိုတွေ့လာရတယ်။ အကြောက်တရားကို ဖန်တီးဖို့ လုပ်တာဖြစ်ပေမယ့် အမုန်းတရားတွေ စက်ဆုတ် နာကြည်းမှုတွေကို ဖန်တီးရာ ရောက်သွားပါတယ်” ဟု သူက ဝေဖန်သည်။
နိုင်ငံအနှံ့တွင် စစ်ဘေးရှောင် ဒုက္ခသည်များ သန်းနှင့်ချီများပြားလာချိန်တွင် ထိုသူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အနွေးထည်၊ စောင်၊ အမိုးအကာတို့ကို ဒေါက်တာနေစိုးမောင်က လှူဒါန်းခဲ့ပြီး စစ်ကောင်စီကိုလည်း ဝေဖန်သည့် ရေးသားချက်ကို ၂၀၂၂ ခုနှစ် ဇွန်နဝါရီလတွင် ရေးသားခဲ့သည်။
“ပြည်သူတွေကို အုပ်ချုပ်မင်းလုပ်လိုသူလည်း ကိုယ်နေရာ ပေးထားတဲ့သူတွေ ပြည်သူတွေအပေါ် တာဝန်ကြေရဲ့လားသေချာလေ့လာကြည့်ဖို့လိုတယ် တာဝန်ယူမှု တာဝန်ခံမှု ဘယ်မှာလဲ ရှက်တတ်ရင် လဲသေဖိုကောင်းတယ်” ဟု ၎င်းကရေးသည်။
အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ သမီးဖြစ်သူ ဒေါ်ကြည်ကြည်ရွှေနှင့် လက်ထပ်ခဲ့သည့် ဒေါက်တာနေစိုးမောင်သည် “ခရိုနီတချို့ က ကိုယ့်ကို ချည်းကပ်လာခဲ့ပေမဲ့ ကိုယ်ကဝါသနာမပါလို့ သူတို့ကို အကူအညီလည်းမပေးဘူး” ဟုလည်း ရေးသားခဲ့သည်။
ဦးသန်းရွှေအာဏာရှိစဉ် အတူတူ နေထိုင်ခဲ့ကြသော်လည်း သဘောထားချင်း မတိုက်ဆိုင်သဖြင့် အိမ်ပေါ်မှ ဆင်းခဲ့သည်၊ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ဦးသန်းရွှေ အနားယူသည့်အခါမှသာ ပြန်လည် ပေါင်းစပ်ခဲ့သည်ဟု ဆိုသည်။
ဇေယျာသော်ကို အင်းစိန်ထောင်တွင် စစ်ကောင်စီက ကြိုးပေးသတ်ဖြတ်လိုက်ချိန်တွင် ပြည်သူအများအပြား ကြိတ်မနိုင်ခဲမရ ပေါက်ကွဲနေစဉ် သူက ဇေယျာသော် ပါဝင်သီဆိုထားသည့် ရုပ်သံသီချင်းတစ်ပုဒ်ကို ပြန်လည် မျှဝေပြီး ကွပ်မျက်မှုကို ဝေဖန် ရေးသားခဲ့ရာ ပရိသတ်၏ တုံ့ပြန်မှုက သာမန်ပို့စ်များထက် လေးငါးဆမက များပြခဲ့သည်။
“ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှင်းဖို့မဟုတ်” ဟူသော ဗိုလ်ချုပ်အောင်ဆန်း၏ နာမည်ကျော် မိန့်ခွန်းစာသားကို ၂၀၂၂ သြဂုတ် ၁ တွင် မျှဝေခဲ့သည်။
“အဖိနှိပ်ခံ ပြည်သူတွေရဲ့ ဒုက္ခသုက္ခတွေကို တွေ့ မြင်ပြီး ကိုယ်ချင်းစာမိတာကြောင့် ဓမ္မသမား ဖြစ်တာနဲ့ အညီ ပြည်သူတို့ဘက်က ရပ်တည်နေတာပါ” ဟု ရေးသားဖူးသူ ဒေါက်တာနေစိုးမောင်သည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ဝေဖန်သည့် ပို့စ်များလည်း
တင်လေ့တင်ထရှိသူဖြစ်သော်လည်း သားဖြစ်သူ နေရွှေသွေးအောင်သည် ၂၀၂၁ခုနှစ် ဇန်နဝါရီ
၂၇ ရက်နေ့မှစ၍ facebook တွင် လူသိရှင်ကြား ရေးသားခြင်း မရှိတော့ပေ။
သူ့ကို ဖမ်းဆီးရန် စစ်ကောင်စီဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင် ရေးသားနေကြသည်မှာ ကြာပြီဖြစ်သည်။
ဒေါက်တာနေစိုးမောင်သည် စစ်တပ် ဗိုလ်ကျစိုးမိုးရေးအတွက် အာမခံထားသော ၂၀၀၈ အခြေခံဥပဒေကို
ရေးဆွဲခဲ့သူ ဗိုလ်ချုပ်သန်းရွှေ၏ သားမက် ဖြစ်ခြင်းကြောင့် လေ့လာသူ အများအပြားက သူ၏ လှုပ်ရှားမှုများကို သံသယကြီးစွာထားပြီး ကြည့်ခဲ့ကြသည်။
ပြီးခဲ့သည့် ၄ နှစ်အတွင်း ဦးသန်းရွှေ၏ တပည့်များက သတ်ဖြတ်၊ ရွာမီးရှို့မှုများနှင့် အလုပ်များနေကြစဉ် ဦးသန်းရွှေ၏ သားမက်ဖြစ်သူသည် ထိုသို့ အနိုင်ကျင့်ခံနေရသူများရှိသည့် ဒေသများကို ကူညီလှူဒါန်းရာတွင် တက်တက်ကြွကြွ ဦးဆောင်သူတစ်ဦး ဖြစ်နေသည်။ အလှူရှင်များ၏ လုံခြုံရေးအတွက် ထိန်းထိန်းသိမ်းသိမ်း ရေးသားခဲ့သည်ကို တွေ့ရသည်။
ဆင်းရဲသားရပ်ကွက်များသို့ သွားရောက်ပြီး မျက်စိစမ်းသပ်၊ မျက်မှန်လှူဒါန်းမှုမျိုးကဲ့သို့ ပရဟိတ လှုပ်ရှားမှုများအကြောင်း မကြာခဏ အွန်လိုင်းတင်ခဲ့သည်ကိုလည်း တွေ့ရသည်။
လတ်တလောတွင် ဒေါက်တာနေစိုးမောင်ကို မည်သည့်ပုဒ်များဖြင့် အမှုဖွင့်ထားသည်ကို မသိရသေးပေ။ စစ်ကောင်စီကမူ အွန်လိုင်းတွင် ရေးသားဝေဖန်သူများကို ဖမ်းပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၁၂၄၊ ပုဒ်မ ၅၀၅(က) အီလက်ထရောနစ်ပုဒ်မတို့ဖြင့် ထောင်ချနေသည်။