အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် အောက်တိုဘာ ၂၃ နံနက်ပိုင်းက စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပြီး နှစ်ဖက် အကျအဆုံး ရှိကြောင်း၊ စစ်တပ်နှင့်ပူးတွဲလှုပ်ရှားသည့် ကသည်းလက်နက်ကိုင် ၁ ဦးကို အရှင်ဖမ်းမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။
နံနက် ၆ နာရီဝန်းကျင်တွင် အိန္ဒိယမှ ခွဲထွက်ရေးလှုပ်ရှားသည့် ကသည်းသူပုန်များက နန်မွန်းတားရွာရှိ PDF ဂိတ်ကို လာရောက်တိုက်ခိုက်သည်ဟု တမူးခရိုင် PDF အမှတ် (၄) တပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။
“နန်မွန်းတားဂိတ်ထဲကို ဆိုင်ကယ် ၅ စီး၊ ၁၀ ယောက်နဲ့ ဝင်လာပါတယ်။ ဆိုင်ကယ် ၃ စီး၊ ၆ ယောက်က တံတားမှာကျန်ခဲ့ပြီးတော့ ဆိုင်ကယ် ၂ စီး ၄ ယောက်ကတော့ ဂိတ်ထိရောက်ချိန်မှာ အထိတွေ့ဖြစ်တယ်။ ၃ ယောက်က ပွဲချင်းပြီးသေပြီးတော့ ၁ ယောက် ကတော့ အရှင်မိပါတယ်” ဟု သူက ပြောသည်။
စစ်ယူနီဖောင်းဝတ်ဆင်ထားသည့် ကသည်းလက်နက်ကိုင်များမှာ စစ်တပ် နှင့် ပျူစောထီး များအထိုင်ချထားရာ ကျေးရွာအတွင်း အတူတကွ နေထိုင်သူများ ဖြစ်ကြောင်း တမူးခရိုင် အမှတ် (၄) တပ်ရင်းမှ တာဝန်ရှိသူက ဆိုသည်။
ဖမ်းဆီးရမိသူမှာ ကသည်းစကားသာ ပြောဆိုသူဖြစ်၍ ဘာသာပြန်မှတဆင့် ဆက်သွယ်ပြောဆိုမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း ထိုတာဝန်ရှိသူက ပြောသည်။
ကသည်းသူပုန်များသည် တမူးမြို့နယ်အတွင်း အခြေချနေထိုင်နေ သည်မှာ နှစ်ကာလ ကြာမြင့်နေပြီဖြစ်ပြီး ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နှင့် ပူးပေါင်း၍ တမူးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ သိသိသာသာ လုပ်ဆောင်နေသည်ဟု တမူးအခြေစိုက် တော်လှန်ရေး အင်အားစုက ဆိုကြသည်။
ယခင် ရွေးကောက်ခံ အရပ်သားအစိုးရလက်ထက် ၂၀၁၇ ခုနှစ်တွင် တမူးခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က ၎င်းတို့ဒေသတွင်း လှုပ်ရှားနေသည့် ကသည်းလက်နက်ကိုင်များအရေး ရှင်းလင်းပေးရန် လွှတ်တော်တွင်း တောင်းဆိုခဲ့ဖူးသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် တမူးမြို့နယ်အတွင်း စစ်တပ်နှင့်ပူးတွဲလှုပ်ရှားနေသည့် ကသည်းလူမျိုး လက်နက်ကိုင် ရာဂဏန်းရှိသည်ဟု PDF အမှတ် (၄) တပ်ရင်း တာဝန်ရှိသူက ပြော သည်။
ထိုနေ့က တမူးမြို့တောင်ဘက် ပန်းသာရွာတွင် အထိုင်ချ တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် တစ်မိုင်ခန့်အကွာရှိ နန်းမွန်းတားရွာ နှင့် ခမိတ်ရွာကြားရှိ တမူးခရိုင် အမှတ် (၄) တပ်ရင်း၏ ကာကင်း စခန်းတို့ကို စစ်ကြောင်းထိုးခဲ့သည်။
နံနက် ၅ နာရီဝန်းကျင်တွင် အလစ်အငိုက် တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း အမှတ် (၄) တပ်ရင်းမှ တာဝန် ရှိသူ တစ်ဦးကပြောသည်။
“ကာကင်းနားကပ်ပြီး ဝင်ပစ်သွားတာ ဆိုတော့ ရဲဘော်တွေမှာ ပြင်ဆင်ချိန်မရလိုက်တာ” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
ထိုပစ်ခတ်မှုအတွင်း အသက် ၂၅ နှစ်အရွယ် တပ်စိတ်မှူး ငှက်ရိုး၊ အသက် ၁၉ နှစ်အရွယ် ကိုပိုင်ပိုင် တို့မှာ ပွဲချင်းပြီး သေဆုံးခဲ့သည်။
တော်လှန်ရေးအင်အားစုအတွင်း ဝင်ရောက်လာသည်မှာ ၆ လခန့်သာ ရှိသေးသည့် အသက် ၁၈ နှစ် အရွယ် ကိုအငယ်ကောင်မှာ ခြေထောက်ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး ကတုတ်ကျင်းထဲတွင် ပုန်းနေစဉ် စစ်တပ်ကတွေ့ပြီး ခေါင်းကိုပစ်ခတ်ခံခဲ့ရသည်ဟု အထက်ပါ တာဝန်ရှိသူကပြောသည်။
နံနက် ၁၀ နာရီဝန်းကျင်တွင် တော်လှန်ရေးအင်အားစုက အင်အားအလုံးအရင်းနှင့် ထိုနေရာကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို ကောက်ယူနိုင်ခဲ့ သည်ဟု ၎င်းကဆိုသည်။
နန်မွန်းတားရွာသည် တမူးမြို့ တောင်ဘက် ၁၀ မိုင်ခန့်အကွာ ကလေး – တမူး ကားလမ်းပေါ်တွင်ရှိပြီး ၂၀၂၁ နှစ်ကုန်ပိုင်းတည်းကပင် တော်လှန်ရေးအင်အားစုက နယ်မြေစိုးမိုးထားကာ စစ်ဆေးရေး ဂိတ်ဖွင့်ထားသည့်ကျေးရွာ ဖြစ်ကြောင်းသိရသည်။
ထိုနေ့က PDF စိုးမိုးထားသည့် နေရာ နှစ်ခုကို စစ်ကြောင်းထိုးလာရာတွင် စစ်တပ်ဘက်မှ လက်နက်ကိုင် အင်အား ၉၀ ခန့် ရှိကြောင်း၊ ပျူစောထီး၊ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ ကသည်းလက်နက်ကိုင်တို့ ပါဝင်ကြောင်း သိရသည်။
တိုက်ခိုက်ခံရသည့်နေရာ ၂ ခုသည် နီးကပ်စွာ တည်ရှိပြီး PDF စိုးမိုးနယ်မြေများ ဖြစ်ကြသည်။
တော်လှန်ရေးအင်အားစုက နယ်မြေထိန်းချုပ်ထားရာ ကလေး – တမူး လမ်းပေါ်တွင် စစ်တပ်က သွားလာရေး ခက်ခဲနေသည့်အပြင် စစ်တပ် အခြေစိုက်တပ်စွဲထားသည့် ပန်းသာရွာနှင့် အနီးဆုံးစခန်း လည်းဖြစ်သည့်အတွက် နယ်မြေစိုးမိုးနိုင်ရေး နန်မွန်းတားကို ဦးတည်ပြီး စစ်ကြောင်းထိုး လာခြင်း ဖြစ် သည်ဟု တော်လှန်ရးအင်အားစုက သုံးသပ်သည်။
အိန္ဒိယ- မြန်မာနယ်စပ် တမူးမြို့နယ်တွင် ယခုနှစ် ဧပြီလကသာ စစ်တပ် စစ်ကြောင်းထိုးခဲ့ပြီး ငြိမ်သက် သွားရာမှ ၆ လခန့်အကြာ အောက်တိုဘာ တတိယပတ်တွင် စစ်ကြောင်း ပြန်ထိုးလာခြင်းဖြစ်သည်။
အထိနာသွားသည့် အထက်ပါ စစ်ကောင်စီစစ်ကြောင်းမှာ ပန်းသာရွာသို့ နေ့တွင်းချင်း ပြန်ဆုတ်သွားသော် လည်း ထပ်မံစစ်ကြောင်းထိုးလာနိုင်၍ ကလေး – တမူး လမ်းမကြီးကို သွားလာခွင့် PDF ဘက်က ပိတ်ထား သည်။
တမူးမြို့နယ်တွင် ပါဝင်သည့် မြို့ ၃ မြို့အနက် တမူးမြို့မှအပ ခမ်းပါတ်မြို့ကို ၂၀၂၃ နိုဝင်ဘာလက တော်လှန်ရေးအင်အားစု သိမ်းပိုက်ထားပြီး၊ ယခုနှစ် မေလတွင်လည်း မြို့သစ်မြို့ကို တိုက်ခိုက် သိမ်းပိုက်ထားသည်။
ခမ်းပါတ်မြို့ကို သိမ်းပိုက်ပြီး တစ်နှစ်နီးပါးကြာမြင့်လာချိန်တွင် အုပ်ချုပ်ရေးယန္တရား လည်ပတ်လျက် ရှိပြီး စာသင်ကျောင်းများဖွင့်ကာ မြို့စည်ပင်သာယာရေးလုပ်ငန်းအချို့ လည်းပြန်လည် စတင်နေပြီဖြ စ်ကြောင်း တမူး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတစ်ဦးကပြောသည်။
သို့သော်လည်း တမူးမြို့မြောက်ဘက်ရှိ မြို့သစ်မြို့ ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ် အခိုင်အမာ တပ်စွဲထားရာ ကျေးရွာများရှိသည့်အပြင် ရှမ်းနီအမျိုးသားများ တပ်မတော် အမာခံနယ်မြေများ ရှိသည့် အတွက် လုံခြုံရေးအခြေအနေအရ ဒေသခံများ နေရပ်မပြန်နိုင်သေးဘဲ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင် ခြင်းမရှိသေးကြောင်း အထက်ပါ ပအဖ အမျိုးသားထံမှ သိရသည်။
အောက်တိုဘာ ၂၃ ရက်က တမူးမြို့၊ နန်းမွန်းတားနှင့်ခမိတ်ရွာကြား ကင်းစခန်း စီးနင်းခံရမှုတွင် ကျဆုံးခဲ့သည့် တမူးခရိုင် အမှတ် (၄) တပ်ရင်းမှ တပ်ဖွဲ့ဝင်များ။ ( ဓာတ်ပုံ- တမူး တပ်ရင်း ၄)