သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ နှင့် အင်းလေးဒေသအတွင်း ရေကြီးပြီးနောက် ကုန်စိမ်းပစ္စည်းဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် တပိုင်တနိုင်ရောင်းချလျက်ရှိသော ဒေသရိုးရာစားသောက်ဆိုင်လုပ်ငန်းများ ရပ်နားထားရကြောင်း စုံစမ်းသိရှိရသည်။
စက်တင်ဘာလ ပထမပတ်အတွင်း တိုက်ခတ်ခဲ့သော မုန်တိုင်းရာဂီ နောက်ဆက်တွဲများကြောင့် သျှမ်းပြည်တောင်ပိုင်းရှိမြို့နယ် အများအပြားရေဘေးသင့်ခဲ့ရပြီး စိုက်ပျိုးရေးလုပ်ငန်းများစွာထိခိုက်ခဲ့သည်။
ထို့နောက် ကုန်စိမ်းသီးနှံဈေးနှုန်းများ အဆမတန်မြင့်တက်လာကာ ၎င်းတို့ကို အားထားနေရသော ဒေသရိုးရာ တနိုင်တပိုင်စားသောက်ဆိုင်လုပ်ငန်းများမှာလည်း ပြန်လည်ရောင်းချရန် ကုန်ကြမ်းရှားပါးခြင်းနှင့် ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင် ရပ်နားထားရကြောင်းသိရသည်။
“စားသောက်ဆိုင်လေးတွေ မထွက်နိုင်တာ တစ်လ ကျော်ပြီ၊ အစကတော့ ရေကြီးလို့ မထွက်နိုင်တာ၊ ခုက ကုန်စိမ်းဈေးက ပြန်ရောင်းလို့မကိုက်တော့အောင် ဈေးတက်သွားတာ၊ ကြက်သွန်ပင်တစ်စီး သုံးရာက တစ်စီးမှာ သုံးပင်ပဲပါတာ တစ်ပင်ကို ၁၀၀ ဖြစ်သွားတာ” ဟု ညောင်ရွှေမြို့ မင်္ဂလာဈေးအတွင်း ဈေးသည် အမျိုုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။
ရေကြီးမှုကြောင့် သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ် အများအပြားမှ သီးနှံစိုက်ခင်းများစွာပျက်စီးခဲ့ရပြီး နောက်ဆက်တွဲအဖြစ် ကုန်စိမ်းဈေးနှုန်များ အဆမတန်မြင့်တက်လာခြင်းကြောင့် တနိုင်တပိုင်လုပ်ငန်းများ လုပ်ငန်းလည်ပတ်နိုင်ရန် အခက်အခဲများစွာကြုံတွေ့လာရခြင်းဖြစ်သည်။
“ညောင်ရွှေက စားသောက်ဆိုင်တွေက ခရီးသွားဧည့်သည်တွေကိုမှီခိုရတာ၊ ခုက ဧည့်သည်မရှိတော့ မြို့ခံနဲ့ စစ်ရှောင်လာတဲ့သူတွေနဲ့ ဆိုင်တွေကလည်ပတ်နေရတာ၊ ကုန်ဈေးနှုန်းက တဖြည်းဖြည်းတက်လာတော့ စားသောက်ဆိုင်တွေလည်းနားကုန်ပြီ” ဟု စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။
ညောင်ရွှေမြို့၊ အင်းလေးဒေသသည် ခရီးသွားလုပ်ငန်းကို အဓိကအားထားရာမြို့တစ်မြို့ဖြစ်ပြီး ကိုဗစ်ရောဂါနှင့် စစ်အာဏာသိမ်းမှုများကြောင့် တနိုင်တပိုင် ရိုးရာလုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများအပြင်၊ ဟိုတယ်လုပ်ငန်းများလည်း ရပ်တန့်သွားခဲ့ပြီး ပြန်လည် လည်ပတ်ရန် လမ်းမမြင်သေးကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းများထံမှသိရသည်။
“စက်လှေသမားတွေက နေ့စားလုပ်၊ ငါးရှာသူကရှာ၊ အခုဆိုဧည့်သည်မရှိတော့ဘူး၊ စားသောက်ဆိုင်တွေဆို အားလုံးနီးပါးပိတ်ကုန်ပြီ၊ ဟိုတယ်တွေကအစ အလုံးလိုက်ပြန်ရောင်းနေကြတယ်၊ ပြီးခဲ့တဲ့ လပြည့်နေ့တရက်ပဲ ဧည့်သည်ရှိတယ်၊ ကျန်တဲ့ရက် ဧည့်သည့်ကိုမရှိတော့တာ” ဟု စက်လှေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
အောက်တိုဘာလသည် အင်းလေးဒေသသို့ ခရီးသွားအများဆုံးလာရောက်ရာကာလဖြစ်ပြီး ရေကြီးပြီးနောက် ဧည့်သည်ဝင်ရောက်ခြင်းမရှိကြောင်းလည်း သိရသည်။
အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။