ylliX - Online Advertising Network
ဂွမြို့နယ် တိုင်ကျိုးမှာ AA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်နေ - Western News

ဂွမြို့နယ် တိုင်ကျိုးမှာ AA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်နေ – Western News


ရခိုင်ပြည် ဂွမြို့နှင့် ၁၅ မိုင်အကွာ တိုင်ကျိုးကျေးရွာအနီးတွင် ယနေ့ အောက်တိုဘာလ ၂၅ ရက်နံနက်ပိုင်းကစ၍ AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေကြကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

တိုင်ကျိုးကျေးရွာမှာ ကုလားပြင် (ရတနာမြိုင်) နှင့် ကမ်းသာယာကမ်းခြေကြားတွင်ရှိပြီး တိုက်ပွဲများကြောင့် ရွာသားများမှာ အလုအယက် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

” တိုင်ကျိုးဆိုတဲ့ ရွာအနီးမှာ အခု လောလောဆယ် တိုက်ပွဲဖြစ်နေပါတယ်။ ဒီနေ့ မနက်ပိုင်းက စပြီးဖြစ်နေကြတာပါ။ ရွာသားတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့။ ဘယ်လိုတွေတောင် ဖြစ်နေပြီလဲ အသေးစိတ်မသိရပါဘူး။ အဲဒီနဲ့ ၇ မိုင်အကွာလောက်နေ လှမ်းပြီး သတင်းတွေ ကြားနေရပါတယ်။ တိုက်ပွဲက အရမ်းပြင်းထန်နေလို့ မိသားစုတွေကို အတင်းရွာက ထွက်ဖို့ လှမ်းခေါ်နေရပါတယ်။ အသံတွေက အရမ်းကျယ်တာ။ ” ဟု ပြောသည်။

တိုင်ကျိုးပင်လယ်ပြင်မှာ စစ်ကောင်စီ စစ်သင်္ဘောနှစ်စီးကလည်း တိုက်ပွဲဖြစ်ပွားရာသို့ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ် ခုခံနေကြောင်းနှင့် ဂွမြို့ဘက်ကလည်း တပ်ရင်တချို့ စစ်ကူ ဆင်းလာကြောင်း သတင်းရင်းမြစ်က ပြောသည်။

” တိုင်ကျိုးမှာ စစ်ကောင်စီတပ်သား ၃၀၀ ကျော်ကျော်လောက်ရှိတယ်ကြားတယ်။ နှစ်ဖက် လက်နက်ကြီးသံတွေကတော့ ဆူညံနေတာပဲ။ တိုင်ကျိုးရဲ့ ကျိုင်မှာလည်း ရေတပ်က ရှိနေတယ်။ ကမ်းသာယာအနီး ဇီးကုန်းရှိ စစ်ကောင်စီ အမြောက်တပ်ကလည်း လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်နေပါတယ်။ ” ဟု ဆိုသည်။

သံတွဲမြို့ကို သိမ်းပိုက်ပြီးနောက် ဂွမြို့နယ်ကို သိမ်းပိုက်ရန် စစ်ကောင်စီတပ်များကို AA က ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ တိုက်ပွဲမှာ ဂွမြို့အနီးသို့ ကပ်လာနေပြီဖြစ်သည်။

ဂွမြို့နယ် ကျိန္တလီမြို့က စစ်ကောင်စီတပ်ရင်းများနှင့် ကုလားပြင်ကျေးရွာက တပ်စခန်းများမှာ ဂွမြို့ဘက်သို့ တဖြေးဖြေးဆုတ်ခွာသွား၍ ကြွေချိုင်၊ တိုင်ကျိုး၊ ဇီးကုန်း၊ ကမ်းသာယာ စသည့် ဒေသများတွင် စစ်ကောင်စီနှင့် AA တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြသည်။

တိုက်ပွဲမှာ ဂွမြို့၏ ၁၅ မိုင်ပတ်လည်တွင် ရောက်ရှိနေ၍ အာဏာသိမ်း စစ်ကောင်စီသည် ဂွမြို့ မကျဆုံးစေရေးအတွက် လက်နက်အင်အား၊ လူအင်အားနှင့် ရေတပ်အင်အားကိုလည်း ဧရာဝတီဘက်ကတစ်ဆင့် တိုးမြှင့်ဖြည့်ဆည်းထားကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။

အမ်းနှင့် မောင်တောမှာလည်း တိုက်ပွဲများပြင်းထန်နေကြပြီး အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို AA က အရှိန်မြှင့် တိုက်ခိုက်နေ၍ စစ်ကောင်စီမှာ အမ်းလေဆိပ်ကို အသုံးပြု၍ မရတော့ကြောင်း ဒေသခံများက ဆိုသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *