ylliX - Online Advertising Network
မန္တလေးအနီး ငါန်းမြာကြီးရွာကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ် - Myanmar Now

မန္တလေးအနီး ငါန်းမြာကြီးရွာကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ် – Myanmar Now


စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေတပ်များက တစ်ပတ်ကျော်ကြာ  တိုက်ခိုက်ခဲ့ ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များသည် မန္တလေးမြို့တောင်ဘက်၊ ငါန်းဇွန်မြို့နယ်ရှိ  ၎င်းတို့ထိန်းချုပ်ထားသည့် ငါန်းမြာကြီးရွာမှ အောက်တိုဘာ ၂၁ ရက်နေ့တွင် ပြန်လည်ဆုတ်ခွာသွားသည်။ 

အရပ်သားများနှင့်တော်လှန်ရေးရဲဘော်များ၏ ထိခိုက်မှုလည်း များလာသလို လက်နက်၊ ခဲယမ်း ဖြည့်တင်းရန် ခက်ခဲလာ၍  နှစ်လကြာထိန်းချုပ်နိုင်ခဲ့သည့် ငါန်းမြာကြီးရွာမှ ဆုတ်ခဲ့ရသည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေး အဖွဲ့ (CSDOM) တာဝန်ခံ ကိုနွေဦးက Myanmar Now ကို ပြောသည်။ 

“စစ်ကြောင်းက တောက်လျှောက် အောက်ကနေ မြေပြင် စစ်ကြောင်းလည်း ထိုးတယ်။ ရေကြောင်း ကနေလည်း အကာအကွယ်ပြုထားတယ်။ စစ်ကြောင်းရဲ့ နောက်မှာ လေယာဉ်တွေကလည်း အဲဒီရက် ကတည်းက စခန်းသိမ်းပြီးသွားကတည်းက နေ့စဉ်နဲ့အမျှ တစ်ရွာပြီး တစ်ရွာလိုက်ပြီး ဗုံးကြဲနေတယ်” ဟု ၎င်းက ဆိုသည်။ 

တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည်ဟု  ယူဆရသည့် ကျေးရွာများကို စစ်ကောင်စီက လေကြောင်းဖြင့် နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၂၀ တွင် ပြည်သူ ၁၄ ဦး သေဆုံးခဲ့ သည်။ 

ဧရာဝတီမြစ်ကမ်းဘေး ကပ်လျက် အိမ်ခြေ ၁၅၀၀ နီးပါးရှိသည့် တိုက်နယ်အဆင့် ကျေးရွာကြီး ဖြစ် သော ငါန်းမြာကြီး၏ တစ်ဖက်ကမ်းတွင် တော်လှန်ရေးတပ်ဖွဲ့များ အင်အားကောင်းသည့် စစ်ကိုင်း တိုင်း မြောင်မြို့ တည်ရှိသည်၊ ရေတပ် စခန်းချထားသည့် ဆီမီးခုံရွာနှင့်လည်း ၆ မိုင်ဝန်းကျင် ဝေးသည်။  

စစ်ကောင်စီ၏ လေတပ်စခန်းတည်ရှိရာ တံတားဦးမြို့နှင့် မိုင် ၃၀ ကျော်သာ ကွာဝေးရာ စစ်ကောင်စီ အတွက် သာမက တော်လှန်ရေးတပ်ဖွဲ့များအတွက်လည်း စစ်ရေးအရ အရေးပါသည့် နေရာဖြစ်သည်။ 

ယခုနှစ် ဩဂုတ် ၁၀ ရက်က စတင်ပြီး “မြင်းခြံခရိုင် အထူးစစ်ဆင်ရေး -MDSO” အမည်ဖြင့်  မြင်းခြံ ခရိုင်အတွင်းရှိ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်ကာ  ဩဂုတ် ၁၉ ရက်တွင် ငါန်းမြာကြီးရဲစခန်းကို သိမ်းခဲ့ခြင်း ဖြစ်သည်။
 

ငါန်းမြာကြီးရွာမှာ စစ်ကောင်စီတပ်၏ ရေတပ်စခန်း အခြေစိုက်ရာ ဆီမီးခုံ  ဆိပ်ကမ်းနှင့် လေတပ် ရှိရာ တံတားဦးလေဆိပ်တို့ကြားတွင် တည်ရှိနေသည်၊   ထိုရွာကို ဆက်ထိန်းထားနိုင်ပါက မြန်မာ ပြည် အထက်ပိုင်းရှိ စစ်ကောင်စီ၏ အဓိကထောက်ပို့ရေးလမ်းကြောင်းများကို ဖြတ်တောက်နိုင်မည် ဟု CSDOM ကိုနွေဦးက ဆက်ပြောသည်။  

“တံတားဦး လေယာဉ်ကွင်းရော မန္တလေး လေယာဉ်ကွင်းရော၊ တောင်ဘက်ခြမ်းကနေ မန္တလေး ကို ဝင်မဲ့ ဝင်ပေါက်ရော ဖြစ်တဲ့အတွက်ကြောင့်မို့ အဲ့ဒီဘက်ခြမ်းကို သူတို့လုံးဝ ပေးလို့မရတဲ့ အနေအထားမျိုးဖြစ်တဲ့ အတွက်ကြောင့် သူတို့က အသည်းအသန်ကို ကာကွယ်နေရတဲ့အပိုင်း ဖြစ်နေတာပါ”

ဧရာဝတီမြစ်အရှေ့ဘက် ငါန်းမြာကြီးရွာအား Google Earth တွင် တွေ့ရစဉ်။

စစ်ကောင်စီတပ်သည် စစ်ရေးအရ အရေးပါသည့် ငါန်းမြာကြီးရွာကိုပြန်လည်ရယူရန် အောက်တိုဘာ  ၈ ရက် နံနက်တွင် ငါန်းမြာကြီး၏ မြောက်ဘက် ငါန်းဇွန်-ငါန်းမြာကြီးလမ်းအတိုင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာ၍ ထိတွေ့တိုက်ပွဲများစတင် ဖြစ်ပွားခဲ့သည်။ 

အောက်တိုဘာ ၁၂ ရက်တွင် ငါန်းမြာကြီးမြို့တောင်ဘက် တံတားဦး-ဆီမီးခုံလမ်းမှလာသော  ပြည်သူ့စစ် ခေါ် ပျူစောထီးတပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ကြောင်းနှင့်လည်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ 

နောက် ၂ ရက်အကြာ (အောက်တိုဘာ ၁၄ ) တွင် မိုးထောင်ရွာအနီးရှိ တော်လှန်ရေးအင်အားစု တပ်စွဲ ထားသည့် နေရာများကို လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး  ရေတပ်ကလည်း လက်နက်ကြီးပစ်ကူခဲ့သည်ဟု ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ များထံက သိရသည်။ 



ငါန်းမြာကြီးကို စစ်ကောင်စီတပ်က   ပြန်သိမ်းပိုက်ခဲ့ပြီးနောက် တစ်ရွာလုံး နီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အနီးအနားရှိ ကျေးရွာ ၆ ရွာမှ ဒေသခံ ထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု သိရသည်။ 

ငါန်းဇွန်-ငါန်းမြာကြီး လမ်းတလျှောက်ရှိ ငါန်းမြာကြီး ၊ မိုးထောင် ၊ နတ်ကြီး ၊ မြေနီ ၊ ကုန်းလယ် ၊ သဖန်းသာ တို့အပြင် အနီးရှိကျေးရွာများမှ ဒေသခံတို့ တိမ်းရှောင်နေရသည်မှာ တစ်ပတ်ကျော် မြင့်နေပြီဖြစ်ပြီး စားနပ်ရိက္ခာ အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု စစ်ရှောင်အရေး ကူညီနေသည့် ဒေသခံတစ်ဦးက ပြောသည်။ 

“မပြေးရင်တော့ အကုန် သေကုန်မှာပေါ့။ မီးတွေရှို့လိုက်၊ တွေ့သမျှ အကုန်ပစ်သတ်လိုက် လုပ်နေမှ တော့ မပြေးရင် အကုန်သေကုန်မှာပေါ့။ မဲမဲမြင်ရာ ပစ်နေတာပဲ။ ငါန်းမြာမြို့ အဝင် မြို့တောင်ဘက် ကိုလဲ မီးရှို့ထားတယ်။ ပြာကျသွားတဲ့ အိမ်က အနည်းဆုံး ၅ အိမ်လောက် တော့ရှိတယ်” 

ငါန်းမြာကြီးတွင် စစ်တပ်ထောက်ခံသူ ၁၀ ဦးခန့်သာကျန်ရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ကူညီ သူတို့၏ နေအိမ်များကို မီးရှို့ရန် လိုက်ပြနေသည်၊ စစ်တပ်က နေရာအနှံ့တွင် တပ်စွဲထားသည်၊ မိုးရွာ ထား၍ စစ်ရှောင်များနေထိုင်ရေးမှာ ခက်ခဲနေသည်ဟု ၎င်းက ဆက်ပြောသည်။ 

“ဘေးရွာလေးမှာ အသိရှိတဲ့သူတွေက အဲဒီရွာလေးတွေမှာနေတယ်။ အသိမရှိတဲ့သူတွေက လှည်းလေး တွေထဲ နေတယ်။ လက်နက်ကြီးမှန်လို့ ဆေးရုံတက်ရတယ်။ ဆေးရုံတက်စရာမရှိတော့ မြစ်ဟိုဘက်ကို ကူးရတာတွေ။ အများကြီးပဲ ဒီမှာဖြစ်နေတယ်” ဟု ထိုသူက ဆိုသည်။ 

အထက်တန်းကျောင်း တစ်ကျောင်းနှင့် ၁၆ ကုတင်ဆံ့ ပြည်သူ့ဆေးရုံ တို့ ရှိသည့် တိုက်နယ်အဆင့်  ငါန်းမြာကြီးရွာသည် မန္တလေးမြို့ အနောက်တောင်ဘက် မိုင် ၄၀ ကျော် အကွာတွင် ရှိသည်။

မန္တလေးမြို့ မြောက်ဘက်  မတ္တရာမြို့တွင်လည်း တိုက်ပွဲများ ရှိနေသည်။

မတ္တရာမြို့အနီး  ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ပူးပေါင်းတပ် များ၏ ထိုးစစ်  မန္တလေးမြို့ဘက်သို့  ဝင်ရောက်မလာစေရန် စစ်ကောင်စီသည် ယခင် လကတည်းက မြစ်ကြောင်းတစ်လျှောက်ကျေးရွာများကို နယ်မြေရှင်းလင်းသည့်အနေဖြင့် စစ်ကြောင်းထိုးနေသည်။ 

 စက်တင်ဘာ၂၁ နံနက်က   မတ္တရာမြို့နယ်အနောက်ခြမ်း သုံးဆယ်ပေး ကျေးရွာကိုလည်း စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးသလို လေတပ်ပစ်ကူဖြင့် ပိတ်ဆို့ခဲ့၍ ထိုဒေသ တဝိုက်အခြေစိုက်သော တော်လှန်ရေးအဖွဲ့များ စခန်းဆုတ်ခွာခဲ့ရသည်။ 

မန္တလေးမြို့မှ ငါးမိုင်ခန့်သာဝေးသော အကွာ အဝေးရှိသော မတ္တရာမြို့နယ်အနောက်ခြမ်း  ဧရာဝတီ မြစ်ကမ်း ဘေးရှိသော ကျေးရွာဖြစ်ပြီး ထိုဖြစ်စဉ်အပြီး အနီးဝန်းကျင်မှ ၁၀ ရွာထက်မနည်း ထွက်ပြေး ခဲ့ရသည်။ 

မတ္တရာမြောက်ဘက် စဉ့်ကူးနှင့် သပိတ်ကျင်းတို့သည် PDF ထိန်းချုပ်သိမ်းပိုက်ထားသောနယ်မြေများ ဖြစ်ပြီး တိုက်ပွဲများသည် မန္တလေးမြို့အနီး တိုးကပ်လာသည်။ 





Source link

Leave a Reply

Your email address will not be published. Required fields are marked *