(မိုးမခ) အောက်တိုဘာ ၂၄ ၊ ၂၀၂၄
“လူတယောက်ရဲ့ တန်ဖိုးဟာ သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူ… ဘယ်လောက် သယ်ပိုးထမ်းရွက်ခဲ့တယ် ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ။”
ဗန်းမော်တင်အောင် (၁၉၂၀ – ၁၉၇၈)
“တိုင်းပြည်အပေါ် စစ်အာဏာရှင် ကျေးဇူး၊ မူးလို့တောင် ရှူစရာမရှိဘူး။”
ဦးဝင်းတင် (၁၉၃၀ – ၂၀၁၄)
အောက်တိုဘာလ ၂၃ ရက် ၂၀၂၄ ခုနှစ်နေ့ဟာ ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခဲ့တာ ၄၆ နှစ် ပြည့်ခဲ့ပါပြီ။ ဆရာနဲ့ ကျနော် တခါမှ မဆုံဖြစ်ခဲ့ပါ။ မန္တလေးတက္ကသိုလ်ကို ၁၉၇၃ ခုနှစ်ကစ ပညာသင်ကြားခဲ့ပါတယ်။
၁၉၆၂ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးချိန်ကစလို့ ကျောင်းသားလှုပ်ရှားမှုတွေဖြစ် တဲ့ ၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင်အရေးအခင်း၊ ၁၉၆၉ခုနှစ် ကျွန်းဆွယ်အရေးအခင်း၊ ၁၉၇၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင်လှုပ်ရှားမှု၊ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်း၊ ၁၉၇၅ခုနှစ် ရွှေတိဂုံ အထွေထွေသပိတ်၊ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်အရေးအခင်း၊ ၁၉၇၇ ခုနှစ် ဇူလိုင် ဆဲဗင်း ၇၇၇၇ လှုပ်ရှားမှု၊ ၁၉၇၈ ခုနှစ် ဇူလိုင် ၇ ရက် ရန်ကုန်စက်မှုတက္ကသိုလ် ဆဲဗင်းဂျူလိုင်နှစ်ပတ်လည် လှုပ်ရှားမှုများက ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။
ဒီအထဲမှာမှ ၆၉ အရေးအခင်း (သို့) ကျွန်းဆွယ်အရေးအခင်းကို နှစ်ကာလကြာလာတဲ့အမျှ သိမီသူ နည်းပါးလာတယ်လို့ မင်းမျိုးနိုင်က “၆၉ အရေးအခင်း ဒိုင်ယာယီ” ဆိုတဲ့ သူ့စာအုပ်မှာ ရေးသားထားပါတယ်။
ကျောင်းသားတိုက်ပွဲတွေကြားထဲမှာ တချို့လည်း အရာရှိ ဖြစ်ချင်သူတွေ ရှိသလို ကျောင်းသားတိုက်ပွဲတွေကြား ဘဝကို ပေးဆပ်ခဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကလည်း သမိုင်းလို့ပဲ ပြောရမှာပါ။
ကျနော့်အနေနဲ့တော့ ဒုတိယလမ်းကို ရွေးချယ်ခဲ့မိပါတယ်။
ဒီအတွက် ထောင်ကျတာတို့၊ ရာသက်ပန် ကျောင်းထုတ်ခံရတာတို့တွေက အဲဒီကာလရဲ့ ကျောင်းသားတိုက်ပွဲသမိုင်းမှာ ဖြစ်ရိုးဖြစ်စဥ်တွေလို့ ပြောရမှာ ဖြစ်ပါတယ်။
တချို့ရဲဘော်တွေလည်း လက်နက်ကိုင်တိုက်ပွဲတွေကို သွားကြ အသက်တွေ၊ စွန့်ကြ ဆိုတာကလည်း မိမိရွေးချယ်ခဲ့မှုနဲ့ ပြည်သူလူထုအပေါ် စွန့်လွှတ်အနစ်နာခံမှုတွေလို့ပဲ ပြောလိုပါတယ်။
ကျနော့်အနေနဲ့ ဒီနေ့ ပြောလိုတာက ဒီကျောင်းသားတိုက်ပွဲတွေကို အတွေးအခေါ်အရ ဦးဆောင်ဦးရွက်ပြုတဲ့ စာရေးဆရာ ဆိုလို့ သိပ်များများစားစား မရှိခဲ့ပါဘူး။ ဒီလို စာရေးဆရာတွေထဲမှာ ဆရာဗန်းမော်တင်အောင်ဟာ အထင်ကရပုဂ္ဂိုလ်ကြီးအဖြစ် ကျနော်တို့ ကျေးဇူးတင်ရပါလိမ့်မယ်။ ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်ကြီးအဖြစ် အသိအမှတ်ပြု မှတ်တမ်းတင်ရပါလိမ့်မယ်။
ကျနော် တဦးချင်းပုဂ္ဂလိကဓိဋ္ဌာန် ခံစားမှုအရ ပြောရရင် ကျနော် နှစ်ပေါင်း ၅၀ ကာလတိုင်အောင် ဗန်းမော်တင်အောင် crazy တယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပြောရပါလိမ့်မယ်။
ထောင်ကထွက်တော့ မန္တလေးသားရဲဘော်တွေက လေ့လာဖို့ စာအုပ်သေတ္တာတလုံး ထည့်ပေးလိုက်ပါတယ်။ အများစုက ဗန်းမော်တင်အောင် စာအုပ်တွေပါ။ ဖတ်လေ ဖတ်လေ ပြည်သူနဲ့နီးလေပါပဲ။
ရူးသွပ်ခြင်းလို့ပဲ ပြောပြော ဆရာ့စာအုပ်အတော်များများ ဖတ်ဖြစ်ပါတယ်။ ကြိုက်လည်း ကြိုက်တယ်။ အဲဒီထဲက အတိုင်းလည်း လိုက်လုပ်တယ်။ တောကျောင်းဆရာ လုပ်တယ်။ ကျေးလက်ပညာရေး ဘုံစနစ်တခု ရအောင် တည်ဆောက်ကြည့်တယ်။ အနစ်နာခံတဲ့ စိတ်ဓာတ်နဲ့ မှန်ကန်တဲ့ အတွေးအခေါ် ပေါင်းစပ်နိုင်ရင် ရည်မှန်းချက် အောင်မြင်တာပါပဲ။ ကျနော် တောကျောင်းဆရာဘဝ အောင်မြင်တယ်လို့ ပြောလိုပါတယ်။
လက်နက်ကိုင်တော်လှန်ရေးသွားတော့လည်း ဆရာ့အတွေးအခေါ်နဲ့ အနစ်နာခံမှုတွေကို အတတ်နိုင်ဆုံး ပေါင်းစပ်လုပ်ခဲ့ပါတယ်။ အောင်မြင်သင့်သလောက် အောင်မြင်ပါတယ်။ လူသားတယောက် ဖြစ်တဲ့အတွက် အမှားအယွင်းမကင်းဘူး ဆိုတာတော့ ဝန်ခံရမှာ ဖြစ်ပါတယ်။
ကျနော့် တော်လှန်ရေးဘဝမှာ “ကျနော့်ဘဝမှာ အတ္တဆိုလို့ မခင်ဦးကို ချစ်တဲ့ အချစ်တခုပဲ ရှိခဲ့ပါတယ်” ဆိုတာ ကျနော့်ရဲ့ စံထားချက် ဖြစ်ခဲ့ပါတယ်။ ကျနော် လက်နက်ကိုင်တော်လှန်ရေးကနေ လွင့်ခဲ့ရတဲ့အခါ ကျနော် ပိုင်ဆိုင်မှုက ကျနော့်အတ္တ ဆရာမရယ်၊ သားနှစ်ယောက်ရယ်၊ မြွေရေခွံအိတ်ထဲက စာအုပ်တချို့ ရယ်ပဲ ရှိပါတယ်။
ဒီနေရာမှာ ကျေးဇူးရှိသူကို ကျေးဇူးတင်သင့်တာကို ဆရာဦးဝင်းတင်လည်း ဆွေးနွေးဖူးပါတယ်။ ကျနော်တို့ မသေခင် ဆရာဗန်းမော်တင်အောင်ကို ကျေးဇူးတင်ကြောင်းလေးတော့ ပြောသွားခဲ့ချင် ပါတယ်။ ဆရာ သေတော့ ဆရာ့အသုဘမှာ ကမ်းတဲ့ ယပ်တောင်ကလေးကို တသသ ဖြစ်မိပါတယ်။
ကျနော် ကျေးဇူးတင်ခြင်း ဆိုတဲ့ Gratitude ဆိုတာကို အနက်ဖွင့်ကြည့်တော့ မြန်မာစာအဘိဓာန်မှာ (ကျေးဇူးတင်၊ ကြိ – သူတပါးက ပြုသောကျေးဇူးကို အောက်မေ့သည်၊ ချီးကျူးပြောဆိုသည်) လို့ အနက်ဖွင့်တာ တွေ့ရပါတယ်။
ဆိုလိုချင်တာက တဦးတယောက်ရဲ့ အကျိုးပြုမှုများ၊ ကောင်းမှုများ၊ သက်သေပြမှုများအတွက် အမှတ်တရရှိပြီး မိမိအတွင်းစိတ်က အလေးအနက်ထားခြင်း၊ ဝမ်းသာအားရဖြစ်ခြင်း စတဲ့ ခံစားခြင်းကို ဆိုလိုတာကို အခိုင်အမာ တွေ့ရပါတယ်။
၁။ ကျေးဇူးတင်ခြင်း၏ အဓိပ္ပာယ်
ကျေးဇူးတင်ခြင်းဟာ တဦးတယောက်က မိမိအတွက် ပြုလုပ်ပေးတဲ့ ကောင်းမှုအတွက် ရင်ထဲ နှလုံးသားထဲက အလေးထားမှု၊ ချီးမွမ်းမှု၊ ဝမ်းမြောက်မှုတွေ ဖြစ်ပါတယ်။
ကျေးဇူးတင်ခြင်းဟာ ပုံမှန် အားဖြင့် မိမိကိုယ်တိုင် ဘာမှမရခင်၊ အထူးတန်ဖိုးရှိတဲ့ တခုခုကို
သတိပြုရင်း၊ သင်ယူရင်း ရရှိ လာ တဲ့ စိတ်ခံစားမှုတခုလို့လည်း ပြောနိုင်မှာဖြစ်ပါတယ်။
၂။ ကျေးဇူးတင်ခြင်း၏ အရေးပါမှု
ကျေးဇူးတင်ခြင်းဟာ လူ့ဘဝမှာ အထိရောက်ဆုံးသော စိတ်ဖြစ်စဉ်တခု ဖြစ်ပြီး၊ ကျနော်တို့ရဲ့ မိသားစု၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့အတူ လူ့အသိုင်းအဝိုင်းကို ပိုမိုကောင်းမွန်စေပါတယ်။
လူမှုဆက်ဆံရေးဆိုင်ရာ ကောင်းကျိုး
ကျေးဇူးတင်ခြင်းဟာ လူသားတွေအနေနဲ့ ပိုမိုရင်းနှီးခင်မင်စေတဲ့ စွမ်းအားတွေ ဖြစ်စေပါတယ်။ တယောက်ရဲ့ အကူအညီကို ခံစားမိပြီး ကျေးဇူးတင်ခြင်းဟာ ယုံကြည်မှုကို တိုးတက်စေပြီး ဆက်ဆံရေးတွေ ပိုမိုခိုင်မာလာစေပါတယ်။
စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုး
ကျေးဇူးတင်ခြင်းကို အလေးအနက်ထားပြီး ဆုံးဖြတ်ချက် တခုအဖြစ် တန်ဖိုးထားသူများဟာ ပိုမိုပျော်ရွှင်ပြီး စိတ်ချမ်းသာမှု ရရှိပါတယ်။
ကျေးဇူးတင်ခြင်းဟာ မျှော်လင့်ချက်၊ ပျော်ရွှင်မှုနဲ့ စိတ်သက်သာခြင်းတွေကို တိုးတက်စေပြီး စိတ်ကျန်းမာရေးကို တိုးတက်စေတယ်လို့ သုတေသနမှတ်တမ်းအချို့မှာ တွေ့ရပါတယ်။
၃။ ကျေးဇူးတင်ခြင်းအတွက် တုံ့ပြန်မှုများ
အကောင်းမြင်စိတ်နဲ့ တုံ့ပြန်ခြင်း
တယောက်ယောက်က ကိုယ့်အတွက် ကောင်းမြတ်တဲ့ အရာတခုခုကို ပြုလုပ်ပေးတဲ့အခါ၊ သူ့အပေါ်မှာ အကောင်းမြင်တဲ့စိတ်နဲ့ ကျေးဇူးတင်စရာ ရှိတယ် ဆိုတဲ့ စိတ်နဲ့ တုံ့ပြန်ခြင်း၊ အာရုံစိုက်ခြင်းတွေ ဖြစ်ပေါ်လာပါတယ်။
အပြုသဘောဖြင့် တုံ့ပြန်ခြင်း
တခုခု ကောင်းမှုခံစားပြီးတဲ့နောက်၊ မိမိကိုယ်တိုင်လည်း အခြားသူတွေအတွက် ကောင်းမြတ်တဲ့ အရာတွေ ပြုလုပ်ခြင်း၊ အကူအညီပေးခြင်း၊ သစ္စာရှိတဲ့ ဆက်ဆံရေးထိန်းသိမ်းခြင်းများ စတဲ့ တုံ့ပြန်ခြင်းတွေ ဖြစ်ပေါ်လာပါတယ်။
ဒီနေရာမှာ ကျေးဇူးတင်ခြင်း ဆိုတဲ့ စိတ်ပိုင်းခံစားမှုတွေ ဖြစ်ပေါ်လာသလို ‘ကျေးဇူးဆပ်ခြင်း’ ဆို တဲ့ ရုပ်ပိုင်းဆိုင်ရာ တာဝန်ယူမှုတွေဆိုတာ ရှိလာကြပါတယ်။
တဦးဦးက မိမိကို ကောင်းမှုတခုပြုခဲ့လျှင် ထိုကျေးဇူးကို လက်ခံရရှိတဲ့အနေနဲ့ သူ့ကို ပြန်လည်အကူအညီပေးခြင်း၊ ကောင်းမှုပြုခြင်း သို့ မဟုတ် ကျေးဇူးတင်ခြင်း စသဖြင့် တုံ့ပြန်ပေးဆပ်ခြင်းကို ရည်ညွှန်းတာ ဖြစ်ပါတယ်။
ဒါကြောင့် ‘ကျေးဇူးဆပ်ခြင်း’ ဆိုတာကလည်း ကျေးဇူးတင်မှုကို ပြန်လည်ဖြေရှင်းပေးခြင်း ဖြစ်ပြီး လူသားများအကြား စာနာမှု၊ ချစ်ခြင်းမေတ္တာနှင့် အကူအညီများကို ဖော်ပြတဲ့ အရေးကြီးသော လုပ်ငန်းစဉ်တခု ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
ဆရာ ဆုံးတော့ ကျနော် ကျေးလက်မှာပါ။ ဆရာ့အတွေးအခေါ်၊ ဆရာ့ အနစ်နာခံစွန့်လွှတ်မှုတွေဟာ ကျနော်တို့နိုင်ငံသမိုင်းမှာ အလေးအနက်ထားရမယ့် သမိုင်းမှတ်တိုင် ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးကို တော်လှန်တဲ့အတွေးအခေါ်နဲ့ မတိုက်ဘဲ အောင်ပွဲမရနိုင်ဘူး ဆိုတာ ကျနော်တို့ အလေးအနက် ယုံကြည်ကြပါတယ်။ ဖောက်ပြန်တဲ့ အတွေးအခေါ် လုပ်ဟန်နဲ့ တော်လှန်ရေးကို အောင်ပွဲမခံနိုင်ဘူး ဆိုတာ မှန်ကန်တဲ့ လမ်းစဥ်ပါ။
ကျနော် အပါအဝင် ကျနော်တို့မျိုးဆက်က ရဲဘော်ကြီးတွေ အတော်များများကတော့ နှစ်ပေါင်း ၅၀ ကျော်တိုင် စစ် ၃ စစ် တိုက်ဖျက်ရေးမှာ မယိမ်းမယိုင် တည်ကြည် ခိုင်မြဲစွာ ရှိနေကြတာကတော့ ဆရာ့ကျေးဇူးတရားကို ကျေးဇူးဆပ်ခြင်းလို့ပဲ ပြောလိုပါတယ်။
ကနေ့ နွေဦးတော်လှန်ရေးမှာ တော်လှန်တဲ့ လူမျိုးပေါင်းစုံပြည်သူတွေဟာ တော်လှန်တဲ့ အတွေးအခေါ်တွေနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်သည်ထိ ချေမှုန်းသွားကြမှာကတော့ မြေကြီး လက်ခတ်မလွဲလို့ ပြောရမှာဖြစ်ပါတယ်။ ဆရာဗန်းမော်တင်အောင်ကို တည်ကြည် လေးနက်စွာ အလေးပြုလိုက်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar