အထက်မြန်မာပြည်၏ ကုန်စည်ဖြန့်ဖြူးရောင်းချရာ ဗဟိုချက်ဟုဆိုနိုင်သော မန္တလေးဈေးချိုတော်နှင့် ကုန်ပစ္စည်းအရောင်းဆိုင်များရှိ ပြည်ပသွင်းကုန် နိုင်ငံခြားပစ္စည်းများကို အခွန်ဆောင်တင်သွင်းခြင်းဟုတ်မဟုတ် စစ်ကောင်စီကစစ်ဆေးနေကြောင်းသိရသည်။
နိုင်ငံခြားငွေအကျပ်အတည်းကြောင့် ပြည်ပသွင်းကုန်များကန့်သတ်ထားပြီး နယ်စပ်ကုန်သွယ်ရေးဂိတ် အများအပြားတွင် ကုန်စည်စီးဆင်းမှုရပ်နေချိန်တွင် အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်းက တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရမည်ဟုဆိုကာ လိုင်စင်မဲ့သွင်းကုန်များကို စစ်ဆေးမှုတိုးမြှင့်ရန် ယခုလ ၉ ရက်နေ့ အစည်းအဝေးတွင် ညွှန်ကြားခဲ့သည်။
ထိုညွှန်ကြားချက်အပြီး အောက်တိုဘာ တတိယပတ်မှစ၍ ကုန်သွယ်ရေးလမ်းကြောင်းများအပြင် ဈေးကွက်ထဲအထိ ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများကို စစ်ဆေးဖမ်းဆီးလာခြင်းဖြစ်သည်။
ယမန်နေ့ (အောက်တိုဘာ ၂၃) တွင် မန္တလေးဈေးချိုတော်အတွင်း နိုင်ငံခြားပစ္စည်းရောင်းချသော အလှကုန်ပစ္စည်းဆိုင်နှင့် ကုန်သိုလှောင်ရုံများကို အင်အား ၁၅ ဦးခန့်ပါဝင်သည့် ရဲ၊ စည်ပင် စသည့် ဌာန ဆိုင်ရာ ပူးပေါင်းအဖွဲ့က လာရောက်စစ်ဆေးခဲ့သည်ဟု မန္တလေးဈေးချိုတော်မှ ဈေးဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။
“မနေ့ကတော့ အလှကုန်တွေဖက် ဝင်စစ်ဆေးတယ်။ ပစ္စည်းတွေသိမ်းယူတာမျိုးအထိတော့ မကြားသေးဘူး။ ညှိနှိုင်းကြတယ်လို့တော့ သိရတယ်” ဟု အသက်၂၅ နှစ်အရွယ် ထိုအမျိုးသမီးက ပြောသည်။
အောက်တိုဘာ ၂၂ တွင် မန္တလေးဈေးချိုတော်အတွင်းရှိ လူသိများထင်ရှားသည့် “ကစ္စနား” အမည်ရှိ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်ကိုလည်း ပူးပေါင်းအဖွဲ့က စစ်ဆေးသွားကြောင်း ထိုဆိုင်နှင့်နီးစပ်သည့် အသက် ၃၀အရွယ် မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“ကစ္စနားဆိုတဲ့ဆိုင်ကို ဝင်တာပေါ့။ စည်ပင်ပါတယ်။ ရဲပါတယ်။ အကောက်ခွန်ရုံးကလည်းပါတယ် ပြောတယ်။ စစ်သားအစောင့်တွေလည်းပါတယ်။ ထိုင်းကကုန်ပစ္စည်းတွေနဲ့ တရုတ်ကကုန်ပစ္စည်းတွေကို ဝင်စစ်တယ်။ ဘယ်လိုပြီးသွားလဲတော့ မသိတော့ဘူး”ဟု သူက ပြောသည်။
ရောင်းကုန်နှင့် ပတ်သက်သည့် စာရွက်စာတမ်း ပြသနိုင်ခြင်း မရှိပါက ငွေတောင်းခံနိုင်ရန် ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းတို့နှင့် ရင်ဆိုင်ရနိုင်သည်ဟု သူက ဆိုသည်။
အောက်တိုဘာ ၁၉ ရက်နေ့ကလည်း မန္တလေးပြည်ကြီးတံခွန်မြို့နယ် ၄၆လမ်းအနီး“TW” အမည်ရှိ ကုန်ပစ္စည်းသိုလှောင်ရုံကို အင်အား၂၀ ကျော်ရှိ ပူးပေါင်းအဖွဲ့က လာရောက်ရှာဖွေစစ်ဆေးပြီးနောက် တရားမဝင်ပစ္စည်း ရောင်းချသည်ဆိုကာ ဖမ်းဆီးခဲ့ကြောင်းမန္တလေးမြေပြင်သတင်းများကိုး ရေးသားဖော်ပြနေသည့် MDY-Revolution အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။
အဆိုပါ ရှာဖွေမှုမတိုင်မီကလည်း ချမ်းမြသာစည်မြို့နယ် ၅၆ လမ်းရှိ လျှပ်စစ်ပစ္စည်းသိုလှောင်ရုံကို ဝင်စစ်ရာ သွင်းကုန်လိုင်စင်ဖြင့်အခွန်ဆောင်တင်သွင်းကြောင်း အထောက်အထားမပြနိုင်သဖြင့် ဖမ်းဆီးကြောင်း၊ သိုလှောင်ရုံများကို စစ်ဆေးရာတွင် ကျပ်သိန်းထောင်ဂဏန်းအထိ ငွေကြေးထောက်ခံသည့်အပြင် ကုန်ပစ္စည်း၏ ၄၀ ရာခိုင်နှုန်း သိမ်းဆည်းမည်ဟု ခြိမ်းခြောက်မှုများရှိကြောင်း MDY-Revolution က ရေးသားသည်။
ထိုသို့ စစ်ဆေးဖမ်းဆီးမှုများကြောင့် မန္တလေးဈေးချိုတော်မှ ပွဲရုံများ၊ ကုန်စည်ဒိုင်များ အပါအဝင် မန္တလေးမြို့ပေါ်ရှိ လူစည်ကားရာကုန်တိုက်ကြီးများ၊ ကုန်စုံဆိုင်များတွင် နိုင်ငံခြားဖြစ်ကုန်ပစ္စည်း ရောင်းချမှုလျှော့ချထားကြောင်း ဈေးချိုတော်မှ ဈေးဆိုင်ပိုင်ရှင် အမျိုးသမီးက ပြောသည်။
ဈေးချိုတော်အတွင်း ပုံမှန်ရောင်းချနေသည့် နိုင်ငံခြားပစ္စည်းများကို ရွှေ့ပြောင်းထားကြရသည်ဟုလည်း သူက ဆက်ပြောသည်။ ကုန်တိုက်များတွင်လည်း ထိုင်းနှင့် တရုတ်ပစ္စည်းများအစား ပြည်တွင်းထုတ်ကုန်များကို အဓိကထားရောင်းချနေသည်ကို တွေ့ရကြောင်း မန္တလေးမြို့ခံများက ဆိုသည်။
ရန်ကုန်တွင်လည်း မှောင်ခိုပစ္စည်းအဖမ်းကြမ်း၍ လိုင်စင်မဲ့ ထိုင်းကုန်စည်ရောင်းချမှု ရပ်ဆိုင်းထားကြသည်။
စစ်ကောင်စီသည် ကုန်သည်လုပ်ငန်းရှင်များကို ပြီးခဲ့သည့်အောက်တိုဘာ ၁၀ ရက်က ပို့ကုန်ရငွေမရှိဘဲ၊ သွင်းကုန်လိုင်စင်မလျှောက်ထားဘဲ ပြည်ပနိုင်ငံများမှ မည်သည့်ကုန်ပစ္စည်းမဆို ကြိုတင်မတင်သွင်းရန် ထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ စစ်ဆေးဖမ်းဆီးမှုများ လုပ်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ပြည်တွင်းထုတ်လုပ်မှုမလုံလောက်သဖြင့် သွင်းကုန်ကိုမှီခိုနေရပြီး စားသောက်ကုန်၊ လူသုံးကုန်နှင့် စက်မှုကုန်ကြမ်းများအထိ တင်သွင်းနေရသည်။ အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် နိုင်ငံခြားငွေ အကျပ်အတည်းကြောင့် သွင်းကုန်များကန့်သတ်ပိတ်ပင်ထားကာ ဆေးဝါး၊ စားသုံးဆီ၊ စက်သုံးဆီတို့ကိုလည်း ခွဲတမ်းစနစ်ဖြင့်သာ တင်သွင်းရောင်းချခွင့်ပေးထားသည်။
ထို့ပြင် ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ်တို့နှင့် ကုန်သွယ်နေသည့် နယ်စပ်ဂိတ်အများအပြားကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားသဖြင့် စစ်ကောင်စီ စီမံခန့်ခွဲသည့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ အပြည့်အဝ လည်ပတ်နိုင်ခြင်း မရှိတော့ပေ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်မှုအောက်ရှိ နယ်စပ်ဂိတ်များမှတစ်ဆင့် ကုန်စည်များ စီးဝင်းလာရာ ထိုကုန်စည်များသည် စစ်ကောင်စီအတွက် အခွန်အခမရသဖြင့် မစားရသည့်အမဲ သဲနှင့်ပက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့်စီးပွားရေးပညာရှင်တစ်ဦးက ဝေဖန်သည်။
“ဒီပိုက်ဆံမရတဲ့ဟာကို မင်းတို့သွင်းရင်လည်း ငါတို့က ဖမ်းတယ်ကွာဆိုပြီးလုပ်လိုက်တာ။ အဲ့လိုဖြစ်တဲ့ အတွက်ကြောင့် သူတို့ကိုဖိအားပိုများစေမယ်။ ပြည်တွင်းမှာရှိတဲ့လူတွေ လူသုံးကုန်ပစ္စည်း ရှားပါးမှုတွေ ဖြစ်မယ်” ဟု ၎င်းက ပြောသည်။
“ဟိုးအရင်တုန်းကလို ဆိုရှယ်လစ်ခေတ်(၁၉၆၀ ကျော် ခုနှစ်များ) တုန်းကလို ဆင်ချေးတုံးဆပ်ပြာသုံးရတဲ့ အနေအထားမျိုးတွေ ရောက်ကုန်မယ်”
မှောင်ခိုဈေးကွက်ကို ပိတ်ပင်လိုသည့် စစ်ကောင်စီသည် ပုံမှန်ကုန်သွယ်နိုင်သည့် လမ်းကြောင်းကို မဖွင့်နိုင်တော့သော်လည်းပြည်တွင်း၌ ကုန်ပစ္စည်းလိုအပ်ချက်ရှိလျှင် လမ်းကြောင်းအမျိုးမျိုးမှ ကုန်စည် စီးဝင်မည်ဟု ကုန်သည်များက ဆိုသည်။
စစ်ကောင်စီထိန်းချုပ် နိုင်ငံပိုင်ဒီယာများတွင် တရားမဝင်ကုန်စည်များကို ဆက်တိုက်ဖမ်းဆီးရမိကြောင်း နေ့စဉ်ရက်ဆက်သတင်းဖော်ပြနေသည်။ တရားမဝင်ကုန်သွယ်မှုကြောင့် အခွန်ကောက်ခံရရှိမှုနစ်နာသလို ၎င်းတို့ကို တော်လှန်တိုက်ခိုက်နေသည့်လက်နက်ကိုင်အဖွဲ့များကို ထောက်ပံ့ကူညီရာရောက်ခြင်းကြောင့် ထိထိရောက်ရောက် တားဆီးတိုက်ဖျက်ရန် ဒုစစ်ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆို ထားသည်။
၂၀၂၂ နှစ်ဆန်းမှ ယခုနှစ် ဩဂုတ်လကုန်ထိ ကျပ်ဘီလျံပေါင်း ၃၀၀ ကျော် ပမာဏရှိ မှောင်ခိုကုန်သွယ်မှု ၁၄,၆၅၉ ခုအထိ ဖမ်းဆီးရရှိခဲ့ကြောင်း သူက အောက်တိုဘာ ၉ ရက် အစည်းအဝေးတွင် ထည့်သွင်းပြောဆိုခဲ့သည်။