သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက ကြိုတင်တိမ်းရှောင်ထားရန် ညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။
အောက်တိုဘာလ (၂၁) ရက်မှ စတင်ပြီး ပြင်ဦးလွင်မြို့နှင့် မိုင်(၂၀) ခန့်သာ ကွာဝေးသည့် နောင်ချိုမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ မြေပြင်စစ်ရေး ပြင်းထန်နေခြင်းကြောင့် တိုက်ပွဲကူးစက်လာနိုင်သည့် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို ကြိုတင်တိမ်းရှောင်ရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း စစ်တပ်အသိုင်းအဝိုင်းထံမှ သိရသည်။
“တပ်ထဲက သက်ကြီးနဲ့ ကလေးတွေကိုတော့ တခြားမြို့ ပြောင်းခိုင်းနေတယ်။ ဒီမှာ တာဝန်ကျတဲ့ စစ်သားမိန်းမ တချို့ဆရာမတွေ တောင်ကြီးဘက် ကျောင်းပြောင်းသွားတယ်။ အခု မိသားစုအကုန်လုံး အဲ့ဘက်လိုက်နေခိုင်းတယ်။ တချို့လည်း မန်းလေးတို့ အောက်ပြည်ဘက် နေရပ်ပြန်ကုန်တယ်”ဟု စစ်တပ်နှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်ကောင်စီသည် တပ်မိသားစုဝင်များကို ဘေးလွတ်ကင်းရာ အခြားမြို့များသို့ ပြောင်းရွှေ့ခိုင်းနေသော်လည်း ပြည်သူများ မြို့ကို စွန့်ခွာပါက ကျန်ရှိသည့် နေအိမ်နှင့် ဟော်တယ်များ၊ ဆိုင်များ ဖောက်ထွင်းလုယက် ခံရနိုင်သဖြင့် မြို့ကို စွန့်ခွာမှု မပြုသင့်ကြောင်း စစ်ကောင်စီက ဝါဒဖြန့်နေသည်ဟု မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ပထမ အပတ်က တိုက်ပွဲများ မြို့တွင်းနီးကပ်လာသဖြင့် ပြင်ဦးလွင်မြို့ခံ အများအပြား မြို့ကို စွန့်ခွာထွက်ပြေးခဲ့သည့် ဖြစ်စဉ်ကြောင့် ယခုတကြိမ် မြို့ကိုစွန့်ခွာခြင်း မပြုရန် စစ်ကောင်စီက ခြိမ်းခြောက် ဝါဒဖြန့်နေခြင်း ဖြစ်နိုင်သည်ဟု မြို့ခံများက သုံးသပ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၁၉) ရက်နေ့မှ စတင်ကာ ပြင်ဦးလွင်အနီး နောင်ချိုမြို့နယ်အတွင်း ဂန့်ဂေါ်ရွာ တိုက်ပွဲများ စတင်ခဲ့ရာ ယနေ့ (အောက်တိုဘာလ ၂၄ ရက်) နံနက်ပိုင်း အထိ တိုက်ပွဲများ ပြင်းထန်နေပြီး ပြင်ဦးလွင် အနီးမှ စစ်ကောင်စီ လက်နက်ကြီး ပစ်ကူပေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
ယနေ့ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာအုပ်စု၊ ဂန့်ဂေါကျေးရွာအနီး တိုက်ပွဲပြင်းထန်နေပြီး အုမ္မသီး လမ်းခွဲအထိ တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ကြားသိရကြောင်း၊ ပြင်ဦးလွင်မြို့တွင် နေထိုင်သည့် စစ်ဗိုလ်ချုပ်ဟောင်း အများစု နေပြည်တော်သို့ ပြောင်းရွှေ့သွားပြီဟု သတင်းကြားရကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောသည်။
ထို့အပြင် အောက်တိုဘာလ ၁၉ ရက်က စတင်ခဲ့သည့် နောင်ချိုမြို့နယ် မြေပြင်ထိတွေ့ တိုက်ပွဲများကြောင့် မန္တလေးမြို့မှ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့များသို့ သွားရောက်မည့် အတက်ကားများကို စစ်ကောင်စီက ပြန်လှည့်ခိုင်းပြီး ပြင်ဦးလွင် – လားရှိုးလမ်းပိုင်းကို ယနေ့ အထိ ပိတ်ထားသည်။