ylliX - Online Advertising Network
စစ်တပ် စစ်ကြောင်းထိုးခဲ့သည့် လောင်းလုံးဒေသတွင် ရုပ်အလောင်း ၅ လောင်းတွေ့ရှိ - Myanmar Now

စစ်တပ် စစ်ကြောင်းထိုးခဲ့သည့် လောင်းလုံးဒေသတွင် ရုပ်အလောင်း ၅ လောင်းတွေ့ရှိ – Myanmar Now


တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စုကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အောက်တိုဘာ ၁၂ ရက်မှ အောက်တိုဘာ ၁၉ ရက်အထိ တစ်ပတ်ကြာ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ဒေသခံ ရုပ်အလောင်း ငါးလောင်း တွေ့ရှိရသည်။

စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သုံးဦး ၊ တိုက်ပွဲဖြစ်ပွားစဉ် စစ်တပ်က ပစ်ခတ်သည့် သေနတ်ကျည်ဆန် ထိမှန်၍ တစ်ဦး ၊ ကြောက်လန့်ပြီး နှလုံးရောဂါဖြင့် တစ် ဦး တို့ သေဆုံးသွားကြသည်ဟု ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ် ကော်မတီ (DMSC)  ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။
သေဆုံးသူများမှာ ကဒက်ငယ်ထိန် ရွာသား ကိုမင်းအောင် (ခ)  ကိုကန်းကန်း  (၃၀ နှစ်) ၊ ကဒက်ငယ်ထိန် ရွာမှ ဒေါ်ခင်မြင့် (ခ) ဒေါ် မငယ် ( ၇၃ နှစ်) ၊ အောက်ရေဖြူရွာမှ  ဒေါ်သက်သက် (၅၀ နှစ်) နှင့် ကိုမင်းကိုကို (၂၅ နှစ်) ၊ အမည်မသိ အလောင်း တစ်လောင်းတို့ ဖြစ်သည်။ 

ကိုမင်းကိုကိုသည် ဓားစာခံအဖြစ် ဖမ်းဆီးခံရရာမှ အောက်တိုဘာ ၂၁ ရက်တွင်  ညင်းမော်ရွာအနီး သင်္ချိုင်းအနောက်တွင် အသက်မဲ့အလောင်းအဖြစ် ပြန်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ၎င်းနှင့်အတူ အမည် မသိ လူငယ်၏ အလောင်းလည်း တွေ့ရှိခဲ့ရသည်။

“ကိုမင်းကိုကိုကတော့ အလောင်းကိုတွေ့တဲ့အချိန်မှာ အသတ်ခံထားရတဲ့ ပုံစံက မျက်နှာမှာ ထိုးကြိတ် ခံထားရလို့ ဖူးယောင်ဒဏ်ရာတွေနဲ့ လည်ပင်းမှာ ဓားနဲ့ လှီးဖြတ်ခံထားရတဲ့ ဒဏ်ရာတွေလည်း ရှိတယ်။ နောက် ၁ လောင်းမှာ က အဲ့ဒီလို ပုံစံမျိုးရှိတယ်”  ဟု DMSC ထားဝယ်ခရိုင်တာဝန်ခံက Myanmar Now ကို ပြောသည်။ 

အောက်တိုဘာ ၁၆ ရက်တွင် စစ်ကြောင်းဝင်၍ ထွက်ပြေးသည့်  ကိုမင်းအောင် (ခေါ်) ကိုကန်းကန်း အောက်ရေ ဖြူကျေးရွာနှင့် ကဒက်ငယ်ထိန်ရွာအကြားတွင် ပစ်သတ်ခဲ့ခံရသလို ယင်းနေ့ညနေတွင် ကဒက်ငယ်ထိန်ရွာမှ သက်ကြီးပိုင်း ဒေါ်ခင်မြင့် ကျည်ဆန်ထိမှန် သေဆုံးခဲ့သည်။

ယင်းတစ်နေ့တည်းမှာပင် အောက်ရေဖြူရွာမှ နှလုံးရောဂါအခံရှိသည့် အသက် ၅၀ အရွယ် ဒေါ်သက်သက် သည် ပစ်ခတ်သံများကို ကြောက်ရွံ့ထိတ်လန့်ပြီး နှလုံးဖောက်၍ သေဆုံးခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ရက်ပိုင်းအကြာ ဖေဖော်ဝါရီ ၇ တွင် ထားဝယ်မြို့နယ်၌  အာဏာသိမ်းမှုဆန့်ကျင်သည့် လူငယ်များဖြင့် ဖွဲ့စည်းခဲ့သော DMSC က ဆန္ဒပြသပိတ်များ ဆက်လုပ် နေသလို စစ်တပ်၏ အကြမ်းဖက် လုပ်ရပ်များနှင့် ဒေသတွင်းလက်နက်ကိုင်များ၏ လုပ်ရပ်များကို အမြဲလိုလို ဖော်ထုတ်နေသော အဖွဲ့ဖြစ်သည်။ 

ကိုမင်းကိုကိုနှင့် အမည်မသိလူငယ်တို့သည် စစ်ကြောင်းဝင်လာချိန်တွင် ဖမ်းဆီးခံရပြီး စစ်ကြောင်း ပြန်အထွက်တွင် သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (လောင်းလုံး ပ.က.ဖ) တာဝန်ခံ ကိုရှဲဒိုးက ပြောသည်။ 

“အလောင်းက၂လောင်းတွေ့ပါတယ် ညင်းမော်ရွာသင်္ချိုင်းအနောက်ဖက်မှာ မြှုပ်ထားခဲ့တာပါ အလောင်း၂ လောင်းစလုံးမှာ လည်လှီးသတ်ဖြတ်ခံထားရတဲ့ဒဏ်ရာရှိပါတယ်။ အလောင်းအခြေအနေ အရတော့ လွန်ခဲ့တဲ့ ၄ ရက်လောက်က သတ်ထားပုံရပါတယ်။ အဲဒီထဲကတစ်ယောက်ကတော့ အောက်ရေဖြူရွာသား ကိုမင်းကိုကို ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်။ နောက်တစ်ယောက်ကတော့ အတည်မပြုနိုင်ခဲ့ဘူးဗျ” ဟု ၎င်းက ဆက်ပြောသည်။ 

စစ်ကောင်စီတပ်က အောက်ရေဖြူကျေးရွာအုပ်စုမှ ဒေသခံ ၁၀ ဦးကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီး ထားရာ ထိုသူများ၏ အသက်အန္တရာယ်မှာလည်း စိုးရိမ်နေရသည်ဟု  DMSC တာဝန်ခံ က ဆိုသည်။​

“မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးတဲ့အတွက်  ဘယ်သူက အခုချိန်ထိ အသက်ရှင်ရက် ဖမ်းဆီးခံထား ရတယ်။ ဘယ်သူကတော့ သေသွားပြီဆိုတာမျိုးကို မသိရသေးတဲ့ အနေအထားဖြစ်နေတယ်” 

ဖမ်းဆီးခံထားရသူများဖြစ်သော အသက် ၃၀ အရွယ် ကိုအောင်နိုင် ၊ အသက် ၂၅ အရွယ် ကိုလားရှီတို့ အပါအဝင် ရေဖြူရွာသား ၆ ဦးနှင့် ညင်းမော်ရွာသား ၄ ဦး တို့ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဒေသခံ များထံက သိရသည်။ 



တနင်္သာရီတိုင်းအတွင်းဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှု၊ နေအိမ်မီးရှို့မှုများနှင့် ပတ်သတ်ပြီး စစ်ကောင်စီ ၏ တနင်္သာရီတိုင်းပြောရေးဆိုခွင့်ရှိသူ တနင်္သာရီတိုင်း လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို ဆက်သွယ်မေး မြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။ 

စစ်ကောင်စီစစ်ကြောင်း စီးနင်းနေသော တနင်္သာရီ ၃ မြို့နယ်ပြ ပြမြေပုံ။

ပြီးခဲ့သည့် အောက်တိုဘာ ၁၂ မှ အောက်တိုဘာ ၁၉ အထိ စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ် အတွင်းရှိ ညင်းမော်၊ ဂေါ့အင်း ၊ပိန္နဲတော၊ ထိန်ကြီး ၊ ရေဖြူ ၊ ကဒက်ငယ်ထိန် ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည်။ 

စစ်ကြောင်းထိုးခံနေရသည့် အောက်ရေဖြူ၊ ညင်းမော်ရွာများသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အားကောင်းခဲ့သည့်နေရာများဖြစ်သလို လောင်းလုံမြို့သည်လည်း အပါအဝင် ဖြစ် သည်။ 

စစ်ကောင်စီတပ်က တနင်္သာရီတိုင်းတွင် စက်တင်ဘာတစ်လအတွင်း အရပ်သား ၃၀၈ ဦးကို ဖမ်းဆီး ခဲ့ပြီး ၁၇၃ ဦး ပြန်လွတ်ကာ ၅ ဦး သေဆုံးခဲ့သည်ဟု ဒေသတွင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာ သည့် အဖွဲ့ FE5Tanintharyi က အောက်တိုဘာ ၁၆ ရက်က ထုတ်ပြန်ထားသည်။ 

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် စက်တင်ဘာလ တစ်လထဲတွင် အရပ်သားပြည်သူ ၆၁ ဦး ထက် မနည်း ဖမ်းဆီးခံခဲ့ရပြီး ၃၅ ဦး ပြန်လွတ်လာသည်၊ ငါးဦး သေဆုံးခဲ့သည်ဟု ထို ထုတ်ပြန်ချက်က ဆိုသည်။ 

ထိုအဖွဲ့၏ လစဉ်အစီရင်ခံစာတွင် စက်တင်ဘာအတွင်း တနင်္သာရီတိုင်း မြို့နယ် သုံးမြို့နယ်တွင် စစ်တပ် နှင့်တော်လှန်ရေး တပ်များအကြား ရက်ရှည်တိုက်ပွဲများဖြစ်ပွားနေရာ နေရပ်စွန့်ခွာ စစ်ရှောင်ရသူ ၅၆,၀၀၀ ဦး ရှိလာသည် ဟု ဖော်ပြထားသည်။

တနင်္သာရီမြို့နယ်၊ လောင်းလုံးမြို့နယ်၊ ပုလောမြို့နယ်များအတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် ဒေသအခြေစိုက်တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများ ဖြစ်နေရာ ယခင်လအတွင်း စုစုပေါင်း တိုက်ပွဲ ၇၇ ကြိမ် ဖြစ်ပွားခဲ့သောကြောင့် ဒေသခံများ ယခုလို နေရပ်စွန့်ခွာ စစ်ရှောင်နေရခြင်း ဖြစ်သည်ဟု ထိုအစီရင်ခံစာက ဆိုသည်။ 
ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်ကလည်း ရေဖြူမြို့နယ်၊ ဝက်ချောင်းကျေးရွာအနီး လမ်းပေါ်တွင် သေနတ်ဒဏ်ရာဖြင့်  အသက် ၁၈ နှစ်ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး၏ အလောင်း စွန့်ပစ်ခံထား ရသည်။

စစ်တပ်စစ်ကြောင်းထိုစဉ် ဖမ်းဆီးခေါ်ဆောင်သွားရသူများအနက်မှ တစ်ဦးဖြစ်သည်ဟု ဒေသအခြေ စိုက် တနင်္သာရီတိုင်းမ်သတင်းတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားပြီး သီးခြားအတည်မပြုနိုင်သေးပေ။





Source link

Leave a Reply

Your email address will not be published. Required fields are marked *