ကိုးကန့်တပ် (MNDAA) သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးမြို့ကို စစ်တပ်က ယနေ့ ( အောက်တိုဘာ ၂၃) တစ်မနက်အတွင်း လေကြောင်းမှ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြို့ပေါ်ရှိ ရိုးရာ အရက်ချက်စက်ရုံကို ဗုံးထိမှန်ပြီး မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။
နံနက် ၈ နာရီခွဲခန့်တွင် လေယာဉ်တစ်စီးက လားရှိုးမြို့အဝင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရိုးရာ ဆန်အရက် ချက်စက်ရုံကို ဗုံးထိမှန်ခဲ့သည်ဟု MNDAA အဖွဲ့နှင့် နီးစပ်သူ လားရှိုးဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
“မြို့အဝင် ရိုးရာဆန်အရက် စက်ရုံထိသွားပါတယ်၊ စက်ရုံက အရက်စက်ရုံဆိုတော့ (အပျက်အစီး) များပါတယ်၊ စက်ရုံအဆောက်အဦတွေ ပါသွားတာပေါ့” ဟု ၎င်းက ဆိုသည်။
အဆောက်အဦနေရာတချို့မှာ မီးလောင်နေသည့်အတွက် MNDAA ၏လားရှိုးမြို့အုပ်ချုပ်ရေးအဖွဲ့မှ မီးသတ်သမားများက မီးငြိမ်းသတ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
အရက်စက်ရုံးဗုံးကြဲခံရမှုတွင် အများအပြား မီးလောင်ပျက်စီးသွားသော်လည်း လူထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။
လားရှိုးမြို့ပေါ်တွင် ယနေ့ နံနက် လေယာဉ် ဝဲနေခဲ့ပြီး နံနက် ၁၀ နာရီခန့်တွင်လည်း မြို့ပြင်သို့ ဗုံးကြဲ ခဲ့သည်ဟု သိရသည်။
ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်သည့်နေရာကို အတည်မပြုနိုင်သေးသလို အပျက်အစီးနှင့် ထိခိုက် သေဆုံးမှုများကိုလည်း မသိရသေးကြောင်း အထက်ပါအမျိုးသားက ပြောသည်။
စစ်ကောင်စီတပ်၏ ယနေ့နံနက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကို မြေပြင်ရှိ ကိုးကန့်တပ်များကလည်း တုံ့ပြန်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတချို့က ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်ကလည်း လားရှိုးမြို့အနောက်ဘက်ရှိ အီနိုင်းရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသားသုံးဦးသေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးနှင့် အသက် ၄ နှစ်အရွယ် ကလေး တစ်ဦး ဒဏ်ရာရခဲ့သည်။
ဩဂုတ်လဆန်းတွင် လားရှိုးမြို့ကို MNDAA သိမ်းပိုက်ပြီးနောက် ယင်းလကုန်မှစ၍ ယနေ့အထိ လေတပ် ၏တိုက်ခိုက်မှု အကြိမ် ၂၀ ကျော်ရှိခဲ့ရာ အရပ်သားသေဆုံးသူ ၁၁ ဦးထက်မနည်းရှိနေပြီး ဒဏ်ရာရသူ ၅၀ ခန့်ရှိနေပြီဖြစ်သည်။
မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် လားရှိုးမြို့သို့ ပြန်ရန် မဖြစ်နိုင်သေးကြောင်း တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် လားရှိုးမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
“မြို့ထဲက တချို့လူတွေတောင် ပြန်ထွက်ကြတယ်ပြောတယ်၊ ကျွန်မတို့လည်း မပြန်ရဲသေးဘူး တော်ကြာ ကိုယ်ပြန်မှ ဗုံးကြဲခံရမှာစိုးတယ် ကလေးငယ်လေးတွေလည်း ရှိနေတော့ မပြန်သေးဘူး”
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုများမှာ လားရှိုးမြို့တွင် ဆက်လက်နေထိုင်နေသည့် စစ်ကောင်စီတပ်ထောက်ခံသူ သတင်းပေး ဒလန်များကြောင့်ဖြစ်သည်ဟု MNDAA က ယူဆသည့်အတွက် Starlink အင်တာနက် အသုံးပြု ခွင့်များ ပိတ်ပင်ခဲ့သည်။
ထို့ပြင် စစ်တပ်သတင်းပေးများကို ရှာဖွေဖမ်းဆီးရာ လူ ၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေသည်ဟု လားရှိုးမြို့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ ၁၀ ရက်က ထုတ်ပြန်ထားသည်။
ဖမ်းဆီးထားသူများကို စစ်ဆေးနေပြီး အပြစ်မရှိပါက ပြန်လည်လွှတ်ပေးသွားမည်ဖြစ်ကြောင်း ပါရှိ သည်။ စစ်တပ်သတင်းပေးများကို တွေ့ရှိပါက လားရှိုးမြို့အုပ်ချုပ်ရေးအဖွဲ့ကို သတင်းပေးရန် မြို့ခံ များကို တိုက်တွန်းထားသည်။
လတ်တလော လားရှိုးမြို့တွင် ဖုန်းလိုင်းများ ပြတ်တောက်နေပြီး Starlink အင်တာနက်ကိုလည်း MNDAA မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်များကသာ သုံးစွဲခွင့်ရနေသည်ဟု သိရသည်။
၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း မြို့ပေါင်းများစွာကိုသိမ်းပိုက်ထားနိုင်ခဲ့သည့် MNDAA တပ်က စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် ဇူလိုင်လဆန်းတွင် ဆက်လက်တိုက်ခိုက်ခဲ့ရာ လားရှိုးမြို့ကို တစ်လ အတွင်း သိမ်းပိုက်နိုင်ခဲ့သည်။
လားရှိုးကို သိမ်းပိုက်နိုင်ပြီးနောက် တောင်ကြီးနှင့် မန္တလေးမြို့များကို ဆက်လက်သိမ်းပိုက်မည်မဟုတ်ဘဲ စစ်ကောင်စီနှင့်လည်း ဆွေးနွေးရန်အသင့်ရှိသည်ဟု MNDAA က ထုတ်ပြန်ထားသော်လည်း လေတပ်က MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေခဲ့သည်။
ထို့ပြင် လားရှိုးမြို့၏ တောင်ဘက် မိုင် ၅၀ ကျော်အကွာတွင်ရှိပြီး စစ်ကောင်စီတပ်၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ပြန်လည်ဖွင့်လှစ်ထားသည့် မိုင်းရယ်မြို့တွင် စစ်တပ်နှင့် MNDAA တို့ စစ်ရေးတင်းမာ နေသည့်အတွက် ဒေသခံများ တိမ်းရှောင်နေကြရသည်။