သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်သို့ စစ်ကောင်စီတပ်မှ နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း စုံစမ်းသိရသည်။
ယနေ့ (အောက်တိုဘာလ ၂၂ ရက်) နံနက် ၁ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံး ကြဲချတိုက်ခိုက်ခဲ့ပြီး သေဆုံးမှုများ ရှိခဲ့ကြောင်း နမ့်ဆန်မြို့နယ် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မနေ့ကော ဒီနေ့ကော ၂ ရက်ဆက်တိုက် ကြဲတာ။ ဒီနေ့က ဟိုမိန်းဘက်ကို လာကြဲတာ မနက် ၁ နာရီကျော်လောက်။ ကျောက်ဖြူလေးဘက်လည်း မနေ့က ဗုံးကြဲခဲ့တာ။ လူတွေထိတယ်လို့တော့ သိရတယ်”ဟု နမ့်ဆန်မြို့ ဒေသခံ ၎င်းအမျိုးသားက ပြောသည်။
စစ်ကောင်စီတပ်မှ လူအိပ်မောကျချိန် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာတွင် အရပ်သားအပါအဝင် TNLA တပ်သားများလည်း ထိခိုက်သေဆုံးကြောင်း ကနဦး စုံစမ်းသိရသော်လည်း အသေးစိတ်ကို ဆက်လက်စုံစမ်းနေသည်။
အလားတူ ယမန်နေ့ (အောက်တိုဘာလ ၂၁ ရက်) နံနက် (၈) နာရီခွဲ ဝန်းကျင်တွင် နမ့်ဆန်မြို့နယ် ကျောက်ဖြူလေး ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။
ယမန်နေ့ (အောက်တိုဘာလ ၂၁ ရက်)ကလည်း လူအိပ်မောကျချိန် လားရှိုးမြို့ (၁၂) ရပ်ကွက်ရှိ ရှမ်းတောင်တန်းလမ်းကြား မန်ဆူဘုရားမရောက်ခင် နေရာသို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးဖြင့် လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး အဆောက်အအုံများ ပျက်စီးသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ပြည်သူများ အိပ်မောကျချိန် ညသန်းခေါင်အချိန်များတွင် အဓိက လေကြောင်းဗုံးကြဲ တိုက်ခိုက်နေပြီး အရပ်သား သေဆုံးမှု နေ့စဉ်နှင့်အမျှ ရှိသကဲ့သို့ ဒဏ်ရာရရှိသူများလည်း တိုးလာလျက်ရှိသည်။