(မိုးမခ) အောက်တိုဘာ ၂၂ ၊ ၂၀၂၄
‘ကျွန်တော်သည် ဒေသစွဲနည်းသူဟု ကိုယ့်ကိုယ်ကိုယ် ယူဆသူ ဖြစ်ပါသည်။ သို့တိုင်အောင် ကျွန်တော့် မသိစိတ်ထဲတွင် ဒေသစွဲသည် ရှိမြဲရှိနေပါသည်။ နွေဦးပေါက်၍ မြူတွေဝဲလျှင်၊ တမာရွက်တို့ ကြွေလျှင်၊ အင်ကြင်းတို့ ဖူးချိန်ရောက်လျှင် ဇာတိကို အလိုလိုလွမ်းလာတတ်ပါသည်။
(မြသန်းတင့်)
‘တောင်သမန်ရွှေအင်းက လေညှင်းဆော်တော့’ သမိုင်းဝတ္ထုကြီးထဲမှာ ဆရာမြက စာဆိုတွေရဲ့ အိမ်လွမ်းစိတ်အကြောင်းကို ဖွဲ့ပြတယ်။ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်နဲ့ နောက်ဆုံး ကိုယ်ရေးကိုယ်တာ ဝေဒနာ အဖွဲ့နည်းတဲ့ သခင်ကိုယ်တော်မှိုင်းပင်လျှင် အိမ်လွမ်းဝေဒနာကို မဖွဲ့ဘဲ မတတ်နိုင်ခဲ့ပါလို့ ဆရာမြက မှတ်ချက်ပြုခဲ့တယ်။
ဆရာမြ ရေးပြတဲ့ မြို့ဟောင်းတွေရဲ့ ယဉ်ကျေးမှု၊ ဇာတိမာန်နဲ့ အစဉ်အလာထိန်းသိမ်းတတ်လိုမှု။ တဖက်က မြို့သစ်တွေရဲ့ ကော်စမိုပိုလီတန် ဆန်မှုကြားက အားပြိုင်မှုကို အခု ပြန်တွေးကြည့်တဲ့အခါ ကျနော်မှာ အတွေးတခု ရလာတယ်။
နိုဘယ်ဆုရှင် အမာတြာဆင်းက နာမည်ကျော် သူ့စာအုပ် (The Argumentative Indian) မှာ သူ့ရဲ့ ကော်စမိုပိုလီတန် ဆန်မှုအကြောင်း ရေးပြတယ်။ တကယ်တော့ သူ့ကိုယ်သူ နမူနာပေးရင်း ဒီနေ့ခေတ်မှာ လူအများစုရဲ့ အရောရောအနှောနှော သရုပ်သကန်ကို မီးမောင်းထိုးပြခဲ့တာပါ။ အိန္ဒိယရဲ့ မဟာလူသားကြီး နှစ်ယောက်ဖြစ်တဲ့ ဂန္ဒီကြီးရဲ့ ဇာတိစွဲနဲ့ တဂိုးရဲ့ ကော်စမိုပိုလီတန်ဆန်မှုအကြောင်းကို ဖွဲ့ပြခဲ့ပါတယ်။ ဒီနေ့ ခေတ်စကားနဲ့ ပြောရရင် နေရှင်နယ်လစ်ဇင်နဲ့ ဂလိုဘယ်လစ်ဇင်တို့ကြားက ဝိရောဓိ ဆိုရမယ်။ ဒီလို မတည့်အတူနေ ဝါဒဟာ အိန္ဒိယ အမှတ်လက္ခဏာလို့ အမာတြာဆင်းက ဂုဏ်ယူပြီး ဆိုချင်ပုံရပါတယ်။
ပြန်ကြည့်တဲ့အခါ မကြာခင်က အင်္ဂလန်ပြည်မှာ အိန္ဒိယနွယ်ဖွား ဝန်ကြီးချုပ် ဖြစ်လာ၊ သိပ်မကြာခင် အမေရိကားမှာ အိန္ဒိယနွယ်ဖွားအမျိုးသမီးတယောက် သမ္မတ ဖြစ်ချင်လည်း ဖြစ်လာဦးမယ်။ ဒါကိုကြည့်ရင် အိန္ဒိယသားတွေ ကော်စမိုပိုလီတန်ဆန်မှုဟာ ဂုဏ်ယူမယ်ဆို ဂုဏ်ယူထိုက်ပါတယ်။
တကယ်တော့ ဆရာမြ ပြောတဲ့ အိမ်လွမ်းစိတ်အကြောင်းနဲ့ ဆက်စပ်လို့ စဉ်းစားရင်း အတွေးချော်တော့မလို ဖြစ်ရပြန်တယ်။ ဆရာမြက ဆရာမင်းသုဝဏ်ရဲ့ မသိစိတ်ထဲ ပုန်းနေတဲ့ အိမ်လွမ်းစိတ်ကို ခြေရာကောက်တဲ့အခါ သပြေသီးမှည့်၊ လယ်စောင့်တဲ၊ ခရာချုံ၊ ကြာဖြူပွင့်၊ အုန်းလက်နွား၊ ခရေဖူး၊ ကောက်တလင်း၊ ဇလပ်ချုံ စတဲ့ ဆရာ့ကဗျာတွေထဲက နိမိတ်ပုံတွေကို ဥပမာပေးပါတယ်။ မြစ်ဝကျွန်းပေါ်ဇာတိ ဆရာဇော်ဂျီ ဆိုရင်လည်း ကျူရိုး၊ ဗေဒါ၊ ဓနိတန်း၊ ဘုတ်မ စသဖြင့်။ အညာတခွင်မှာ ကြီးပြင်းရတဲ့ သခင်ကိုယ်တော်မှိုင်းက အညာဓလေ့ကို သူ့စာထဲ ဖွဲ့လေ့ရှိသလို၊ ဆရာမြကိုယ်တိုင်လည်း အစမှာ ဖော်ပြထားသလို အညာအငွေ့အသက်တွေမြင်ရင် လွမ်းတတ်သူပါပဲ။ ဒါက ဆရာမြရဲ့ စာထဲက သိရသမျှ။
ဆရာမြ ပြောတဲ့ ကော်စမိုပိုလီတန်၊ စာဆိုရဲ့ အိမ်လွမ်းစိတ်နဲ့ ပတ်သက်လို့ ကျနော် ဆက်စပ်တွေးမိတာက ဆရာမင်းသုဝဏ်ရဲ့ နာမည်ကြီး သပြေညို ဆိုတဲ့ ကဗျာပါပဲ။ ဒီကဗျာကို ဆရာဝဏ်က အင်္ဂလန်မှာ ရောက်နေတုန်း ရေးခဲ့တယ် မဟုတ်လား။ ပြန်စဉ်းစားကြည့်တဲ့အခါ ဆရာဝဏ်ဟာ သူ့ခေတ်အခါက ကမ္ဘာကြီးရဲ့ မြို့တော်ဆီ ရောက်နေပေမယ့် သပြေညို ဆိုတဲ့ ပန်းကို သတိရနေခဲ့တယ်။
‘တို့ပြေမှာ တို့မေ ကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျှက်ပါကို။
‘လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေ’
အားလုံး သိပြီးသား ကဗျာကို ဇာချဲ့ဖို့ လိုတော့မယ် မထင်ပါဘူး။ ဒီနေရာမှာ စာဆိုဟာ သပြေညို၊ ရွှေဘို၊ အောင်စည် တနည်းအားဖြင့် အတိတ်သမိုင်း၊ အမျိုးသားလက္ခဏာတွေကို လွမ်းဆွတ်နေတာလို့ နားလည်ရပါတယ်။ ကွင်းထက်၊ လင်းကြက် ဆိုတာတွေကတော့ တမာ၊ ဗေဒါ စတဲ့ ဆင်းရဲချို့ငဲ့တဲ့ နိုင်ငံလေးထဲက ရိုးရိုးသားသား ပြည်သူကြားထဲက ဘာသာစကား၊ သူတို့အငွေ့အသက်တွေပါပဲ။ ဒီနေရာမှာ စဉ်းစားမိတာက ဆရာမင်းသုဝဏ်ဟာ သူ့တကိုယ်စာ လွတ်မြောက်နေပေမယ့် ဇာတိမြေအလွမ်း၊ ဇာတိမြေရဲ့ ဒုက္ခသုက္ခတွေကနေ မလွတ်မြောက်ခဲ့ဘူး ဆိုတာပါပဲ။
ဒီလိုစိတ်ကူးမျိုးကို မန်ဒဲလားက သူ့ရဲ့ လွတ်မြောက်ရေးခရီးရှည် အတ္ထုပ္ပတ္တိမှာ ရေးထားတယ်။ သူ ငယ်ငယ်က လယ်ကွင်းပြင်ထဲမှာ ကျွဲကြီး စီးရတာ၊ သူ့အဖေ ယာခင်းထဲက ကန်စွန်းဥတွေကို တူးပြီးရင် မီးဖုတ်စားရတာကို လွတ်လပ်မှုလို့ ထင်ပေမယ့် ကြီးလာတဲ့အခါမှာတော့ လူမည်းတွေရဲ့ မလွတ်လပ်တဲ့ ဘဝကို သိလာတော့ သူလည်း မလွတ်လပ်သလို စတင်ခံစားလာရတဲ့အကြောင်း။
‘လွတ်လပ်မှု ဆိုတာ တစုံတယောက်ကို တုပ်နှောင်ထားတဲ့ ကြိုးကနေ ဖြေပေးလိုက်ရုံ မဟုတ်၊ တဦးရဲ့ လွတ်လပ်မှုကို တဦးက လေးစားရင်း တိုးတက်စေခြင်းဖြင့် အသက်ရှင် နေထိုင်ခြင်း ဖြစ်တယ်။’ လို့ ရေးခဲ့တယ်။
ဆရာမင်းသုဝဏ်ရဲ့ ကဗျာထဲမှာ မင်းဒဲလား ပြောသလို နိုင်ငံရေးစကားလုံးတွေ မပါပေမယ့် သူ့ကဗျာထဲမှာ ဒီခံစားချက်မျိုးကို ကျနော် ခံစားရတယ်။ တိုက်ဆိုင်မှုတခုက သပြေညိုကဗျာကို မြန်မာပြည် လွတ်လပ်ရေးမရခင် ဆယ်နှစ်တိတိမှာ ရေးခဲ့တာလို့ မှတ်တမ်းရှိပါတယ်။
စဉ်းစားကြည့်တော့ သပြေပန်းကို အောင်အတိတ်၊ အောင်နိမိတ်ယူပြီး ကဗျာရေးခဲ့တာ ဆရာမင်းသုဝဏ် တယောက်တည်း မဟုတ်ပါဘူး။ သခင်ကိုယ်တော်မှိုင်း ရေးတဲ့ ‘သပြေနုချိန်’ ဆိုတဲ့ ကဗျာဟာလည်း နိုင်ငံရေး ကဗျာ တပုဒ်ပါပဲ။
‘ဪ ပြေအမှုပေမို့
ငွေခရုငယ်နှင့် ဇေယျတုပါကွဲ့
သပြေနုချိန် တင်ရန် ပန်းတွေကလည်း များလှပါဘိသနှင့် ‘ အစချီ လေးချိုးကြီးကဗျာကို အထက်တန်း သင်ရိုးထဲ သင်ခဲ့ရတာကို အမှတ်ရပါတယ်။ ဝံသာနုခေတ် ဖေ၊ ပု၊ ရှိန်ရဲ့ အင်္ဂလန်ခရီးအတွက် ရေးတဲ့ကဗျာပါ။ တိုက်ဆိုင်မှုက သပြေညိုရော၊ သပြေနုချိန်ရော မြန်မာပြည် လွတ်လပ်ရေးနဲ့ ပတ်သက်နေပါတယ်။
ဆရာကြီးမှိုင်းရဲ့ ကဗျာထဲမှာ ဆရာမြ ပြောတဲ့ စာဆိုရဲ့ အိမ်လွမ်းစိတ်ကို ရှာကြည့်တဲ့အခါ တပုဒ်လုံးလိုလိုပဲ ပြောရပါမယ်။
‘မဟာအလုံ အညာမုံရွာ တစ်ဝန်းငဲပြင်
ဟံသာဒဂုံပါ စံရာသထုံကွန်းဆီက
လွမ်းရက် မမေ့သူတွေ နော်ကွယ်
ဆွမ်းသက်စေ့လှူ’
သပြေပန်း ဆိုရင် အောင်အတိတ်၊ အောင်နိမိတ်နဲ့ ဘုရားတင်၊ နတ်တင်၊ စစ်ထွက်သူ၊ စစ်ပြန်သူတွေကို ကြိုတဲ့ပန်း ဖြစ်နေတော့ စာဆိုတွေရဲ့ စိတ်ထဲ ရောက်တာ ဆန်းတယ် မဆိုနိုင်ပါဘူး။ ဒီနေရာ ရောက်တဲ့အခါမှာ သတိမရဘဲ မနေနိုင်တဲ့ သပြေရွက်နဲ့ လွမ်းချင်းတပုဒ်က ‘ မျှော်ရှာသူ သပြေရွက်ကို ရေတွက်ပါလို့ စောင့်ကာနေတော့မည်’ ဆိုတဲ့ ရှေးသီချင်းတပုဒ်က စာသားတစပါ။
တကယ်ကျတော့ ဒီကဗျာတွေ၊ ဒီစာတွေထဲက နိမိတ်ပုံတွေကို မြန်မာပြည်မှာ ရှိနေတုန်းက ကျနော် တခါ တခါ သတိရနေတတ်ပါတယ်။ အခု မြန်မာပြည် ပြင်ပရောက်နေတဲ့အခါ တိုက်ဆိုင်တဲ့အခါ ပိုလို့ သတိရတယ် ဆိုရမယ်။ ဆရာမြ ပြောသလို ပြောရလျှင် ကျနော်ဟာလည်း မိမိကိုယ်ကို ဇာတိစိတ်အစွဲနည်းသူလို့ မှတ်ယူထားပေမယ့် မသိစိတ်ထဲ ကိန်းအောင်းနေတဲ့ အိမ်လွမ်းစိတ်ကိုတော့ ဖျောက်လို့မရပါ။ တခါတလေ နွမ်းနွမ်းလျလျ။
ဒီလိုအခါမျိုးမှာ ကျနော် သတိရမိတဲ့ သပြေပန်းနဲ့ပတ်သက်တဲ့ နောက်ကဗျာ တပုဒ် ရှိပါတယ်၊ ဒီကဗျာကတော့ ဆရာမောင်စိန်ဝင်းရဲ့ အချစ်ကဗျာစာအုပ်ထဲမှာ တွေ့ပြီး ကြိုက်ခဲ့လို့ မှတ်စုထဲ ရေးမှတ်ခဲ့တဲ့ ကဗျာ။ အခုချိန်မှတ်စု မရှိတော့ပေမယ့် ‘နွေထဲမှာ’ ကဗျာရဲ့ အဆုံးပိုဒ်ကို အလွတ်ရနေတုန်းပါပဲ။
‘တပေါင်းနွေ
ချောင်းရေ ငုံ့အသောက်
အဟောင်းခြွေနွမ်း
ချောင်းရေခမ်း
တပေါင်းနွေ ကြမ်းပေမယ့်
သပြေပန်း အညွန့်နီနီတို့
အဓွန့်ရှည်ရှည် အနေရဲ
နွေထဲမကြောက်’
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar