ylliX - Online Advertising Network
ကောင်စစ်ဝန်ရုံး တိုက်ခိုက်မှု ကျူးလွန်သူကို ဖော်ထုတ်ပေးရန် တရုတ်တိုက်တွန်း - Myanmar Now

ကောင်စစ်ဝန်ရုံး တိုက်ခိုက်မှု ကျူးလွန်သူကို ဖော်ထုတ်ပေးရန် တရုတ်တိုက်တွန်း – Myanmar Now


မန္တလေးမြို့ပေါ်ရှိ စစ်ကောင်စီတပ် လုံခြုံရေး တင်းကျပ်ထားသည့် ကောင်စစ်ဝန်ရုံးချုပ် ဗုံးခွဲ တိုက် ခိုက်ခံရမှုတွင်  ကျူးလွန်သူကို အမြန်ဆုံးဖော်ထုတ်အရေးယူပေးရန် တရုတ်အစိုးရက တိုက်တွန်းလိုက်သည်။ 

အောက်တိုဘာ ၁၈ ရက်နေ့ ညနေက  ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ သိပ္ပံလမ်းနှင့် ငုရွှေဝါ လမ်းကြားရှိ ကောင်စစ်ဝန်ရုံး  ပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူမရှိသော်လည်း အဆောက်အဦတချို့ ထိခိုက်ခဲ့သည်ဟု ဆိုသည်။ 

ဖောက်ခွဲတိုက်ခိုက်မှုကို  ပြင်းထန်စွာရှုတ်ချသည်၊ အလွန်တုန်လှုပ်မိသည်ဟု ယမန်နေ့ (အောက်တို ဘာ ၂၁)  ဘေကျင်းမြို့  သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian က ထည့်သွင်းပြောဆိုခဲ့သည်။ 

အဆိုပါတိုက်ခိုက်မှုကို သေချာစုံစမ်းစစ်ဆေး၍ ကျူးလွန်သူများကို ပြင်းထန်စွာအပြစ်ပေးအရေးယူနိုင် ရေးနှင့် အစွမ်းကုန်ကြိုးစားဖမ်းဆီးပေးရန် မြန်မာနိုင်ငံဘက်သို့ လေးလေးနက်နက် တိုက်တွန်းထားသည် ဟု Mr. Lin Jian က ပြောသည်။ 

မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးချုပ် တိုက်ခိုက်ခံရမှုသည်၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက် ပိုင်း နိုင်ငံတကာသံတမန်ရေးရာအဆောက်အဦ ပထမဆုံးအကြိမ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။ 

မည်သည့်အဖွဲ့၏ တိုက်ခိုက်မှု ဖြစ်သည်ကို မသိရသေးပေ။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့က ထိုတိုက်ခိုက်မှုအပေါ် အရေးပေါ် တုံ့ပြန်မှု လျင်မြန်စွာလုပ်ခဲ့သည်၊  တရုတ်၏ သံရုံး၊ ကောင်စစ်ဝန်ရုံး၊ အဖွဲ့အစည်းများ၊ စီမံကိန်းများ၊ တရုတ်နိုင်ငံသားများအပေါ်  အလားတူ တိုက်ခိုက်မှုများ  မဖြစ်ပွားစေရန်  လုံခြုံရေးတင်းတင်းကျပ်ကျပ် ဆောင်ရွက်ပေးရန် တိုက်တွန်းထားသည်ဟု Mr. Lin Jian က ဆိုသည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြမှုများသည် တရုတ်ကောင်စစ်ဝန်ရုံးချုပ်တဝိုက်တွင်လည်း ပေါ်ပေါက်ခဲ့သည်။ 

ထို့နောက်ပိုင်းမှာ အဆောက်အအုံ၊ ခြံဝန်းရှေတွင် အတားအဆီးများချ၍ ရုံးရှေ့ရှိလမ်းကို တစ်ခြမ်း ပိတ်ထားသည့် နေရာဖြစ်သည်။  စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်အပြည့်အစုံဖြင့် စောင့်ကြပ်နေသည့် နေရာလည်းဖြစ်သည်ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။ 

“ဖြစ်စဥ်ဖြစ်ပြီး လမ်းနှစ်ဖက်လုံး ပိတ်ချပစ်လိုက်တယ်။ ပြာပြာသလဲနဲ့ ။ သူတို့ (စစ်ကောင်စီတပ်ဖွဲ့) အဲဒီ လမ်းထဲ ခြေရှုပ်ပြီး ဘယ်သူ့မှ ပေးမဝင်ဘူး။ အများကြီး လုံခြုံရေးချထားတယ်”ဟု အထက်ပါ မြို့ခံက ဆိုသည်။ 

၂၀၂၁ ဖေဖော်ဝါရီ ၁၂ ရက်က ရန်ကုန်မြို့ တရုတ်သံရုံးရှေ့၌ဆန္ဒပြနေကြသူများ။ (ဓာတ်ပုံ-Myanmar Now) 

ကောင်စစ်ဝန်ရုံးအနီး စစ်တပ်က လုံခြုံရေး ပိုမိုတင်းကျပ်လာမှု၊ လမ်းပိတ်ဆို့မှုများကြောင့် ထိုရပ်ကွက်၌ နေထိုင်သူများမှာ  ကွေ့ဝိုက်သွားလာနေရသည်ဟု ၎င်းက ဆက်ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အာဏာသိမ်းစစ်ကောင်စီတို့ကလည်း ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် ရှုတ်ချထားကြသည်။



အဆိုပါဖြစ်စဉ်ကြောင့် လူမျိုးရေးအမုန်းတရားပဋိပက္ခဖြစ်ပွားလာမည်ကို အထူးစိုးရိမ်မိပြီး လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်ပွားစေမည့် လုပ်ရပ်မှန်သမျှကို အစဉ်တစိုက် ဆန့်ကျင်သွားမည်ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏  အောက်တိုဘာ ၁၉ ရက်စွဲတပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးပျက်ပြားစေမည့် အကြမ်းဖက်လုပ်ရပ်များ၊ အကာအကွယ်ပေးရ မည့် သံတမန်ဆိုင်ရာ အဆောက်အအုံအား တိုက်ခိုက်သည့် လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချပါသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။ 

စစ်ကောင်စီကလည်း ကောင်စစ်ဝန်ရုံးအတွင်းရှိ အဆောက်အအုံခေါင်မိုး ပျက်စီးသည်၊ အဆိုပါဖြစ်စဉ်ကို ဖော်ထုတ်နိုင်ရန် စုံစမ်းလျက်ရှိသည်ဟု အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်ထား သည်။ 

မကြာသေးခင်က ဝတပ်ဖွဲ့ (UWSA)ခေါင်းဆောင်များနှင့် ပြုလုပ်သည့် အစည်းအဝေးတွင် တရုတ်အစိုးရ ကိုယ်စားလှယ်က အာဏာသိမ်းစစ်တပ်ကို ပြိုကျသွားမည်ကို မလိုလားကြောင်း အတိအလင်းပြောဆိုထားသည်ဟု ပေါက်ကြားလာသည့် အစည်းအဝေးမှတ်တမ်းက ဆိုသည်? 

စစ်တပ်ဌာနချုပ်အခြေစိုက်ရာ လာရှိုးမြို့ကို သိမ်းပိုက်ခဲ့သည့် ကိုးကန့်တပ်(MNDAA)   ရိက္ခာ၊ လက်နက်အထောက်အပံ့များ မရရှိစေရေးအတွက် ပိတ်ဆို့အရေးယူရန်  ဝတပ်ဖွဲ့ကို ခေါ်ယူ သတိပေးသည့် အစည်းအဝေး ဖြစ်သည်။

အဆိုပါအစည်းအဝေးမှတ်တမ်းမှာ ယခုလဆန်းပိုင်းက ပေါက်ကြားလာခြင်းဖြစ်ပြီး  စစ်တပ်ကို တွန်းလှန် နေသည့် အင်အားစုများအပေါ် ကူညီနေသည့် နယ်စပ်အခြေစိုက် တိုင်းရင်းသားတော်လှန်ရေးတပ်များ အပေါ်  ဖိအားပေးထားသည့်အကြောင်းအရာများလည်း ပါဝင်သည်။

အလားတူ တရုတ်က ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ခေါင်းဆောင်များကို အောက်တိုဘာ ၁၇ တွင်  ဖိတ်ခေါ် တွေ့ဆုံကာ စစ်တပ်အပေါ် ထိုးစစ်ဆင်နေမှု ရပ်တန့်ရန် သတိပေးထားသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁၂ ရက်က ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် တွေ့ရသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-ပေးပို့)





Source link

Leave a Reply

Your email address will not be published. Required fields are marked *