(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၂၄
( ၁ )
ဒေါက်တာ လမ်ကီး (Anna Lambke) က နျူရိုထရန်စမစ်တာ ဒိုပါမင်းသည် လူတို့အားလုံး ပျော်ရွှင်ချမ်းမြေ့ရေး၊ ဆုလာဘ် ရရှိသလို ခံစားနိုင်ရေးအတွက် အဓိကကျသော အကြောင်းအရာ ဖြစ်သည်ဟု ပြောကြားလိုက်ပါသည်။ ယစ်မူးစေသော အရက်၊ ဘိန်း စသည့်အရာများမှ ပေးသော ခံစားချက်များတွင်လည်း ဒိုပါမင်းသည် တာဝန်ရှိပါသည်။ ဒိုပါမင်းများစွာ ထုတ်ပေးနိုင်လေလေ၊ မြန်နိုင်သမျှ မြန်မြန်ထုတ်ပေးနိုင်လေလေ ထိုအရာဝတ္ထုများအပေါ် စွဲလမ်းခြင်း (addiction) ဖြစ်လေလေ ဖြစ်သည်။
ဒေါက်တာလမ်းကီးက သူ့စာအုပ်တွင် ထိုသို့ စွဲလမ်းခြင်းမှ လွတ်ကင်းနိုင်ရန် နည်းလမ်းများကို ဖော်ပြခဲ့ရာ ဒိုပါမင်း ကင်းစင်ခြင်း (Dopramine fast) နည်းကို ဖော်ပြခဲ့သည်။ ဦးနှောက်ကို ပျော်ရွှင်ချမ်းမြေ့စေသည့် အရာမှန်သမျှ ပထမတွင် ကင်းစင်အောင် ပြုလုပ်ရမည် ဖြစ်သည်ဟု ဆိုပါသည်။ တနည်းဆိုသော် စွဲလမ်းခြင်းမှ လွတ်ကင်းစေရန် ပထမ ဒိုပါမင်း ကို ထွက်မလာစေရန် ဆင်ခြင်နေထိုင်ရမည်ဟု ပြောခြင်း ဖြစ်ပါသည်။
( ၂ )
စွဲလမ်းခြင်း ဆိုရာတွင် ဆေးစွဲခြင်း၊ အရက်၊ လူ့အပြုအမူဆိုင်ရာများ၊ ဥပမာ လောင်းကစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ လိင်ဆိုင်ရာ အပြုအမူများ စသည်တို့ ပါဝင်ပါသည်။ လူနာကို ပထမ စွဲလမ်းစေသော အရာများမှ ကင်းအောင် တစ်လမျှ နေခိုင်းသည်။ ၎င်းကို Dopamine fast ဟု ခေါ်ပါသည်။ ထိုတစ်လ ပြီးသည်နှင့် ရောဂါနှင့် ယှဉ်တွဲနေသေည့် စိတ်ဖိအား Depression လက္ခဏာများ ပပျောက်သွားသောအခါမှ ရောဂါကို ဆက်လက်ကုသပေးခြင်း ဖြစ်သည်။
ဒေါက်တာလမ်ကီး တဦးတည်းသာ ဤသို့ စွဲလန်းခြင်းမှ ကင်းပျောက်စေရန် အရက်၊ ဘိန်း စသည်တို့မှ ကင်းကင်းရှင်းရှင်းဖြစ်အောင် နေရမည်ဟု ပြောနေခြင်း မဟုတ်ပါ။ ဤသို့ ဒိုပါမင်း ကင်းစင်အောင်လုပ်သော စနစ်သည် ဆေးသုံးစွဲခြင်း၊ သကြား၊ အဖော်အချွတ်ပုံများ၊ ဆိုရှယ်မီဒီယာ၊ တစ်တော့ စသည့် ပရိုဂရမ်များမှ ကင်းလွတ်စေရန် နေရာအနှံ့၌ ကျင့်သုံးနေကြပါသည်။ မလိုလားသူတို့က အယ်လ်ကိုဟော၊ ဆေး၊ ဖုန်း၊ ဗွီဒီယိုဂိမ်း၊ ဈေးဝယ်ခြင်း၊ အစားအစာ၊ လောင်းကစား၊ ခြင်းတို့သည် ဒိုပါမင်းကြောင့် လူတို့အပေါ် အပြောင်းအလဲကို လူတို့ မသိရှိစေရန် ဖုံးကွယ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။ သူတို့က ဆေးကုမ္ပဏီ၊ ဆော့ဖဝဲယားကုမ္ပဏီ၊ အစားအသောက်ကုမ္ပဏီတို့က ဒိုပါမင်း သိပ္ပံကို အသုံးပြု၍ လူထုကို စွဲဆောင်နေကြသည်။ သူတို့ကို တွန်းလှန်ရန်မှာ ကျွန်တော် တို့သည် ပျော်ရွှင်မှုများကို များနိုင်သမျှ များများ ရှောင်ရှားကြရမည်။ ကျွန်တော်တို့သည် ပျော်ရွှင်မှုများကို မရှာဖွေဘဲ ၎င်းတို့ကို ကန့်သတ်ထားကာ နည်းနိုင်သမျှ နည်းနည်းသာ ပြုလုပ်ကြရမည်ဟု ဖြစ်သည်။
နျူရိုသိပ္ပံအနေဖြင့်မူကား ပျော်ရွှင်မှုကို ရှာဖွေခြင်းသည် စွဲလမ်းခြင်း မဟုတ်ပါ။ ဦးနှောက်ထဲမှ ဒိုပါမင်း ပါဝင်မှုမှာလည်း လူကို ပျော်ရွှင်မှုသက်သက် ပေးဖို့လည်း မဟုတ်ပါ။ ဒိုပါမင်းမှာ စွဲလမ်းမှုတွင် အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်သော်လည်း လူသည် မိမိကိုယ်ကို ဖျက်ဆီးရန်အတွက် ဖမ်းစားနိုင်ခြင်း မရှိပါ။ လူတို့၏ ပြဿနာမှာ အဖိုးမတန်သော ဖြစ်ကတက်ဆန်း လုပ်ထားသည့် ဆွဲဆောင်နေသည့် အရာများကြောင့် မဟုတ်ဘဲ တဦးနှင့် တဦး အဆက်အသွယ်ဖြတ်တောက်ခြင်း၊ ပြင်ပလူများနှင့် တသားတည်း ဖြစ်မနေခြင်း၊ လူ့အဖွဲ့အစည်းနှင့် မဆိုင်သလို ဖြစ်နေခြင်းတို့သာ အဓိကပြဿနာ ဖြစ်ပါသည်။
လူသည် ပျော်ရွှင်မှုကို လိုက်စားခြင်းသည် စွဲလမ်းခြင်းကို ဖြစ်ပေါ်လာစေသည်ဟု မှားယွင်းစွာ ယူဆကြပါသည်။ ရုပ်ရှင်ဇာတ်ကားများ၊ စွဲလမ်းခြင်းဆိုင်ရာ မှတ်တမ်းများက ပြောကြသည်မှာ ဟီးရိုးရင်းကဲ့သို့သော ဆေးသည် တခါတရံ လိင်ဆက်ဆံရေးထက် ပိုကောင်းသည်ဟု ရေးလေ့ရှိကြသည်။ သို့သော် လူများသည် ဆိုရှယ်မီဒီယာများ၊ ဆေးခြောက်သုံးစွဲခြင်း အဆက်မပြတ် တစ်တော့ကို လျှောက်ကြည့်နေခြင်းများသည်လည်း လူတို့ကို စွဲဆောင်နေကြသည်။
ဦးနှောက်ထဲတွင်မူ ပျော်ရွှင်ချမ်းမြေ့ခြင်းနှင့် စွဲလမ်းခြင်းတို့မှာ နျူရိုသဘောအရ များစွာ ရှုပ်ထွေး ပါသည်။ ဦးနှောက်မှ ဒိုပါမင်းကို ထုတ်လုပ်လိုက်သောအခါ ထိုအဖြစ်အပျက်မျိုးကို ထပ်မံဖြစ်စေလိုကြသည်။ ထိုဆန္ဒကို ဖြစ်ပေါ်စေခြင်းမှာ ဒိုပါမင်း၏ အစွမ်းသတ္တိတမျိုးပင် ဖြစ်သည်။ ထိုအကြောင်းအရာများမှာလူကို ဆက်လက်တည်တံ့စေခြင်း (Survival) နှင့် မျိုးပွားခြင်း (Reproduction) တို့နှင့် ဆက်သွယ်နေပြန်ပါသည်။
ဒိုပါမင်း၏ အကျိုးသတ္တိ နောက်တမျိုးမှာ လူတို့၏ လှုပ်ရှားမှုများကို ထိန်းချုပ်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ဒိုပါမင်း ကင်းစင်အောင် ပြုလုပ်ခြင်းသည် ကြောက်စရာ စိတ်ကူးတခု ဖြစ်နေပြန်သည်။ ပါကင်ဆန်ဖြစ်နေသူများမှာ ဤဒုက္ခကို ကောင်းကောင်းနားလည်ကြပါသည်။ ၎င်းတို့၏ရောဂါသည် ဦးနှောက်ထဲတွင် ဒိုပါမင်းရှိသော နျူရုန်းများ ပျက်စီးနေသောကြောင့် ဖြစ်သည်။ အထူးသဖြင့် လှုပ်ရှားမှုကို ပြုလုပ်ပေးသော နျူရုန်းများ ဖြစ်ကြပါသည်။ လူတို့ လှုပ်ရှားရာတွင် အခက်အခဲများ ဖြစ်လာစေနိုင်ပါသည်။ ပါကင်ဆန်ရောဂါကြောင့် စိတ်ဖိစီးခြင်းနှင့် အခြေအနေ အကြောင်းအရာများကို စိတ်ဝင်စားမှုနည်းပါးခြင်းတို့ ဖြစ်စေနိုင်ပါသည်။ သို့သော် ထိုအရာများသည် ဆက်တိုက် အမြဲတစေ ဖြစ်ပျက်နေသည်တော့ မဟုတ်ပါ။
ဒိုပါမင်းနှင့် ပတ်သက်လာပြီဟုဆိုလျှင် ယခင် ပျော်ရွှင်စရာ အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့ဖူးသောကြောင့် ထပ်မံဖြစ်စေလိုခြင်းသာ ရှိပါသည်။ ပျော်ရွှင်ချမ်းမြေ့ခြင်း၊ အသစ်ကို ဖြစ်စေလိုခြင်း မဟုတ်ပါ။ အကြောင်းအရာများကို ပိုမိုရှုပ်ထွေးစေသည်မှာ ပျော်ရွှင်ချမ်းမြေ့ခြင်း ဆိုရာ၌ အမျိုးအစား ၂ မျိုး ရှိနေခြင်းပင် ဖြစ်သည်။
တစ်မျိုးမှာ မိမိလိုအင်ဆန္ဒအရ ပျော်ရွှင်ချမ်းမြေ့ခြင်းနှင့် ထိုကိစ္စကို မျှော်လင့်နေခြင်း (wanting) ဖြစ်သည်။ နောက်တမျိုးမှာ ဆန္ဒပြည့်ဝနေခြင်း၊ အခြေအနေကို မျှော်လင့်ခြင်း၊ ကျေနပ်ရခြင်း (Liking) တို့ ဖြစ်သည်။
ဤကွဲလွဲမှုမှာ လိင်ဆက်ဆံရေးတွင် အသိသာဆုံး ဖြစ်သည်။ လိင်ကိစ္စပြုလုပ်ရန်အတွက် စိတ်ဝင်စားနေခြင်း၊ ဆွဲဆောင်နေရခြင်းမှာ လိင်ဆက်ဆံရာမှ ရရှိလာသည့် ကျေနပ်ခြင်း၊ နှစ်သိမ့်နေခြင်းတို့မှာ ကွဲပြားပါသည်။ ဒိုပါမင်က Wanting ကို ဖြစ်စေလိုသည်။ သို့သော် အခြားတခုဖြစ်သည့် (Liking) မှာ ဦးနှောက်ထဲတွင် သဘာ၀အတိုင်း ထွက်ရှိသည့် ဘိန်း (Opioid) နှင့်လည်း သက်ဆိုင်ပါသည်။
ဒိုပါမင်း၏ အဓိကအလုပ်မှာ မိမိကို ပျော်ရွှင်ချမ်းမြေ့စေခြင်း၊ ထိုပျော်ရွှင်ချမ်းမြေ့မှုကို ရရှိရန် ဆောင်ရွက်ခြင်း ထိုကောင်းသော ခံစားချက်ကို ထပ်ကာထပ်ကာ ခံစားနိုင်စေရန် ဆောင်ရွက်ပေးပါသည်။ စွဲလမ်းခြင်းဆိုသည်မှာ သဘာဝအတိုင်း ဖြစ်ပေါ်လာသည့် တွန်းအား (Compulsion) ကြောင့် မိမိတွင် ကောင်းမွန်စွာ ခံစားရသော ခံစားချက်ကို ခံစားနိုင်ရန် ကြိုးစားခြင်း ဖြစ်ပါသည်။
ဆေးကို စွဲလမ်းခြင်း ဖြစ်ပေါ်လာသည့်အခါ ဦးနှောက်အတွင်းဝယ် ဒိုပါမင်းကို လှုံ့ဆော်သောနေရာမှာ ပြောင်းလဲသွားပါသည်။ ပထမ ကြိုက်နှစ်သက်သော အဖြစ်နှင့် ကျေနပ်အားရခြင်း (endrophins) တို့ ဖြစ်ပေါ် နေရာမှ စွဲလမ်းခြင်း စတင်ဖြစ်ပေါ် လာသောအခါ ဦးနှောက်အတွင်းဝယ် ဒိုပါမင်းသည် ထပ်ကာထပ်ကာ ဖြစ်သော အပိုင်းသို့ ပြောင်းလဲသွားပါသည်။ စိတ်ကို ထိန်းမနိုင် သိမ်းမရ စွဲလမ်းသွားစေပြီး ၎င်းကို တားဆီးရန် ဖျက်ဆီးရန် ခက်ခဲလှပါသည်။ တနည်းဆိုသော် စွဲလမ်းခြင်း ဆိုသည်မှာ စိတ်မထိန်းနိုင်သော တုံ့ပြန်မှု ဖြစ်ပြီး ပျော်ရွှင်မှုကို ရှာဖွေခြင်းနှင့် ဘာမှမဆိုင်ပါ။
ဥပမာ ကိုကင်း စွဲသူတစ်ယောက်အဖို့ ပထမဦးစွာ စွဲမက်စေသော အကြောင်းအရာမှာ စွမ်းဆောင်နိုင်ခြင်း၊ ယုံကြည်မှုအပြည့်ရှိခြင်းနှင့် လုံးဝ ပျော်ရွှင်ချမ်းမြေ့နေခြင်းတို့ ဖြစ်ပါသည်။ တဖြည်းဖြည်းနှင့် ပျော်ရွှင်ချမ်းမြေ့ခြင်း အပိုင်းမှာ မပါတော့ဘဲ စက်ရုပ်သဖွယ်သာ လုပ်စရာရှိ သည်တို့ကို ဆက်လုပ်နေပါတော့သည်။ အမြဲတစေ ကိုကင်းကို ပို၍သာ လိုချင်နေပါတော့သည်။ ထိုအချိန်၌ တိုးပွားလာသော ကြောင်းအရာများမှာ စိုးရိမ်မှုနှင့် ကြောက်လန့်မှုတို့ ဖြစ်ပါသည်။ ထိုအချိန်မှာ ကြိုက်နှစ်သက်သော အရာမှာ ရနေသော အရာများ မဟုတ်ကြတော့ပါ။ ကိုကင်းကို ဆက်ထိုးရမလား၊ ဆေးရုံသို့ ကိုကင်းဖြတ်ရန် သွားရမလား၊ ဝေခွဲမရ ဖြစ်နေပါတော့သည်။ ထိုအချိန်၌ ကိုကင်း ကို မုန်းသော စိတ်များ ဖြစ်ပေါ်လာကြပါသည်။
( ၃ )
ယခုကဲ့သို့ စက်မှုစွမ်းအင်များ တိုးတက်လာချိန်တွင် အခြားစွဲလမ်းစရာ ပစ္စည်းများ တိုးပွားနေချိန်တွင် စိတ်ထဲမှာ အမြဲတောင်းဆိုနေသည့်အရာ စွဲလမ်းခြင်း ဆိုသည်မှာ ဘယ်လို ဖြစ်ပေါ်လာသနည်း ဆိုသော မေးခွန်း ဖြစ်ပါသည်။ စွဲလမ်းအောင် မည်သည့်အရာများက တိုက်တွန်းနေကြပါသနည်း။ ဆိုရှယ်မီဒီယာ၊ ဆဲလ်ဖုန်း၊ ဆေးခြောက်ကဲ့သို့သော အရာများမှာ လူကို စွဲလမ်းအောင် ဆွဲဆောင်နိုင်ကြပါသည်။ ၎င်းတို့သည် လူကို ဆေးစွဲသကဲ့သို့ မစွဲကြသော်လည်း လူတို့၏ ဒိုပါမင်းကို ထွက်လာအောင် စွမ်းဆောင်နိုင်ကြပါသည်။
လူအများမှာ သူတို့ လိုချင်သောအရာကို မရနိုင်ကြဘဲ လူမှုရေးဆိုင်ရာ လိုအပ်ချက်၊ မိမိတစ်ကိုယ် ရေ လိုအပ်ချက်နှင့် နှလုံးသားဆိုင်ရာ လိုအပ်ချက်များတွင် ကွာဟမှုများ ရှိနေကြသည်။ အဖြေမှာ ထိုပစ္စည်းများကို မသုံးစွဲနိုင်အောင် လုပ်ခြင်း မဟုတ်ပါ။
ယခုအချိန်တွင် လိုအပ်နေသည်မှာ ဆေး သို့မဟုတ် စွဲလမ်းစရာ ပစ္စည်းများကို လိုက်လံထိန်းချုပ်နေခြင်း မဟုတ်ဘံ မိမိကိုယ်ကိုယ် ထိန်းသိမ်းရန်နှင့် မိမိကြိုက်နှစ်သက်သော အရာများကိုသာ လုပ်ရန်၊ မိမိစိတ်ဆန္ဒက တွန်းသော (Compulsion) အရာများကို မလုပ်မိစေရန် ရှောင်းရှားခြင်းပင် ဖြစ်သည်။
ကိုသန်းလွင်
Ref: A dopamine fast vs addition, By Maia Szalavitz, NY Times September 14, 2024
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar