ylliX - Online Advertising Network
AA ထိုးစစ်သတင်းကြောင့် ရခိုင်ရိုးမတောင်ခြေမှကျေးရွာများကို စစ်ကောင်စီအတင်းအကျပ်ဖယ်ရှား - Myanmar Now

AA ထိုးစစ်သတင်းကြောင့် ရခိုင်ရိုးမတောင်ခြေမှကျေးရွာများကို စစ်ကောင်စီအတင်းအကျပ်ဖယ်ရှား – Myanmar Now


စစ်ကောင်စီက ရခိုင်ရိုးမနှင့် ထိစပ်နေသည့် နေရာများမှ ကျေးရွာ၂၀ ကျော်ကို  ယခုလအတွင်း ဖယ်ရှား ပေးရန် ခြိမ်းခြောက်နေသဖြင့် လူအများအပြား ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။

ယခုလ ၂၁ ရက်နောက်ဆုံးထားကာ ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ကျေးရွာ ၂၀ ခန့် နှင့် ဂွမြို့နယ်ရှိ ရွာတချို့အပါအဝင် စုစုပေါင်း အိမ်ခြေ ၃၀၀ ကျော်ခန့်ကို ပြောင်းရွှေ့ခိုင်းထားခြင်းဖြစ်သည်ဟု ဒေသခံ များထံမှသိရသည်။

ထိုနေရာသည် ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်နှင့် နယ်မြေထိစပ်နေသော နေရာဖြစ်ပြီး မပြောင်းပါက လေယာဉ်ဖြင့် ဗုံးလာချမည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်ပြောဆိုသော ကြောင့် ဘေးလွတ်ရာသို့ ကြောက်လန့်တကြားရွှေ့ပြောင်းနေရကြောင်း ဒေသခံတချို့က ရခိုင်တပ် AA  နှင့်နီးစပ်သည့် Arakan Princess သတင်းဌာနကို ပြောသည်။

စစ်တပ်က ပြောင်းရွှေ့ခိုင်းနေသည့် ကျေးရွာများမှာ  ရခိုင်ရိုးမနှင့် နီးစပ်သည့်ကျေးရွာများဖြစ်ကြကြောင်း ရေကြည်မြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ရခိုင်ရိုးမနားက သစ်ခုတ်ရင်းနေတဲ့ မိသားစုတွေကို ဖယ်ခိုင်းတယ်၊ စုနေတော့ ရွာလိုဖြစ်နေတဲ့ အိမ်ခြေ တွေပါတယ်၊ ပြီးတော့ ရိုးမနဲ့ ဆက်စပ်နေတဲ့ စောပြာလို ရွာကြီးတွေလည်း ပါတယ်” ဟု ဆိုသည်။

အဆိုပါ ရခိုင်ရိုးမအနီးရှိ ရေကြည်ဒေသခံအချို့ ပြောင်းရွှေ့ရာတွင် အခက်အခဲ ဖြစ်နေပြီး ပရိဘောဂများ သယ်ယူရန် ကားများမရှိ၍ ဆိုင်ကယ်၊ ခြေလျင်ဖြင့် ပြောင်းရွှေ့နေကြရ သည်ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါကျေးရွာများအနီး ရခိုင်ဘက်မှလာသော စစ်ရှောင်များ အများဆုံး အသုံးပြုသည့် တောလမ်းများ ရှိသဖြင့် ယခုလို ပြောင်းရွှေ့ခိုင်းခြင်းသည် ဂွမြို့နယ်မှထွက်ပြေးလာသူများအတွက်  အခက်အခဲရှိလာနိုင် ကြောင်း ဂွမြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။

“ရိုးမနားက ရွာတွေ ပြောင်းရွှေ့ခိုင်းတော့ နောက်ပိုင်းဆို စစ်ရှောင်တွေ ဖြတ်သန်းဖို့အတွက် ပိုခက်ခဲလာဖို့ပဲ ရှိတော့တယ်” ဟု ၎င်းက ပြောသည်။

အာရက္ခတပ်တော် (AA) ၏ ထိုးစစ် အချိန်မရွေး ရောက်လာနိုင်သည့် အခြေအနေတွင် စစ်တပ်က နယ်မြေ နှစ်ခုအကြား ကျေးရွာများကို ဖယ်ရှားရှင်းလင်း၍  AA ထိုးစစ်ကို ခုခံရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု ယူဆရသည်။

နယ်မြေထိစပ်နေသော ဧရာဝတီတိုင်းရှိ ဒေသတချို့သည် AA ၏ နိုဗာ ၃ စစ်ဒေသအတွင်း ပါဝင်နေသည်။ 

ထိုကဲ့သို့ အလားတူလုပ်ရပ်မျိုးကို စစ်ကောင်စီက ပြုလုပ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီက ပြည်နယ်မြို့တော် စစ်တွေမြောက်ဘက် ပုဏ္ဏားကျွန်းဘက်မှ ဝင်ရောက်လာမည့် AA ထိုးစစ်အတွက် ကာကွယ်ရန် ဒေသခံ တို့ကို နှင်ထုတ်ကာ စစ်တွေမြို့ အစွန်ရှိ ကျေးရွာများတွင် စခန်းချကာ ခံစစ်ပြင်ဆင်ခဲ့သည်။ 

စစ်ကောင်စီတပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မည်၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ထားသောကြောင့် စစ်တွေမြို့ပတ်ဝန်းကျင်မှ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးခဲ့ရ သည်။

စစ်တပ် ခံစစ်ပြင်ဆင်နေသည့် ဧရာဝတီတိုင်းသည် ရံဖန်ရံခါ ပေါက်ကွဲမှုသာရှိပြီး တိုက်ပွဲ၊ လက်နက်ကြီး သံ ကင်းစင်နေသည့် ဒေသလည်းဖြစ်သည်။  

“ရိုးမနဲ့ နီးတဲ့ရွာတွေကို ဖယ်ခိုင်းတာလို့တော့ ကြားတယ်၊ ၊ ကျွန်မတို့ ရွာတွေတော့ မပါပါဘူး၊  ဖယ်ခိုင်းရင် မြစ်ထဲပဲ ဆင်းနေရတော့မှာ” နေပြည်တော်တွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် ကျုံပျော်ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

ရိုးမအနီးရှိ ကျေးရွာများကို ပြောင်းရွှေ့ခိုင်းခြင်းမှာ ဧရာဝတီတိုင်းဘက်သို့ AA စိမ့်ဝင်ရောက်လာမည်ကို စိုးရိမ်၍ဖြစ်နိုင်ကြောင်း ပုသိမ်ဒေသခံတစ်ဦးက ပြောသည်။

“မြို့ပေါ်တွေမှာတော့ လုံခြုံရေးကတော့ အရင်အတိုင်းပါပဲ၊ အရပ်ဝတ်၊ စစ်ဝတ်နဲ့ လှည့်ပတ်နေတာပဲ၊ ရခိုင်နဲ့ အစပ်ကရွာတွေကို ဖယ်ခိုင်းတာကတော့ စစ်ပွဲမီး မကူးစေချင်တာနဲ့ AAအဖွဲ့တွေ ဝင်မလာနိုင်အောင် ကြိုကာတာ နေမယ်” 



စစ်ကောင်စီသည် ဧရာဝတီတိုင်းဘက်သို့  ရခိုင်ဘက်မှ စားသောက်ကုန်အပါအဝင် ကုန်ပစ္စည်းများ ဖြတ် တောက်ထားသလို ဧရာဝတီဘက်သို့ လာရောက်သည့် ဂွစစ်ရှောင်များကိုလည်း မှတ်ပုံတင်အပါအဝင် အထောက်အထား ပြည့်စုံမှသာ ဖြတ်သန်းခွင့်ပြုပြီး အထောက်အထားမပြည့်စုံပါက ငွေညှစ်တောင်းခံ လေ့ရှိကြသည်။

လက်ရှိတွင် နယ်စပ် မောင်တောမြို့၊  အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ရှိရာ အမ်း၊  ဂွမြို့နယ်အတွင်း AA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲများ ပြင်းထန်နေပြီး ယခု ရက်များ၌ တောင်ကုတ်၊ အမ်း၊ မောင်တော တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

ယခုလ ၁၂ ရက်က ဂွမြို့နယ်၊ ကူးတို့လေးကျေးရွာအနီး တောင်တန်းများပေါ်တွင် တိုက်ပွဲ ပြင်းထန်နေချိန် အရပ်သားများ နေထိုင်သည့်နေရာကို ဗုံးကြဲခဲ့သည့်အတွက် အမျိုးသမီးတစ်ဦး အပါ အဝင် ဒေသခံ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းဌာနများက ဖော်ပြထားသည်။။

ရခိုင်တစ်ပြည်နယ်လုံးကို သိမ်းမည်ဟု ကြွေးကြော်ထားသည့် AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲနှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။     

ဂွမြို့နယ်တွင် ကျိန္တလီမြို့နှင့် ဂွမြို့တို့ရှိပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ အစိုးရစာရင်းများအရ စုစုပေါင်း လူဦးရေ ၆၅,၀၀၀ ကျော် ရှိသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *