ရတနာပုံဆရာမှတ်ကြီး – နာဇီနဲ့ဖက်ဆစ် စပ်ကျထားတဲ့ အမနုဿတပ်မတော်ဘေး
(မိုးမခ) အောက်တိုဘာ ၂၂ ၊ ၂၀၂၄
မြန်မာ့တပ်မတော် ဆိုတာ နာဇီနဲ့ ဖက်ဆစ် စပ်ကျထားပြီး ဆေးပြားနဲ့ အရက် အမြဲနှစ်ပင်လိမ်နေတဲ့ စစ်ခွေးဘီလူးရူးတွေ စုစည်းထားတာပါ။ လူလို့ ဘယ်လိုမှ ပြောမရတဲ့ ရက်စက်မှုကြီးတွေက လမ်းပေါ်မှာ စစ်ကြောရေးမှာ ရွာထဲမှာ မြို့ပေါ်မှာ နေရာအနှံ့ဖြစ်နေပါတယ်။ ဒီလိုလုပ်ဆောင်နေတာတွေဟာ စစ်တပ်အဖို့ နေ့တဓူဝအလုပ်ဆန်ဆန်ဘဲ လုပ်နေတာပါ။ ဘုရားတွေတည်ပြလိုက်၊ လက်အုပ်လေးချီပြလိုက်လုပ်နေတာတွေရဲ့ရှေ့မှောက်မှာကို ဖြစ်နေတာတွေချည်းပါဘဲ။ ဒီမြင်ကွင်း ဒီသတင်းတွေဟာ ဘုန်းကြီးရောလူပါ အသားကျသလိုဖြစ်နေပြီလို့တောင် ထင်မှတ်စရာပါဘဲ။ အားလုံးဟာ လုပ်ကြံဖန်တည်းထားတဲ့ ခနတာပြုံးယောင်ယောင်ကလွဲရင် ပျော်ရွှင်စရာ မဲ့နေပါတယ်။
ကနေ့ဆိုရင် ဘုတလင်ဘက်က မမြင်သင့်တဲ့ပုံတွေကို မြင်နေကြရပါပြီ။ ဒါဟာ စိုးဝင်း နမခကိုလာသွားပြီးတဲ့နောက်ဖြစ်ရပ်တွေပါ။ အမနုဿဆိုတဲ့ လူမဟုတ်တဲ့လူတွေရဲ့ဘေးဆိုက်နေကြရတာတွေထဲက လတ်တလောသတင်းတချို့ကို ထုတ်နုတ်ပြချင်ပါတယ်။
“ဒိုက်ဦးဆေးရုံမှာ ခမရ ၄၄၀ တပ်က စစ်သားရဲ့ ညီမဖုန်းကို မောင်ဝင်းကိုမြင့်က ခိုးတယ်ဆိုပြီး ရဲနဲ့စစ်သားက ဖမ်းတယ်။ အဲဒါ အဲဒီကလေးက ဖုန်းကို ဒိုက်ဦးပြည်သူ့ဆေးရုံ၊ ရင်ခွဲရုံနားမှာ လွှင့်ပစ်ခဲ့တယ် ပြောလို့ အဲဒီမှာ သွားရှာကြတယ်။ ဖုန်းကို မတွေ့တော့ ရင်ခွဲရုံဘေး ဂဝံလမ်းပေါ်မှာ မောင်ဝင်းကိုမြင့်ကို ဒူးထောက်ထိုင်ခိုင်းပြီး သစ်သားတုတ်နဲ့ အချက်ပေါင်းများစွာ ရိုက်တယ်။ အဲဒီနောက် ဒိုက်ဦးရဲစခန်း ခေါ်သွားပြီး ထပ်ရိုက်တယ်။ ကလေးက သေလုမြောပါးဖြစ်တော့မှ ဖုန်းရောင်းတဲ့ဘောင်ချာ အဖေ့ဆီမှာဆိုပြီး ပြောတော့ အဖေကိုပါ ရဲစခန်းက ထပ်ခေါ်ပြီး ရိုက်တယ်။ မောင်ဝင်းကိုမြင့် ဆိုတဲ့ ကလေးက သွေးအိုင်ထဲကနေ အဖေရေ ကယ်ပါဦးဆိုပြီး အော်ပြီး အောက်တိုဘာလ ၆ ရက်နေ့ မနက် ၄ နာရီမှာ ဆုံးသွားတယ်” လို့ မောင်ဝင်းကိုမြင့်ရဲ့ မိသားစုနဲ့နီးစပ်သူက ပြောပြတယ်။
“မောင်ဝင်းကိုမြင့်ရဲ့ အဖေဖြစ်သူကို စစ်သားနဲ့ ရဲက မင်းသားအသက်ကို ၁၉ နှစ်လို့ပြော၊ အစာအိမ်သွေးကြောပေါက်လို့ သေသွားတယ်လို့ ပြောဆိုပြီး သူတို့ လိုချင်ရာ အချက်တွေ ထည့်ရေးထားတဲ့ စာရွက်မှာ လက်မှတ်ထိုးခိုင်းတယ်။ ငွေ ၂ သိန်းပေးပြီးတော့ ဒီသတင်းကို အပြင်မှာပေါက်ကြားရင် မင်းကိုပါ လာပစ်သတ်မယ်ဆိုပြီး အဖေဖြစ်သူကို ခြိမ်းခြောက်တယ်။ အောက်တိုဘာလ ၆ ရက်နေ့ မနက်၅ နာရီမှာ ဒိုက်ဦးရဲစခန်းကနေ အလောင်းကို ဆေးရုံသယ်သွားပြီး စစ်သားနဲ့ရဲတွေက ဒိုက်ဦးပြည်သူ့ဆေးရုံမှာ သေမှုသေခင်း ဆေးစာရေးခိုင်းခဲ့ပါတယ်။ သေဆုံးသူ ကလေးရဲ့ အလောင်းကို ချက်ချင်းချခိုင်းတယ်။ အခေါင်းကို မျက်နှာပဲကြည့်လို့ရအောင် အသေရိုက်ထားပြီး အလောင်းမှာ မျက်စိတစ်ဖက်ထွက်၊ နားအုံကွဲကာ မေးရိုးပါကျိုးနေတယ်” တဲ့။
ဘုတလင်မြို့က မုံရွာ -ရေဦးလမ်းနဲ့ သဖန်းလမ်းဆုံမှာ ရှိတဲ့ ဦးဖိုးကြာ၊ ဒေါ်သင်း မိသားစု ကုန်စုံဆိုင်ကို စစ်အုပ်စုက စီးနင်းပြီး ဆိုင်ရှင်မိသားစုကို ရက်ရက်စက်စက် သတ်ဖြတ်သွားတာ တခုလဲ ဖြစ်ခဲ့ပါတယ်။
“ဘုတလင်ကို စစ်တပ်က မွှေနေလို့ တမြို့လုံးနီးပါး ထွက်ပြေးနေကြတာ၊ သူတို့က စစ်တပ်ထောက်ခံတဲ့ မိသားစုဆိုတော့ မပြေးဘဲ နေကြတာကို သတ်သွားတာ” လို့ ပကဖအဖွဲ့ဝင်တဦးက ပြောပြပါတယ်။
“သေဆုံးတဲ့ မိသားစု၀င် ငါးဦးထဲ အသက် ခုနစ်နှစ်အရွယ် မွေးစားတူမဖြစ်သူကို ကိုင်ပေါက် သတ်ဖြတ်ခဲ့တာဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် သား၊ အသက် ၂၅ နှစ်အရွယ် သမီးနဲ့ ကုန်စုံဆိုင်ပိုင်ရှင် မိဘနှစ်ဦးတို့ကိုတော့ ဦးခေါင်းကို သေနတ်နဲ့ တေ့ပစ်သတ်သွားတာပါ”
ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ပြည်သူ ၂၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကာ ကျေးရွာ ၅ ရွာကို မီးရှို့ဖျက်ဆီးလို့ နေအိမ် ၅၀၀ ကျော် ပြာကျခဲ့တယ်လို့ စီပါကျေးရွာ ပကဖ တာဝန်ခံ ကိုမိုးသောက်က ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါတယ်။
အောက်တိုဘာလ ၁၁ ရက်နေ့ကစပြီး အကြမ်းဖက် စစ်တပ်စစ်ကြောင်းဟာ ဘုတလင်မြို့ပေါ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ကလေးငယ်များ အပါအဝင် မိသားစုဝင် ၆ ဦးကို သတ်ဖြတ်ခဲ့၊ ၁၂ ရက်နေ့မှာ မြောက်ကျီရွာကို ထပ်မံ ဝင်ရောက်စီးနင်းပြီး ပြည်သူ ၇ ဦးကို သတ်ဖြတ်ခဲ့၊ ၁၈ ရက်နဲ့ ၁၉ ရက်နေ့မှာ စီပါရွာနဲ့ ဆယ်ဝရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၈ ဦးကို သတ်ဖြတ်ခဲ့၊ အဲလို ပြည်သူ ၂၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ သတ်ဖြတ်နေတုန်း စစ်ကြောင်းပါ။ စစ်ကြောင်းထိုးရာလမ်းတလျှောက်ရှိ အရပ်သားပြည်သူ ၅၀ ကျော်ကိုလဲ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပါသေးတယ်။ သူတို့ အန္တရာယ်ရှိမယ်လို့ ထင်တဲ့ နေရာတွေမှာ ပြည်သူတွေကို ရှေ့က သွားခိုင်းပြီး သေနတ်တွေနဲ့ ချိန်ထားတာပါ။
စီပါကျေးရွာကို အောက်တိုဘာလ ၁၇ ရက်မှာ စီးနင်းတဲ့ စစ်အုပ်စုက မပြေးနိုင်တဲ့ အဘိုးအိုတစ်ဦးနဲ့ စိတ်မနှံ့သူတွေ အပါအဝင် ဒေသခံ ခြောက်ဦးကို သတ်ဖြတ်ကာ တချို့ကို ခေါင်းဖြတ်ပြီး ခြံစည်းရိုးမှာ ချိတ်ဆွဲထားခဲ့တဲ့ပုံတွေကိုလည်း မကြည့်ရက် မကြည့်ရဲစရာ မြင်ရပါတယ်။
“အသတ်ခံရတာက အမျိုးသား ခြောက်ဦးဗျ။ စိတ်မနှံ့တာက တစ်ယောက် ပါတယ်။ သုံးယောက်က ခြေဖြတ် လက်ဖြတ် အူနုတ် ခေါင်းဖြတ်ပြီး ဝင်းထရံတွေမှာ ချိတ်ဆွဲပြီး ကျန်တဲ့ သုံးယောက်ကိုတော့ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်။ နေအိမ် ၃၀၀ နီးပါးကိုလည်း မီးရှို့ထားခဲ့တယ်” လို့ ဘုတလင်မြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ – ပအဖ အဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်တဲ့။
စစ်တပ်ဟာ တကယ့် အမနုဿပါ။ မနုဿ ဆိုတာ လူ။ အမနုဿ ဆိုတာ လူမဟုတ်တဲ့ လူတမျိုးပါ။ လူရည်လူသွေးပျက် လူစိတ်ပျောက် လူ့ဘီလူးရုပ်ပေါက်သွားတဲ့ အခြေအနေမျိုးကို ခေါ်တာပါ။ အခု ကျနော်တို့ မြန်မာပြည်ဟာ အမနုဿ ဆိုတဲ့ လူမဟုတ်သော လူတွေ ဘေးကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar