ylliX - Online Advertising Network
တနင်္သာရီတွင် ကျောင်းသားများပါသည့်စက်လှေမှောက်၊ ၁၁ ဦး သေပြီး ၆၀ ကျော် ပျောက်နေ - Myanmar Now

တနင်္သာရီတွင် ကျောင်းသားများပါသည့်စက်လှေမှောက်၊ ၁၁ ဦး သေပြီး ၆၀ ကျော် ပျောက်နေ – Myanmar Now


မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ခရီးသည် ၈၀ ကျော် တင်ဆောင်လာသည့် စက်လှေတစ်စင်း တိမ်းမှောက်ကာ သုံးလသား ကလေးအပါအဝင် ၁၁ ဦး သေဆုံးပြီး လူ ၆၀ ကျော်ပျောက်ဆုံးနေသည်ဟု ဒေသခံများနှင့် ကူညီ ကယ်ဆယ်ရေး အဖွဲ့များထံက သိရသည်။ 

ယမန်နေ့ (အောက်တိုဘာ ၂၀) ည ၉ နာရီခန့်က ကျောက္ကာရွာမှ မြိတ်မြို့သို့သွားသည့် ခရီးသည်တင် စက်လှေသည် ထိုရွာအနီး ပင်လယ်ပြင်တွင် တိမ်းမှောက်သွားပြီး ယနေ့ ( အောက်တိုဘာ ၂၁) နံနက်အထိ ရုပ်အလောင်း ၁၁ လောင်းရှာဖွေတွေ့ရှိထားသည်၊ ခရီးသည် ၆၀ ကျော် ပျောက်ဆုံးနေသည်ဟု ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသည့် ကျောက္ကာရွာဆရာတော် အရှင်သုန္ဒရက Myanmar Now ကို အတည်ပြုသည်။ 

“ကျောက္ကာရွာနဲ့ မလှမ်းမကမ်းလေးမှာ ရေစီးကြမ်းတယ်လို့ ပြောတယ်။ ရေဝဲပေါ့။ ရေကလည်း တအားကြီးတာလေ။ လှေပေါ်မှာတင်ထားတာ ပစ္စည်းလည်း များတယ်။ လူလည်းများတော့ ဝိတ် မနိုင် ဘူး။ အဲဒီလိုမျိုးဖြစ်သွားတာ။ ရေဝဲကို ရောက်သွားတော့ ပစ္စည်းတွေ၊ လူတွေများလို့ မှောက်သွားတာ” ဟု ၎င်းက မိန့်သည်။

ခရီးသည် ၈၀ ကျော် လိုက်ပါလာသည်ဟု ယူဆရသည့် အဆိုပါစက်လှေတွင် သီတင်း ကျွတ်ကျောင်းပိတ်ရက်အပြီး ကျောင်းပြန်သွားကြသည့် အခြေခံပညာ ကျောင်းသားကျောင်းသူ အများအပြား ပါဝင်သည်ဟု သိရသည်။ 

အသက်ရှင်သူ ၁၀ ဦးကျော်ရှိသည်၊  ရှာဖွေတွေ့ရှိသည့် ရုပ်အလောင်း အများစုမှာ သက်ကြီးပိုင်းများဖြစ်သည်ဟု ဆရာတော်က  မိန့်ကြားသည်။ 

“အလောင်းပြန်ရတာက မိန်းကလေး ၆ လောင်း ၊ အမျိုးသား ၄ လောင်းနဲ့ ၃ လသားကလေး တစ်ယောက် ပါတယ်။ ပြန်ရတဲ့ အလောင်းတွေကိုတော့ ဆရာတော်တို့ သရဏဂုံတင်ပြီးတော့ ခုတော့ သင်္ချိုင်းမှာပဲ ထားဦးမယ်။ စစ်ဘေးရှောင်တွေလည်း ပါတယ်။ ရွာသားတွေလည်း ပါတယ်”

၃ လသားကလေးငယ်၏ ရုပ်အလောင်း။ 

ရေကြောင်းလမ်းကို အဓိက အားကိုးရသည့် ကျောက္ကာရွာမှာ အမှတ် (၈) ပြည်ထောင်စုလမ်းမ အနီးတွင်တည်ရှိပြီး မြိတ်မြို့မှ ရေမိုင် ၃၀ နီးပါး ကွာဝေးသည်၊ စစ်အာဏာမသိမ်းမီက ခရီးသွားများအကြားတွင် ကျောက္ကာရေပေါ်ရွာ အဖြစ် ထင်ရှားပြီး ရေလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးခဲ့သည်။ 

ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ကစပြီး မြိတ်အခြေစိုက် ခြေလျင်တပ်ရင်းများဖြစ်သည့် ခ.လ.ရ ၁၀၁ ၊ ခ.လ.ရ ၁၀၃ တို့က ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်း ထိုးဝင်ရောက် နေရာ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များနှင့် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေသည်။ 

စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အမှတ် ၈ ပြည်ထောင်စုလမ်းဘေးရှိ  ကြဲကျေးရွာ အုပ်စုနှင့် ဇရပ်ဆိပ်ကျေးရွာအုပ်စု ၂ စုမှ ကျေးရွာပေါင်း ၆ ရွာရှိ  ပြည်သူ ထောင်နှင့်ချီပြီးထွက်ပြေး တိမ်းရှောင်နေရသည်ဟု တော်လှန်ရေး တပ်ဖွဲ့များထံက သိရသည်။ 

စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားနေသည့် အမှတ် (၈) ပြည်ထောင်စု လမ်းမကို ပိတ်ထားပြီး ပုလောမြို့နယ်အတွင်းရှိ  စစ်ရှောင်အများစုမှာ ကျောက္ကာရွာတွင် တိမ်းရှောင် နေကြသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *