ylliX - Online Advertising Network
အမ်းမြို့စစ်ဌာနချုပ် ထောက်ပို့လမ်းကြောင်းကို AA ဖြတ်တောက် - Myanmar Now

အမ်းမြို့စစ်ဌာနချုပ် ထောက်ပို့လမ်းကြောင်းကို AA ဖြတ်တောက် – Myanmar Now


ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့် ယင်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)တို့ကို ထိုးစစ်ဆင်နေသည့်  ရခိုင်လက်နက်ကိုင်တပ် AA က   မြို့ကိုပိတ်ဆို့ထားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များကဆိုသည်။

ဧပြီလမှစတင်ပြီး လနှင့်ချီကြာမြင့်နေပြီဖြစ်သည့် အမ်းမြို့နယ်အတွင်းမှ တိုက်ပွဲများသည် ယခုသီတင်းပတ်အတွင်း ပိုမိုအရှိန်တက်လာကြောင်း၊ ဆက်လက်  ပြင်းထန်လာနိုင်သည့် အခြေအနေများလည်းရှိကြောင်း AA ဘက်ကလာသည့် သတင်းများကဆိုသည်။

အာရက္ခတပ်တော် (AA) က အမ်းမြို့အဝင်မှ စစ်ကောင်စီ၏ အမှတ် ၃၇၃ ခြေမြန်တပ်ရင်းကို သိမ်းပိုက်ထားကြောင်း၊ အမ်း-ပဒါန်းလမ်းအပါအဝင် ထောက်ပံ့ရေးလမ်းကြောင်းများကိုလည်း AA ကပိတ်ဆို့ထားသဖြင့် မကွေးတိုင်းဘက်မှ စစ်ကောင်စီတပ် စစ်ကူများရောက်လာနိုင်ရေးမှာ အဟန့်အတား ဖြစ်နေကြောင်း သိရသည်။

သို့သော်လည်း စစ်ကောင်စီတပ်က လက်နက်၊ ရိက္ခာနှင့် စစ်ကူများကို လေကြောင်းမှ ပို့နိုင်သည့် အားသာချက် ရှိနေသေးသည်။

AA က အမ်းကို ထိုးစစ်ဆင်နေသော်လည်း မြို့ပေါ်ရပ်ကွက်များသို့ ဝင်ရောက်သိမ်းပိုက်ခြင်း မရှိသေးကြောင်း AA နှင့်နီးစပ်သည့် စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

“ (မြို့ကိုတော့) တက်မသိမ်းသေးပါဘူး။ လက်နက်ကြီးနဲ့ပဲ နပခကို ပစ်နေတယ်။  မြို့ကို ဝိုင်းပိတ်ထားတဲ့ သဘောပါပဲ။ တိုက်ပွဲအရှိန် ပိုပြင်းတော့မယ့်အနေအထားကို ရောက်နေပါတယ်။  ရှေ့ဆက်ဖြစ်ဖို့ပဲ ရှိပါတယ်” ဟု သူက ပြောသည်။

ရခိုင်နှင့်ချင်း မျိုးနွယ်စုအများစုရှိပြီး လူဦးရေ ၁သိန်း၂သောင်းကျော်နေထိုင်သည့် အမ်းမြို့သည် ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်တွင်တည်ရှိသည်၊ စီးပွားရေးဖွံ့ဖြိုးမှုမရှိသော်လည်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း စစ်ဒေသ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အခြေစိုက်ရာမြို့ဖြစ်သဖြင့် စစ်ရေးအရအရေးပါသည်။

 AA ၏ ထိုးစစ်ကြောင့် စစ်ကောင်စီတပ်က စခန်းတစ်ခုပြီးတစ်ခု စွန့်လွှတ်နေရချိန်တွင် အနှေးနှင့်အမြန် တိုက်ခိုက်ထိန်းချုပ်ခံရမည်ဟု စောင့်ကြည့်သူ အများအပြားက ယူဆကြသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သည်  လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံနေရသည်။ 

စစ်ကောင်စီအတွက်မူ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်စခန်းကို သြဂုတ်လအတွင်း ကိုးကန့်တပ် MNDAA ထံလက်လွှတ်ခဲ့ရပြီးနောက် ဒုတိယမြောက်တိုက်ခိုက်ခံရသည့် တိုင်းစစ်ဌာနချုပ်ဖြစ်လာသည်။

လာမည့်သီတင်းပတ်များအတွင်း တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်သည့် အခြေအနေရှိသည်၊ အမ်း-မင်းပြားလမ်း၊ အမ်း-မအီလမ်း၊  အမ်း-တပ်တောင်လမ်းနှင့်  အမ်းမြို့နယ်နှင့် အမ်း-ပဒါန်း လမ်းကြောင်းများတွင် နှစ်ဖက်တပ်များ ဆိုင်ထားကြသည်ဟုလည်း သိရသည်။ပြီးခဲ့သည့် သီတင်းပတ်အတွင်းက AA ကသိမ်းပိုက်လိုက်သည့် မြို့အဝင်မှ အမှတ် ၃၇၃ ခြေမြန်တပ်ရင်းစခန်းသည် အမ်းလေဆိပ်နှင့်  နှစ်မိုင်ဝန်းကျင်သာဝေးသည်၊  စစ်ကောင်စီက  ထိုလေဆိပ်ကို ဆင်းသက်မည့် လေယာဉ်ခရီးစဉ်အားလုံးကို ဖျက်သိမ်းခဲ့ကြောင်း ဒေသတွင်းသတင်းဌာန Western News က ရေးသားသည်။

ဒေသခံတချို့ကို  ကူညီထောက်ပံ့နေသော AA တပ်ဖွဲ့ဝင်တချို့ကို စက်တင်ဘာ ၂၉ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ-APM)

ခမရ ၃၇၃ မှ စစ်ကောင်စီတပ်သားများသည် အမ်းဂေါက်ကွင်းအနီးရှိ စစ်ဆေးရုံသို့ ဆုတ်ခွာလာပြီး ဆက်လက်ခုခံနေသည်ဟုလည်း သိရသည်။ AA သည် ခမရ ၃၇၃ ကိုမသိမ်းပိုက်မီ နပခဌာနချုပ်၏ ကာကင်းဖြစ်သည့် မဲတောင်ဗျူဟာကုန်းကို သိမ်းပိုက်ခဲ့သည်။

လာမည့်ရက်များအတွင်း အမ်းမြို့တိုက်ပွဲပို၍ အရှိန်ပြင်းထန်လာနိုင်သည်ဟုလည်း  AA နှင့် နီးစပ်သည့် ရခိုင်စစ်ရေးသုံးသပ်သူတစ်ဦး ပြောသည်။



စစ်ကောင်စီက ပြည်နယ်အတွင်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ကန့်သတ်ထားသလို တယ်လီဖုန်းနှင့်အင်တာနက် အသုံးမပြုနိုင်စေရန် ပိတ်ပင်ထားသဖြင့် မြေပြင်အခြေအနေ သိရှိနိုင်ရန် ခက်ခဲနေသည်။

အမ်းတိုက်ပွဲတွင် AA ဘက်မှ ၎င်းတို့၏မဟာမိတ်လက်နက်ကိုင် တပ်ဖွဲ့ဝင်အချို့လည်း ပါဝင်တိုက်ခိုက်နေသည်ဟု ဒေသခံများကဆိုသည်။  AA တပ် အမ်းမြို့ပေါ်သို့ ဦးတည်လာနေသဖြင့် စစ်ကောင်စီက လေယာဉ်နှင့်ဒရုန်းများသုံးကာ ဗုံးကြဲတိုက်ခိုက်နေသည်ဟုလည်း ၎င်းတို့ကဆိုသည်။

အမ်းမြို့တွင် နပခဌာနချုပ်နှင့် စကခ (၅)လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခမရ ၃၇၁၊ ခမရ ၃၇၂၊ ခမရ ၃၇၃၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (G.E)၊ စစ်မြေပြင်အင်ဂျင်နီယာတပ် (B.E )၊ ဆေးတပ်နှင့် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့များရှိပြီး၊ စစ်ကိုင်းတိုင်း စကခ (၁၀) လက်အောက်ခံ ခမရ( ၃၆၂၊ ခမရ (၃၆၅)၊ ခမရ (၃၆၉) တပ်ရင်းများလည်း ပူးပေါင်းအင်အားဖြည့်ထားကြောင်း သိရသည်။

AA သည်  ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှစတင်ကာ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်   ၁၀၂၇  စစ်ဆင်ရေးကိုဖော်ဆောင်ခဲ့ပြီး အောင်ပွဲများ ဆက်တိုက်ရခဲ့သည်၊ ပြည်နယ်တွင်း  မြို့နယ်ပေါင်း ၁၇ ခုအနက် AA သိမ်းထားသည့် ၁၀ မြို့မှာ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ သံတွဲ နှင့် ကျောက်တော်တို့ ဖြစ်သည်။

တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည့် မြို့နယ်များမှာ မောင်တော၊ ဂွနှင့် အမ်းမြို့နယ်များ ဖြစ်ပြီး စစ်ကောင်စီက ထိုတိုက်ပွဲများအကြောင်း သတင်းအမှောင်ချထားသည်။မာန်အောင်၊ စစ်တွေ၊ ကျောက်ဖြူနှင့် တောင်ကုတ်မြို့နယ်များသို့ AA ထိုးစစ် ရောက်လာနိုင်သဖြင့် စစ်ကောင်စီက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေရာ အထင်ရှားဆုံးမှာ မကြာသေးမီက စစ်တွေထောင်မှ နိုင်ငံရေးအကျဉ်းသားများကို ဧရာဝတီတိုင်းထောင်များသို့  ရွှေ့ပြောင်းလိုက်ခြင်း ဖြစ်သည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *