“၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ကာလအတွင်း ကိုးကန့်တပ်ဖွဲ့တွေ ဘယ်လိုမျိုးပြောင်းလဲသွားလဲ။ တရုတ်ကရော ဘယ်လိုအခြေအနေရှိလဲ။ စစ်ကောင်စီကရော ဘယ်ခြေလှမ်းတွေ လှမ်းနေလဲ ဆိုတာနဲ့ပတ်သက်ပြီးတော့ သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လျန်က သျှမ်းနိုင်ငံရေးသုတေသီ စိုင်းဝမ်းစိုင်းနှင့် တွေ့ဆုံဆွေးနွေး မေးမြန်းထားပါတယ်။
မေး ။ ။ “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်တော့မယ့် ကာလအတွင်းမှာ သျှမ်းပြည်မြောက်ပိုင်းမှာဆိုရင် ကုန်သွယ်ရေး အနေနဲ့ရော စစ်ရေးအခြေအနေနဲ့ရော အရပ်သားတွေရဲ့ အခြေအနေရော အကျပ်အတည်းထဲ ရောက်နေတယ်လို့ ပြောလို့ရလား။ ဒီကိစ္စ အခြေအနေကို သုံးသပ်ပေးပါအုံး။
ဖြေ။ ။ ဒီကိစ္စ အခြေအနေ နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ ကုန်သွယ်ရေး၊ စစ်ရေး အခြေအနေရယ်၊ နောက်ပြီး လူမှုရေး အခြေအနေလို့ခေါ်တဲ့ အရပ်သားတွေရဲ့ အခြေအနေ အားလုံးဟာ အကျပ်အတည်းထဲ ဆိုက်ရောက်နေတယ်ဆိုတာ ဘာမှငြင်းစရာမလိုပါဘူး။
လူထုတွေ တစ်တိုင်းပြည်လုံး တစ်နိုင်ငံလုံးလည်း ဖြစ်နေတယ်။ ဒါပေမဲ့ သျှမ်းပြည်မြောက်ပိုင်းမှာ ရှိနေတဲ့ လူထုလူတန်းစားတွေကတော့ ပိုပြီးတော့ ခံစားရတယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နေ့စဉ်ရက်ဆက် ဖြစ်နေတဲ့ တိုက်ပွဲတွေ အပြင် ဗုံးကြဲခံနေရတာတို့ နောက်ပြီးကုန်စည်တွေ စျေးကြီးလို့ ဝယ်မစားနိုင်တာတို့ စသည်ဖြင့် စက်သုံးဆီတွေ မလုံလောက်တာ။
ဒါတွေအားလုံး လူထုပေါ်မှာ ပိနေပါတယ်။ အဲဒါကြောင့်မို့ ခြုံပြီးပြောရမယ်ဆိုရင် လူထုက လုံးဝအကျပ်အတည်းထဲ ရောက်နေပါတယ်။ အဲဒီအပြင်ကို မြန်မာပြည် တစ်ပြည်လုံးအနေနဲ့ကြည့်ရင် သျှမ်းပြည်မြောက်ပိုင်းဒေသက ပိုပြီးအကျပ်အတည်းထဲ ရောက်နေတယ်လို့ ပြောလို့ရပါတယ်။
မေး ။ ။ “၁၀၂၇ စစ်ဆင်ရေး” ကို ညီနောင်မဟာမိတ် စတင်လာခဲ့တဲ့အချိန် လူထုတွေရဲ့ ကြိုဆိုမှုကို တခဲနက် ရရှိခဲ့တယ်။ ဒါပေမယ့် အခု တစ်နှစ်ပြည့်လာတဲ့အချိန် တရုတ်ရဲ့ ဖိအားပေးမှုတွေ ဒီလိုမျိုး အကျပ်အတည်းထဲ ရောက်ရှိလာတယ်လို့ ပြောလို့ရတယ်။ ပြီးရင် တဘက်မှာဆိုရင် တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်တွေလည်း ပိတ်ထားတယ်။ ဒါကလည်း ကိုးကန့်ဘက်ကရော တရုတ်ဘက်ကရော သူတို့နှစ်ဖွဲ့ကြားမှာ ဘယ်လိုမျိုး အကျပ်အတည်းတွေ ရှိနေလဲ။
ဖြေ ။ ။ အခု မေးခွန်းကတော့ တရုတ်ရဲ့အပိုင်းရယ် ကိုးကန့်ရဲ့အပိုင်းရယ် နှစ်ပိုင်းပေါ့ ဒီနှစ်ခုကို ကျနော်တို့ခွဲ ပြီးပြောရမှာပေါ့။ ပထမဆုံးကိုးကန့်ရဲ့ အပိုင်းကို ကျနော်တို့ပြောမှာပေါ့။
အခုကလုံးဝ ဘေးကျပ်နံကျပ် ဖြစ်နေတဲ့ အခြေအနေလို့ ကျနော်တို့ ပြောရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူ့(MNDAA)ကို တရုတ်ကလည်း ဝင်တိုက်နေတဲ့ စစ်ပွဲကို မတိုက်ဖို့ ဖိအားပေးတယ်။ အဲဒါအပြင် သူသိမ်းထားတဲ့နယ်မြေတွေ လားရှိုးတို့ သိန္နီတို့ တပ်မြေကနေ သူ့ကို ပြန်ဆုတ်ခိုင်းတယ်။ နောက်ပြီးတော့ သူကလည်း ဒီစစ်ပွဲကို ကျနော်တို့ မတိုက်ပါဘူး။ ရပ်ပါမယ်လို့ သူတို့က ထုတ်ပြန်ချက်တွေ ဘာတွေ ထုတ်ထားပေမယ့်လည်း စစ်ကောင်စီက သူ့ကိုအမြဲတမ်းလိုလို ဗုံးကြဲနေတဲ့အခါကျတော့ ဘေးကျပ်နံကျပ် ဖြစ်နေတယ်လို့ ကျနော်တို့ ပြောလို့ရတာပေါ့။
အခု သူ(MNDAA) ဘယ်လိုလုပ်မယ် ဆိုတာကတော့ သူက ဂဃနဏ စဉ်းစားရမယ့် အခြေအနေကို ရောက်နေပြီ။ ဒါပေမဲ့ တရုတ်ဘက်ကတော့ သူတို့က အထက်ကနေ Policy ချထားပြီးသားဆိုတော့ စစ်ကောင်စီ အစိုးရကို အထောက်ကူပြုမယ့် လုပ်ဆောင်မှုကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောလို့ရတယ်။ အဲဒါကြောင့်မလို့ တရုတ်ကတော့ ဖိအားပေးနေတဲ့ အပိုင်းဖြစ်ပြီး ကိုးကန့်ကတော့ အဖိခံနေရတဲ့ အပိုင်းဖြစ်တယ်လို့ ကျနော်တို့ ပြောလို့ရတာပေါ့။
မေး ။ ။ ဒီ ကိုးကန့်တပ်ဖွဲ့ အနေနဲ့ စစ်ကောင်စီဘက်လည်း ဖိနေတာရှိတယ်၊ တရုတ်ဘက်ကလည်း ဖိနေတာရှိတယ် ဆိုတော့ ကိုးကန့်တပ်ဖွဲ့အနေနဲ့ ဘယ်လိုဆက်လုပ်မယ်လို့ ထင်လဲ။ သူတို့က ဒီသိမ်းပိုက်ထားတဲ့ နေရာမှာ မဆုတ်မနစ်ဘဲနဲ့ မစွန့်ခွာဘဲနဲ့ အားတင်းခံနိုင်မယ်လို့ ဘယ်လိုမျိူး ထင်မြင်မိလဲ။
ဖြေ ။ ။ အခု လောလောဆယ် အခြေအနေက သူတို့အပေါ်ယံ ကြည့်ရတာကတော့ သူ (MNDAA)က ကြေညာချက် နှစ်စောင် ထုတ်ထားတယ်။ တစ်စောင်က မတိုက်တော့ပါဘူး။ နောက်ပြီး တောင်ကြီးတို့ မန္တလေးတို့ကို တက်သိမ်းဖို့ မလုပ်တော့ပါဘူး။ နောက်ပြီးတော့ ဆွေးနွေးဖို့ အဆင်သင့်ရှိပါတယ်။ ဘာညာနဲ့ သူတို့က တစ်စောင်ထုတ်ထားတယ်။
ဒုတိယတစ်စောင်ကျတော့ ဘာပြောလဲဆိုတော့ အပြည်ပြည်ဆိုင်ရာနဲ့ သူကလုံးဝ အဆက်အသွယ် မလုပ်ဘူး။ ဗမာပြည်နဲ့ ပတ်သက်တဲ့ အရေးအခင်းတွေလည်း ဘာမှ ဝင်မပြောဘူး။ နောက်ပြီး ဒီတစ်နှစ်ထဲမှာ အင်တာဗျူးတွေ ဘာတွေ မပေးတော့ဘူးလို့ သူက ပြောထားတယ်။ ဆိုတော့ သူကရှေ့ဆက်ပြီး ဘာလုပ်မလဲ ဆိုတဲ့ ဥစ္စာကတော့ အဲဒီမေးခွန်းကို ခုချိန်မှာ တိတိကျကျ ဖြေလို့မရသေးဘူး။
သူ(MNDAA) လုပ်နိုင်တာကတော့ နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ တရုတ်ကို အာဏာဖီဆန်ပြီး တိုက်နေတဲ့ သျှမ်း-မန်း စစ်ဆင်ရေးထဲကို ဝင်ရောက်ပူးပေါင်းပြီးတော့ ဆက်ပြီးတိုက်ဖို့ရယ်။ မဟုတ်ရင် အရှုံးလုံးဝပေးပြီးတော့ ကိုးကန့်နယ်မြေအထိ ပြန်ဆုတ်ခွာဖို့ ဒါမှမဟုတ် တရုတ်ရဲ့ ခိုင်းစေတဲ့ အတိုင်း စစ်ကောင်စီနဲ့ပူးပေါင်းပြီး တော်လှန်ရေး အင်အားစုတွေကို ပြန်တိုက်ဖို့ဆိုပြီး အဲဒီလမ်းနှစ်လမ်းတော့ သူ့မှာ ပွင့်နေတာပေါ့။ သူဘာလုပ်မလဲ ဆိုတာကတော့ ကျနော်တို့ နည်းနည်းစောင့်ကြည့်ရမည့် အပိုင်းကို ရောက်နေပါပြီ။
မေး ။ ။ တရုတ်နယ်စပ် ကုန်သွယ်ရေးအနေနဲ့ မဖွင့်လာတာ တစ်နှစ်ရှိပြီ ဆိုတော့ တရုတ်အနေနဲ့ ရှေ့ဆက်ဘာတွေ ဆက်လုပ်မယ်လို့ ထင်မြင်မိပါသလဲ။
ဖြေ ။ ။ တရုတ်အနေနဲ့ကတော့ သူ့ရဲ့အဓိက Agreement (သဘာတူထားတဲ့) ရည်မှန်းချက်ကတော့ စစ်ကောင်စီကို ပံ့ပိုးပြီး အပြည်ပြည်ဆိုင်ရာက သူ့ကို အသိအမှတ်ပြုဖို့ရယ်။ နောက်ပြီး သူ့ရဲ့အာဏာခိုင်မြဲဖို့ရယ်ကို လုပ်နေတဲ့အတွက်မို့လို့ သူကတော့ သူလုပ်စရာရှိတဲ့ အလုပ်ကို ဆက်ပြီးလုပ်နေမှာပါ။
သူဘယ်လို လုပ်မလဲဆိုတာကတော့ ကျနော်တို့ အသေအချာ ထပ်ပြီးစဉ်းစားရမယ်ပေါ့။ အခုချိန်ထိတော့ သူက အသေအချာ ထပ်ပြီး ဘာလုပ်မယ် ဆိုတာကတော့ အတိအကျ ပြောထားတာ မရှိသေးဘူးပေါ့။
မေး ။ ။ အခု သျှမ်းပြည်မြောက်ပိုင်းမှာ အထူးသဖြင့် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုး ဒေသတွေမှာ စစ်ကောင်စီက ဗုံးကြဲတာတွေ ဆက်တိုက်လုပ်လာခဲ့တယ်။ ပြီးတော့ တရုတ်သံတမန်ရေးရာ ကလည်း စစ်ကောင်စီနဲ့ တွေ့ဆုံတယ်။ စစ်ကောင်စီကိုလည်း အားပေးသလို ရှိတယ် ဆိုတော့ တရုတ်ကရော ဘယ်ခြေလှမ်းတွေ လှမ်းနေလဲ။ စစ်ကောင်စီကရော ဘယ်လိုမျိုး အရွေ့တွေနဲ့ ပြန်လုပ်လာနိုင်မလဲ။
ဖြေ ။ ။ တရုတ်အနေနဲ့ကတော့ သူလုပ်စရာရှိတာ ဆက်လုပ်မယ်။ စစ်ကောင်စီကို ပံ့ပိုးမယ်။ နောက်ပြီးတော့ နိုင်ငံတကာရေးရာမှာ သူပံ့ပိုးမယ်။ နောက်ပြီး အာဏာမြဲအောင် ပံ့ပိုးပေးမယ်။
နောက်ပြီး စစ်ရေးအရကလည်း အနိုင်ရအောင် နည်းလမ်းရှာပေးမှာပေါ့။ မကြာခင်ကတောင်မှ သူက လေယာဉ် (၆) စီးကို စစ်ကောင်စီကို ပို့ပေးပြီးပြီပဲ ဆိုတော့ အဲထက်ပိုပြီး သူမလုပ်ဘူးလား ဆိုတာတော့ ကျနော်တို့ အဲဒါကတော့ တရုတ်အစိုးရရဲ့ အပိုင်းပေါ့။
စစ်ကောင်စီရဲ့ အပိုင်းကတော့ လုပ်နေတဲ့အခု ရွေးကောက်ပွဲ ကျင်းပရေးရယ်။ လက်နက်ကိုင်တိုင်းရင်းသားတွေ အားလုံး လက်နက်ချပြီး ရွေးကောက်ပွဲဝင်ရေးရယ်ဆိုပြီး ဒါတွေအားလုံး သူက လုပ်နေမှာပဲ။ ဒါပေမဲ့ အခုချိန်တော့ သူ (စစ်ကောင်စီ) လုပ်နေတဲ့ လမ်းကြောင်းက အောင်မြင်မှု မတွေ့ရသေးတာကို ကျနော်တို့တွေ့ရတယ်။
မေး ။ ။ ခုနက ပြောသလို စစ်ကောင်စီ အခုလုပ်နေတဲ့ လမ်းကြောင်းက အောင်မြင်မှု မတွေ့ရသေးဘူးဆိုတော့ ဒီရွေးကောက်ပွဲကရော ဖြစ်လာနိုင်မလား။ တချို့နိုင်ငံရေးသမားတွေ ပြောတာကတော့ တချို့ဒေသတွေမှာ ဖြစ်နိုင်တယ်။ နောက် ဒီသျှမ်းပြည်မြောက်ပိုင်းမှာရော သျှမ်းပြည်တွင်းမှာရော အလုံးစုံ ဖြစ်လာနိုင်မလားပေါ့။ ဒါကော စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲက မြန်မာတစ်နိုင်ငံလုံး အခြေအနေမှာ ဘယ်နေရာတွေမှာ ဖြစ်လာနိုင်မလဲ။
ဖြေ ။ ။ မြန်မာတစ်နိုင်ငံလုံး အခြေအနေဆိုရင်တော့ သူတို့အုပ်စိုးထားတဲ့ မြို့ကြီးတွေမှာတော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီတိုင်းရင်းသား တော်လှန်ရေးအဖွဲ့နဲ့ NUG ၊ PDF တွေ စိုးမိုးထားတဲ့ ဒေသတွေမှာတော့ လုံးဝ ဖြစ်နိုင်ချေ မရှိဘူးလို့ ပြောရမယ်။ ဒါပေမဲ့ သျှမ်းမြောက်ရဲ့ အခြေအနေက ကိုးကန့်ကို ကြည့်ရရင် အရှုံးပေးပြီးတော့ သူ့နယ်မြေကို သူပြန်သွားမယ်။
နောက်ပြီးတော့ လားရှိုးကို စစ်ကောင်စီကနေပြီးတော့ ပြန်ပြီး သိမ်းယူနိုင်မယ်။ ဒါမှမဟုတ် UWSA နဲ့ SSPP က ရွေးကောက်ပွဲကို ပံ့ပိုးမယ်ဆိုရင်တော့ သျှမ်းမြောက်မှာလည်း ဖြစ်နိုင်ခြေ ရာခိုင်နှုန်း များလာနိုင်တယ်။ ဒါပေမဲ့ ဒါတွေက မှန်းဆချက်ပဲ ဖြစ်တဲ့အတွက် ဒါတွေက ဖြစ်မလား မဖြစ်ဘူးလားဆိုတာကတော့ ပြောရခက်တယ်။
နောက်ပြီး စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ချက် နောက်တစ်ခု ထပ်ထုတ်ခဲ့တယ်။ PDF တွေက လက်နက်ချပြီးတော့ နိုင်ငံရေးပါတီတွေ ထူထောင်လို့ ပြောတယ်။ သူပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဝင်ဖို့ ပြောတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး အခုဖြစ်နေတာနဲ့ဆိုရင် နိုင်ငံရေး စကားဝိုင်း ဆွေးနွေးပွဲ ဖြစ်လာနိုင်မလား၊ တိုက်ခိုက်မှု ရပ်တန့်နိုင်မယ့် အခြေအနေတွေ ဖြစ်နိုင်မလား။
စစ်ကောင်စီရဲ့ နောက်ဆုံး ထုတ်ပြန်ချက်ကတော့ လက်နက်ချပါ၊ ပါတီထောင်ပါ၊ ရွေးကောက်ပွဲလုပ်ပါပေါ့။ အဲဒီအခြေအနေမှာတော့ တိုက်ခိုက်နေတဲ့ တိုင်းရင်းသား အင်အားစုတွေမှာရော NUG ၊ PDF တွေရော လိုက်လျောနိုင်မယ့် အခြေအနေ လုံးဝမရှိဘူး။
သူရဲ့ ကမ်းလှမ်းချက်က လက်နက်ချခိုင်းတဲ့ ကမ်းလှမ်းချက်ကြီး ဖြစ်နေတဲ့အတွက် အဲဒီဟာကတော့ မဖြစ်နိုင်ပါဘူး။ ပါတီရွေးကောက်ပွဲ ဖြစ်မလား မဖြစ်ဘူးလားဆိုပြီး မေးတဲ့မေးခွန်း ကတော့ ရွေးကောက်ပွဲကတော့ သူတို့ရေးထားတဲ့ အဲဒီစစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာတော့ ဖြစ်နိုင်တာပေါ့။
ဒါပေမဲ့ ရာခိုင်နှုန်း ၅၀ကျော် ၆၀ နီးပါးကတော့ သူ့ရဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်တဲ့အခါမှာ မေးခွန်းတွေက ပေါ်လာတာပေါ့။ အဲဒီလောက် တစ်ပြည်လုံး မလုပ်နိုင်ပဲနဲ့ ထက်ဝက်လောက် လုပ်နိုင်တာကရော တရားဝင်မှာလား မဝင်ဘူးလား။
အဲဒီစစ်ကောင်စီနဲ့ တရုတ်တို့က တရားဝင်တာ မဝင်တာကို သူတို့စိတ်ကူးထဲမှာ စိတ်ပူတဲ့ပုံ မပေါ်ဘူး။ တကယ်လို့ ဒီရွေးကောက်ပွဲလုပ်နိုင်ပြီ အစိုးရထောင်နိုင်ပြီ ဘာညာဆိုလို့ရှိရင်တော့ တရုတ်အစိုးရကပဲ သူ့ကိုထောက်ခံသွားမှာပေါ့။
တရုတ်အစိုးရနှင့် နီးစပ်တဲ့သူတွေကလည်း ထောက်ခံချင်လည်း ထောက်ခံမှာပေါ့။ ဒါတော့ ရွေးကောက်ပွဲက အပြည်ပြည်ဆိုင်ရာ စံနှုန်းနဲ့ ပြည့်လို့ရှိရင် တရားဝင်၊ တရားမဝင်ဘူး ဆိုတာတော့ လူတိုင်းလူတိုင်း သိနေတယ်။ ထွက်လာတဲ့ရလဒ်ကို သူတို့ဘယ်လို အသုံးချပြီး သူတို့ဘယ်လို ဖြစ်ပေါ်တိုးတက်မှုတွေ လုပ်မလဲဆိုတာ အဲဒါတော့ နောက်ထပ်ဖြစ်လာမယ့် တစ်ခုပေါ့နော်။
မေး ။ ။ အခု သျှမ်းပြည်မြောက်ပိုင်းကို အကျဉ်းချုံးကြည့်ရင် ကိုးကန့်တပ်ဖွဲ့ကတော့ အကျပ်ပိုပြီးတော့ ရိုက်ခံနေရလား။ စစ်ကောင်စီနဲ့ တရုတ်ကြားမှာ ဘယ်လို အကျပ်ရိုက်ခံနေရလဲ။ သူအတွက် နိုင်ငံရေးထွက်ပေါက်က ဘယ်နည်းလမ်းတွေ ထပ်ရှိနိုင်အုံးမလား၊ သူကရော ဘယ်လောက်ထိ ထပ်တောင့်ခံနိုင်မလဲ။
ဖြေ ။ ။ ကိုးကန့်အနေနဲ့ ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ ဆိုတာတော့ ကျနော်တို့ ခေါင်းဆောင်ရဲ့ ဆုံးဖြတ်မှုနဲ့ နိုင်ငံရေး လမ်းစဉ် ချမှတ်မှုအပေါ် မူတည်မှာပေါ့။ ကိုးကန့်စဉ်းစားရမှာက တရုတ်ရဲ့ဖိအားကို လုံးလုံးလျားလျား လက်ခံလိုက်ပြီး လားရှိုးတို့ သိန္နီတို့ကို တပ်ဆုတ်ပေးပြီး မင်းအောင်လှိုင်ကို ဝင်ပြီး ပြန်ထိုင်ခိုင်းမလား။
ဒါမှမဟုတ် အဲဒီတရုတ်ရဲ့ ဖိအားကို သူတို့ရဲ့ အပြောရပေါ့လေ၊ နှစ်ရှည်လများ သည်းခံလာရတာ စိတ်ကုန်တဲ့ အတွက်ကြောင့်မလို့ သူက ဒီထက်ကျယ်ပြန့်တဲ့ နိုင်ငံရေးရပ်တည်မှုကို ရမယ်လို့ စစ်ပွဲကို ဆင်နွှဲခဲ့တယ်လို့ ကိုးကန့်တပ်က ကျနော်တို့ကို အတည်မပြုတဲ့ သတင်းတွေကနေ ပြောတယ်ပေါ့။
အဲဒီလိုပြောပြီး သူပြောတဲ့စကားက ပြောဆိုချက်ကို ကျနော်တို့ အတည်ယူမယ်ဆိုရင် “သျှမ်း-မန်း” စစ်ဆင်ရေးကို လူထုပူးပေါင်းလာနိုင်စရာ အကြောင်းရှိတာပေါ့။ အကယ်လို့ သူပူးပေါင်းလာခဲ့တယ် ဆိုရင်လည်း သျှမ်း-မန်း စစ်ဆင်ရေးရယ်၊ အဲ့မှာ TNLA တို့ မန္တလေး- PDF တို့နဲ့ ပေါင်းပြီး ဆက်ပြီး တိုက်ပွဲဝင်သွားလို့ ရတာပေါ့။
မေး ။ ။ အခုဆိုရင် TNLA အနေနဲ့ရော ဘယ်လိုမျိုး လှုပ်ရှားမှုတွေ ရှိနိုင်မလဲ၊ တရုတ်နဲ့ စစ်ကောင်စီ ကြားမှာရော အကျပ်ရိုက်ခံရတာမျိုးရော ရှိနေမလား။ ကိုးကန့်တပ်ဖွဲ့လိုမျိုး သူမှာ အကြီးအကျယ် အကျပ်ရိုက်ခံရတာမျိုး ရှိနေမလား။
ဖြေ ။ ။ TNLA ကတော့ ကိုးကန့်ထက်စာရင်တော့ သက်သာတာပေါ့၊ သူက နောက်ဆုံး လောလောလတ်လတ် နယ်စပ်မြို့အထိ သိမ်းထားလို့ရတဲ့ နယ်မြေတွေကလည်း တရုတ်ပြည်နဲ့ တိုက်ရိုက် ထိစပ်မှုတွေ ရှိတာပေါ့။ ဒါပေမယ့် သူ့ရဲ့ နယ်မြေက သျှမ်းမြောက်မှာ ကျောက်မဲတို့ နောင်ချိုတို့အထိ ကျယ်ပြန့်လာတဲ့ အခါကြတော့ သူ့မှာ လူးသာလွန့်သာရှိတော့ တရုတ်ကို အဲ့လောက် MNDAA ဒါမှမဟုတ် ကိုးကန့်က ကြောက်ရသလောက် မကြောက်ရဘူးလို့ ပြောလို့ရတာပေါ့။
နောက်ပြီး TNLA ခေါင်းဆောင်တွေကလည်း သူတို့ကလည်း နိုင်ငံရေး၊ ဗမာနိုင်ငံရေးနဲ့ ပတ်သက်ပြီဆိုရင် သူတို့က ကျွမ်းကျင် ပါးနပ်တယ် ဆိုတဲ့အခါကြတော့ သူတို့အဖွဲ့ ရပ်တည်ရေးဟာ ဗမာပြည်မှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ပေါင်းစပ်ရေးက အဖြေဖြစ်တယ် ဆိုတာ သူတို့ ကြိုတင်တွက်ဆထားပြီးသားမလို့ ကျနော်ထင်တာ TNLA ကတော့ ကိုးကန့်လောက် မဆိုးဝါးဘူး။
မေး ။ ။ “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်လာပြီပေါ့၊ ဒီသျှမ်းမြောက်မှာ ဆိုရင် အဓိက သျှမ်းတပ်ဖွဲ့ဆိုရင် SSPP ရှိတယ်ပေါ့နော်။ ဒီ SSPP ကကော အခုချိန်ထိ စစ်ရေးမှာ မပါလာတာက ဘာကြောင့်လဲ၊ တရုတ်ရဲ့လွှမ်းမိုးမှုကိုဘဲ ခံနေရတာလား ဘာကြောင့်လဲ ဆိုတာ သုံးသပ်ပေးပါဦးဗျ။
ဖြေ ။ ။ SSPP ရဲ့ နိုင်ငံရေး အနေအထားက နံပါတ်တစ်အနေနဲ့ သူတို့က UWSA ‘ဝ’အဖွဲ့လို သူက ကြားနေရေးကို သူတို့ ကျင့်သုံးတာလို့ သူတို့က ယုံကြည်တာက နံပါတ်တစ် အဲလိုပေါ့။
အဲဒါကြောင့်မလို့ အခုဖြစ်နေတဲ့ “၁၀၂၇ စစ်ဆင်ရေး”ကို သူတို့ ဝင်လည်း မပါဘူး။ နှောက်လည်း မနှောက်ယှက်ဘူး အဲဒီအချက်ရှိတယ်။
နံပါတ်နှစ် အနေနဲ့ကတော့ သူတို့အရင်ကတည်းကရင်း အခုဖြစ်နေတဲ့ ပြည်တွင်းစစ်က ဗမာတွေ အချင်းချင်း အာဏာလုတဲ့ စစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ သူတို့အနေနဲ ဝင်ပါဖို့ မလိုဘူးဆိုပြီး သူတို့ သုံးသပ်ထားတာ ရှိတာ။
သူတို့ နောက်ထပ်တစ်ခု ဖြစ်နိုင်ခြေရှိတာက အခုဖြစ်နေတဲ့ စစ်ပွဲကို သူတို့ ဝင်မပါဘူး တိုက်နေတဲ့ အဖွဲ့အစည်းတွေ ခြေကုန်လက်ပန်းကျလာရင် သူတို့အနေနဲ့ အခွင့်ကောင်းယူပြီး ဝင်ရောက် သိမ်းပိုက်နိုင်တယ်လို့ အဲလိုမျိုးတွက်ဆမှုလည်း ရှိနိုင်တာပေါ့နော်၊ အဲတာကြောင်မလို့ SSPP က ဝင်မပါတာလို့ ကျနော်ထင်တာပါ။
မေး ။ ။ ဟုတ်ကဲ့ပါ အခုလို အချိန်ပေးပြီး ဖြေကြားပေးသည့်အတွက် ကျေးဇူးတင်ပါတယ်ခ။
The post “MNDAA က တရုတ်ကို အာဏာဖီဆန်မှာလား။ နောက်ဆုတ်မှာလား” appeared first on သျှမ်းသံတော်ဆင့်.