ylliX - Online Advertising Network
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကိုးကွင်းနဲ့ ကိုးကန့်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – ကိုးကွင်းနဲ့ ကိုးကန့်


(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၂၄

“ကျွတ်မနေနဲ့ ကြုံး” ဆိုတဲ့အတိုင်း ကြုံးမှ။ မြန်နိုင်သမျှ မြန်မြန်ကြုံးမှ၊ မဟုတ်ရင် တရုတ်နဲ့ ပေါင်းပြီး တရစ်ချင်း တက်လာတဲ့ ဖြတ်ငါးဖြတ်ဒဏ် ပြည်သူတွေ ကော့နေအောင် ခံရတော့မှာ။ အဲဒါကို သရေကြိုးကိုးကွင်း ဦးဆောင်လုပ်နေတာ။ ဒီမသာက ရပ်ရွာလိုက် ပလအနဖွဲ့ဖို့နဲ့အတူ ကုန်စည်စီးဆင်းမှု ဖြတ်တောက်ဖို့ တပါတည်းလုပ်နေတာ။ ရပ်ရွာကာကွယ်ရေးအဖွဲ့ ဖွဲ့ လက်နက်တပ်၊ သတင်းပေးပါ လုပ်ခိုင်းပြီး ရပ်ရွာမှာလဲ ဆေးကစ ဘာကုန်စည်မှ မရှိအောင် လုပ်တော့တာ။ သူတို့လူကလွဲ ဘယ်သူမှ မရောင်းချနိုင်အောင် ကြံတာ။ ဝယ်ရင်လည်း သူတို့ဆိုင်တွေမှာ စာအုပ်နဲ့မှ ဝယ်ရမလိုမျိုး သမဝါယမပုံစံချိုးမလို့။

အခု အဲဒီ မဟုတ်တရုတ်ဥပဒေကို အကောင်အထည်ဖော်နေပြီ။ မြန်မာနိုင်ငံတဝန်းရှိ ပြည်ပထုတ်ကုန်ပစ္စည်းမှန်သမျှကို ဖမ်းဆီး စစ်ဆေး သိမ်းယူပြီး လက်ဝယ်ထားရှိသူများကို ထောင်ဒဏ် ၃ နှစ်အထိချနိုင်တဲ့ ပို့ကုန် သွင်းကုန်ဥပဒေနဲ့ အမှုဖွင့် တရားစွဲတာတွေ စနေပြီ။

ကိုးကွင်းက ဒရုန်းနာခံစားချက်နဲ့ ရက်စက်ဖို့ ချောင်းနေတဲ့ကောင်။ မင်းအောင်လှိုင်ထက် လက်ဇောင်းထက်ပြနေတာ။ ဘောမတသိုက်က သူ့ကိုမှ အားကိုးပါတယ် ဆိုတဲ့အသံ ထွက်လာရေး ကြိတ်ကြံနေတာ။ အဲဒါကြောင့် ဒီလိုယုတ်ကမ်းမှုတွေကို တရုတ်နဲ့ ပူးတွဲအကောင်အထည်ဖော်နေတာလေ။ တရုတ်က ဂိတ်မှန်သမျှ ပိတ်မယ်။ သူက နိုင်ငံခြားက ဝင်လာတဲ့ ကုန်မှန်သမျှ ကိုယ့်လက်ထဲပဲ ရှိနေရမယ်၊ သူတို့ ဖြန့်သလောက်သာ သုံးရမယ်၊ အထူးသဖြင့် ဆေးဝါးပေါ့။ လူတွေကုဖို့ဆေးဝါးသာ ထိန်းချုပ်တာ။ ဆေးပြားတော့ ထင်သလို ဖြန့်ချိတယ်။ ကိုးကွင်းရဲ့ ရုပ်ကိုက ဘာမဆို အလိုမပြည့်တဲ့ရုပ်။ သူများမိန်းမနဲ့ သူများကလေးချီပြီး အင်မတန် ခွဲခြားဆက်ဆံမှုပြင်းတဲ့တပ်ထဲ၊ အဲဒီအခြေအနေမျိုးကို အလွန်ဟာသလုပ်တဲ့ တပ်ထဲ ဖြတ်သန်းကြီးပြင်းရင်း ကြီးထွားလာတဲ့ ဆိုက်ကို။ အဲတော့ သွေးအေးအေးနဲ့ ရက်စက်တယ်။ ယုတ်ကန်းတယ်။ ဆေးပြားတွေနဲ့ ဘီလူးစိတ်သွင်း ဘီလူးစစ်‌ကြောင်းတွေ ဖန်တီးတယ်။ လူရှေ့သူရှေ့ ခုတ်ထစ်လှီးဖြတ် ရက်ရက်စက်စက် သတ်ခိုင်းတယ်။ အဖေ အမေ ရှေ့ လင်ရှေ့ သားရှေ့ မုဒိမ်းကျင့်ခိုင်းတယ်။ လေကြောင်းကနေ ကလေးလေးတွေကို ဗုံးကြဲပြီး တစစီဖြစ်သွား‌အောင် သတ်ခိုင်းတယ်။ လက်နက်ကြီးနဲ့ လိုက်ပစ်ခိုင်းတယ်။ သူ့မှာ ရင်သွေး ဆိုတဲ့ ခံစားမှု၊ ရင်သွေးကို ချစ်စိတ် ဆိုတဲ့ဟာတွေအပေါ် ထရော်မာရှိနေတဲ့ကောင်လေ။ အဲဒီလို အာသာဖြေနေတဲ့ကောင်။

ခုတခါ မြှင်းသတ်ဖို့ အစီအစဉ်။ ဗြောင်သတ်တာတမျိုးနဲ့ အာသာမပြေလို့  မြှင်းသတ်တာတခု ထပ်လုပ်တာပေါ့။ ကလေးတွေ လူကြီးတွေ ဆေးမကုရဘဲ တမြည့်မြည့် သေသွားတာကို လိုချင်တာလေ။ ငတ်သေတာကို ကြည့်ချင်တာ။ မြန်မာနိုင်ငံတဝန်း လမ်းမတွေပေါ် သွားလာနေတဲ့ ကုန်ကားတွေနဲ့ အိမ်စီးကားတွေမှာ တင်လာတဲ့ ပြည်ပကုန်ပစ္စည်းမှန်သမျှကို ကိုးကွင်းက ပူးပေါင်းအဖွဲ့တွေနဲ့ ဖမ်းဆီးစစ်ဆေးခိုင်းထားပြီ။ ထွေ/အုပ်၊ ရဲ၊ စစ်တပ်နဲ့ စားသုံးသူရေးရာ ဦးစီးဌာန၊ အကောက်ခွန်၊ စီးပွား/ကူးသန်း၊ အဲလို ဌာနပေါင်းစုံနဲ့ ပူးပေါင်းအဖွဲ့တွေ ဖွဲ့စည်းပြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ခေါင်းစဉ်နဲ့ လမ်းမတွေမှာ ဂိတ်ချပြီး စစ်ဆေးမှုတွေ ခပ်တင်းတင်း လုပ်လာပြီ။ သွင်းကုန်လိုင်စင်နဲ့ စာရွက်အထောက်အထား မပြနိုင်တဲ့ ပြည်ပထုတ်ကုန်မှန်သမျှကို ဖမ်းဆီး စစ်ဆေးပြီး ယာဉ်မောင်းပါ ပို့ကုန်သွင်းကုန်ဥပဒေနဲ့ အမှုဖွင့်နေပြီ။

“ရန်ကုန်-မန္တလေး အမြန်လမ်း၊ လမ်းဟောင်း၊ မန္တလေး-လားရှိုးလမ်း၊ ညောင်ခါးရှည်ဂိတ်၊ မုပ္ပလင်ဂိတ်တွေမှာ တရားမဝင်ကုန်ပစ္စည်းတွေ မဝင်လာအောင် ပိုပြီးတော့ တိုးမြှင့်စစ်ဆေးနေပါတယ်။  ရေကြောင်း၊ လေကြောင်း၊ ကုန်ကြောင်း၊ အကုန်လုံးမှာ စစ်ဆေးနေပါတယ်။ နောက်ပြီး မြို့နယ်တွေမှာလည်း ထွေ/အုပ်၊ ရဲ၊ မီးသတ်နဲ့ FDA ၊ စားသုံးရေးရာဦးစီး ဌာန၊ စီးပွား/ကူးသန်း စုပေါင်းအဖွဲ့တွေက ဆိုင်တွေနဲ့ စျေးဆိုင်တွေ၊ ကုန်တိုက်တွေကိုလည်း စစ်ဆေးနေပါတယ်။ ပြည်ပက သွင်းတဲ့ တစ်ကိုယ်ရည်သုံး လူသုံးကုန် ကစလို့ လုပ်ငန်းသုံး၊  ဆေးဝါး အကုန်စစ်ဆေးပါတယ်။ သွင်းကုန် အထောက်အထားမပြနိုင်ရင်တော့ အကုန်သိမ်းမယ့်အပြင် လက်ဝယ်ထားရှိသူနဲ့ တင်သွင်းသူကိုလည်း ပို့ကုန်သွင်းကုန်ဥပဒေနဲ့ အမှုဖွင့် အရေးယူတာတွေ လုပ်နေပါတယ်” လို့စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး သတင်းရင်းမြစ်က ပြောလာပြီ။ 

လက်ရှိ စျေးဆိုင်တွေ ကုန်တိုက်တွေ ကားတွေပေါ်မှာ ပြည်ပက သွင်းကုန်တွေကို တကိုယ်ရည်သုံးက‌နေ လုပ်ငန်းသုံးထိ ခွင့်ပြုချက်မရှိဘဲ တင်သွင်းသူများကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့ အမှုဖွင့်ပြီး အဲဒီပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ ပုဒ်မ ၉ အရ ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်မယ်တဲ့။

“အခု ဆိုင်တွေ၊ ဂိုဒေါင်တွေ၊ ပွဲရုံတွေကိုလည်း ဝင်စစ်တယ်။ ဆေးဆိုင်တွေလည်း ပါတယ်။ အဲဒါတွေမှာ ဝင်စစ်လို့ မိရင်တော့ လက်ရှိမှာတော့ ပစ္စည်းသိမ်းမယ့်အပြင် ပို့ကုန်သွင်းကုန်ဥပဒေနဲ့ပါ အမှုဖွင့် အရေးယူခံရမှာ ဖြစ်ပါတယ်။ တရားမဝင် ပြည်ပကုန်ပစ္စည်းတွေ မတင်ထားဖို့ လိုပါတယ်။ တင်ထားတဲ့ ပြည်ပသွင်းကုန်တွေမှာ စာရွက်စာတမ်းအထောက်အထားနဲ့ သွင်းကုန်လိုင်စင်တွေ ရှိနေဖို့လိုပါတယ်” လို့ စီးပွား/ကူးသန်း သတင်းရင်းမြစ်က ထပ်ပြောပြီ။

နိုင်ငံတဝန်းက ပြည်ပသွင်းကုန်မှန်သမျှ ဖမ်းဆီးဖို့ ညွှန်ကြားချက်မှာ အောက်တိုဘာလ ၉ ရက်နေ့ နေပြည်တော်မှာ လုပ်တဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီအစည်းအဝေး ၄/ ၂၀၂၄ မှာ အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေကို သက်ဆိုးရှည်စေတဲ့ တရားမဝင် ကုန်သွယ်မှု ကြီးထွားလာနေခြင်းကို တိုက်ဖျက်တားဆီးဖို့၊ လမ်းကြောင်းတွေမှာ စောင့်ကြည့်ဖမ်းဆီးရမယ့်အပြင် ဂိုဒေါင်များနဲ့ သိုလှောင်ရုံများကိုလဲ လိုက်လံစစ်ဆေး ဖမ်းဆီးဖို့၊ စျေးကွက်အတွင်းထိပါ ကွင်းဆင်းပြီး ဖမ်းဆီး စစ်ဆေးအရေးယူဖို့ ညွှန်ကြားခဲ့တာပါ။

ကိုးကွင်း တရုတ်က အပြန် လှုပ်ရှားတဲ့ အစီအစဉ်တွေပေါ့လေ။ တရုတ်ဖိအားကို တပြည်လုံး စုရုံး ကြုံးမှ တော်လှန်ရေးခရီး ဖြောင့်ဖြူးပါလိမ့်မယ်။ ကိုးကွင်းကို ကိုးကန့် ဦးဆောင်ကြုံးမှဖြစ်မယ်။ နံတူသတ်မှ အသေရမယ် မဟုတ်လား။ တိုင်းစစ်ဌာနချုပ်တောင် အုပ်ထားနိုင်တဲ့ အဖွဲ့လေ။ ဒီကောင်တွေ အပြတ်ဗျင်းနိုင်ရင် တရုတ်ဂိတ်လဲ အလိုလိုပြန်ပွင့်လာမှာပါဘဲ။ ခုတော့ ကိုးကန့်ဟာ တရုတ်နဲ့ ဝ နဲ့ ပေါင်းကြပ်တာပါ အလူးအလဲခံနေရတာပေါ့။ RFA က ဆောင်းပါးတပုဒ်က ထုတ်နုတ်ထားတာတွေ မြည်းကြည့်ပေါ့။

“ကိုးကန့် အုပ်ချုပ်တဲ့ ချင်းရွှေဟော်တို့၊ ဘာတို့ကနေ ဟိုပန်ကို ဈေးလာရောင်းမယ်ဆိုရင် ပါလာတဲ့ပစ္စည်းကို သယ်လာလို့ ရတယ်။ ဟိုပန်ဘက်ကနေကျတော့ ဘာပစ္စည်းမှကို ပြန်ပြီးအသယ်မခံတာ။ ဈေးလာရောင်းပြီး ပစ္စည်းကျန်ရင်တောင် ပြန်သယ်သွားလို့ မရဘူး။ ဖောင်ဆိပ်မှာ “ဝ”တပ်ဖွဲ့က တအားစစ်တာ။ ဈေးသည်တွေ ကုန်သည်တွေကျတော့ အခက်အခဲဖြစ်ကုန်တာပေါ့”

“၀” ဒေသနဲ့ MNDAA ထိန်းချုပ်ရာ မြို့နယ်တွေက နယ်မြေချင်းဆက်နေတဲ့ ကျေးရွာဒေသခံတွေ အချင်းချင်းတောင် ဒေသထွက်ကုန်တွေ တပိုင်တနိုင် ကုန်ပစ္စည်း ဖလှယ်ဖို့ အခက်အခဲဖြစ်နေတယ်” 

“ချင်းရွှေဟော်နဲ့ ဟိုပန် ဆိုတာ တံတားကူးလိုက်ရင် ရောက်တဲ့မြို့တွေရှင့် ။ လူပဲ ဖြတ်သန်းမယ်ဆိုရတယ်။  ကုန်ပစ္စည်း ပါလာမယ်ဆိုရင်တော့ ချင်းရွှေဟော်ကို သယ်လို့ မရဘူး။ ဘာလို့လဲ မေးတော့ ကိုးကန့် ထိန်းချုပ်ထားလို့တဲ့။ “ဝ” ဘက်ကိုကျတော့ ဘာသယ်သယ် ရတယ်။ ဆိုတော့ အခု ဒေသခံတွေက ဒေသထွက်ကုန်လေးတွေ ဈေးနေ့မှာ သွားရောင်းဖို့တောင် ခက်နေတာ”

၂၀၂၄ သြဂုတ်လဆန်းပိုင်းကတည်းက UWSA ထိန်းချုပ်ရာ နမ့်တစ်မြို့က တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်ကိုလည်း တရုတ်နိုင်ငံဘက်က ပိတ်လိုက်ပြီး ကုန်စည်သယ်ဆောင်ခွင့်တွေ ကန့်သတ်ခံထားရတာပါ။ 

အခုလဆန်းပိုင်းအတွင်း ပေါက်ကြားလာတဲ့ “ဝ” တပ်ဖွဲ့ခေါင်းဆောင်တွေနဲ့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျင်းတို့ရဲ့ အစည်းအဝေး မှတ်တမ်းအတွင်းမှာလည်း “ဝ”တပ်ဖွဲ့အနေနဲ့ MNDAA ကိုးကန့် တပ်ဖွဲ့ ထိန်းချုပ်ရာ ဒေသတွေကို ဖြတ်ငါးဖြတ် စနစ်နဲ့ဖြတ်တောက်ထားဖို့ ဒေသခံတွေကြားမှာ တပိုင်တနိုင် ကုန်စည်သယ်ဆောင်တာတွေကိုပါ ဖြတ်တောက်ထားဖို့ ဖိအားပေး ပြောဆိုထားတာကို တွေ့ရပါတယ်။

“ဝ”ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်သူတစ်ဦးကလည်း ဒီအစည်းအဝေး မှတ်တမ်းမှာပါတဲ့ အချက်လက်တွေဟာ မှန်ကန်တယ်လို့ RFA ကို ပြောဆိုထားပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

 ဒါတွေဟာ ညီနောင်တွေ ဦးဆောင်ပြီး နန်းတွင်းထိ ဆင်းသိမ်း၊ တဆက်တည်း ကချင်နဲ့ ဟန်ချက်ညီ မုံရွာစစ်ဌာနချုပ်ပါ သိမ်းနိုင်မှ အဆင်ပြေမယ်ဆိုတဲ့ သဘောပါဘဲ။ အဲဒီကျရင်တော့ ဘာကမှ ပိတ်ဆို့လို့ မရတော့ဘူးလေ။ နောက်ဆုံးတော့ မြန်မာ့မြေအပြင်မှာ ဒီစစ်အာဏာရှင် မရှိမှ အားလုံး လူလိုသူလို နေရမယ် ဆိုတာပါဘဲ။ 

အဲဒီတော့ တရုတ် ချွတ်တိုင်း ကျွတ်မနေဘဲ ကြုံးရမယ့်ဟာ ဆက်သာ ကြုံးကြပါစို့လို့။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *