လက်တလောမြန်မာ့နိုင်ငံရေးအရွေ့သည် သိသိသာသာ ပြောင်းလဲဖြစ်ပေါ်နေသည်မှာ လက်ခံရမည့် အရှိတရားတစ်ခုဖြစ်သည်။ အကြောင်းမှာ တော်လှန်ရေးကာလသုံးနှစ်ကျော်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော EAOsများနှင့်တန်းတူ လက်နက်စွန့်၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန်ကမ်းလှမ်းချက် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်တွင် ထုတ်ပြန်လာခြင်းကြောင့်ပင်။ တစ်ဘက်တွင်လည်း တော်လှန်ရေးအဖွဲ့များ၏ စိုးမိုးနယ်မြေများနှင့် ပြည်သူလူထုနေထိုင်ရာ ဒေသများကို နေ့စဉ်ရက်ဆက် လေယာဉ်ဖြင့် ဗုံးကြဲနေဆဲဖြစ်သည်။
ထိုသို့သော နိုင်ငံရေးအခြေအနေများသည် အိမ်နီးချင်း တရုတ်နိုင်ငံနှင့်လည်း များစွာ ဆက်စပ်မှုရှိသည်ဟု ပြောနိုင်သည်။ ပထမဆုံးအချက်အနေဖြင့် ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးသည် တရုတ်ဦးဆောင်မှုဖြင့် ပြုလုပ်ထားသော ဟိုင်ဂင်သဘောတူစာချုပ်ကို စစ်ကောင်စီက မလိုက်နာရာမှ ခုခံစစ်အဖြစ်ပြန်လည်တွန်းလှန်ရင်း ထွက်ပေါ်လာသော စစ်ဆင်ရေးတခုဖြစ်ခဲ့သည်။
ဟိုင်ဂင်သဘောတူညီချက်သည် တရုတ်နိုင်ငံကူးမင်းမြို့တွင် တရုတ်အစိုးရ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲတို့အကြား လက်မှတ်ရေးထိုးသည့် ၁၀၂၇ ပထမပိုင်းစစ်ဆင်ရေးအတွက် ယာယီအပစ်ရပ်စာချုပ်ဖြစ်သည်။
၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးတွင် မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့်တပ် (MNDAA) နှင့် မဟာမိတ်တပ်များက စစ်ကောင်စီ၏အထင်ကရ စစ်တိုင်းတခုဖြစ်သော အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(ရမခ)ကို ဩဂုတ် (၃) ရက်နေ့တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့သည်။ မြန်မာစစ်တပ် သမိုင်းတွင်လည်း ပထဆုံးလက်လွတ်ဆုံးရှုံးရသော တိုင်းစစ်ဌာနချုပ်တခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ထိုစစ်ရှုံးရသည့်အကြောင်းရင်းတစ်ခုသည် တရုတ်နိုင်ငံက တဖက်တလှမ်းမှ ပူးပေါင်းပါဝင်နေခြင်းကြောင့်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံပိုင်မီဒီယာမှတဆင့် ဩဂုတ် (၅) ရက်နေ့တွင် မိန့်ခွန်းပြောစွပ်စွဲကာ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများပြုလုပ်စေခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် လားရှိုးရှိ ရမခ ကျရုံတင်မက တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် MDY- PDF ပူပေါင်းတပ်ဖွဲ့တို့သည် ရှမ်းမန်းစစ်ဆင်ရေး၏ နောက်ထပ်အစိတ်အပိုင်းတစ်ခုအဖြစ် မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်မြို့ကို ဇူလိုင်လတွင် သိမ်းယူလိုက်သည်။ မိုးကုတ်မြို့သည် ခေတ်အဆက်ဆက် မြန်မာပြည်၏ ကျောက်မျက်ရတနာမြို့အဖြစ် တင်စားခံရသည့်မြို့ဖြစ်ပြီး စစ်ခေါင်းဆောင် အဆက်ဆက်၏ အကျိုးစီးပွားများ၊ ခရိုနီများ၏ ကျောက်တွင်းလုပ်ကွက်များရှိသည်ဖြစ်ရာ အကျိုးစီးပွားများစွာရှိသော မြို့လည်းဖြစ်သည်။
ထို့မြို့ကို သိမ်းပိုက်လိုက်ခြင်းကြောင့် ဒေါ်လာလိုငွေပြနေသည့် စစ်ကောင်စီသည် အကျိုးအမြတ်များ၊ အခွန်များစွာ ဆုံးရှုံးလိုက်ရကာ ယိုင်နဲ့နေသည့် စစ်တပ်အုပ်ချုပ်သော နိုင်ငံ့စီးပွားရေးအတွက် ကြီးမားသော ထိုးနှက်ချက်တခုဖြစ်ခဲ့သည်။
ထို့ပြင် မန္တလေးပြည်သူ့ကာကွယ်ရေးနှင့် ပူးပေါင်းအဖွဲ့များသည် မန္တလေးမြို့ အနီးပတ်ဝန်းကျင် စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်း စသည်မြို့များကို ဟန်ချက်ညီညီ သိမ်းပိုက်နိုင်ခဲ့ပြီး ပြင်ဦးလွင်၊ နွားထိုးကြီး၊ ပုသိမ်ကြီး၊ မြင်းခြံနှင့် မတ္တရာမြို့များတွင် တိုက်ပွဲဖော်ကာ မန္တလေးမြို့တွင်ရှိသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)အား စစ်ရေးအရ ဝန်းရံဖိအားပေးထားနိုင်ခဲ့သည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ နယ်မြေစိုးမိုးနိုင်မှုသည် တစ်နေ့တစ်ခြား ခြေလှမ်းခပ်စိပ်စိပ်ဖြင့် စိုးမိုးလာနိုင်ခဲ့သည်ကိုလည်းတွေ့ရှိသည်။ မတ္တရာမြို့နယ်အတွင်းက တရုတ်-မြန်မာကုမ္ပဏီများ ဖက်စပ်လုပ်ကိုင်နေသည့် Alpha ဘိလပ်မြေစက်ရုံကိုလည်း ပြည်သူ့ကာကွယ်ရေး တပ်မတော် – မန္တလေးနှင့် ပူးပေါင်းအဖွဲ့များ သိမ်းပိုက်ထားပြီးဖြစ်သည်။ စစ်ကိုင်းဘက်ခြမ်းတွင်လည်း ဧရာဝတီမြစ်ဘေး တစ်လျောက်ရှိမြို့များဖြစ်သော ရွှေဘို၊ ဝက်လက်၊ မင်းကွန်းမြို့ စသောဒေသများအထိ နယ်မြေစိုးမိုးမှု အားကောင်းလာကာ တစ်ဘက်ကမ်းရှိ မန္တလေးကို စစ်ရေးအရ ခြိမ်းခြောက်ထားနိုင်သည်။
ထို့ပြင် ဩဂုတ်လအစောပိုင်းတွင် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း အမေရိကန်ဒေါ်လာ ၈၅၅ သန်း တန်ကြေးရှိ တရုတ်ပိုင် တကောင်းနီကယ်စက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ် PDF များက သိမ်းပိုက်လိုက်ပြီးနောက် တရုတ်နိုင်ငံသည် ယင်းတို့၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ NUGထံ ဆက်သွယ်လာသည်ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားလာသည်။
ယင်းနှင့်တဆက်တည်းတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက “မိမိတို့ KIO အဖွဲ့အနေဖြင့် တနိုင်ငံလုံး အတိုင်းအတာ အထူးစင်ဆင်ရေး ဖော်ဆောင်နေကြောင်း” ဩဂုတ်လ (၁၀) ရက်တွင်ကျရောက်သည့် ကချင်အာဇာနည်နေ့ မိန့်ခွန်းတွင် ထည့်ပြောခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအတူ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ၏ ဟန်ချက်ညီညီ တိုက်ခိုက်မှုများ၊ နိုင်ငံရေးအရ အရေးပါသည့် ထုတ်ပြန်ချက်များသည် ရွေးကောက်ပွဲပြုလုပ်ပြီး နိုင်ငံရေးထွက်ပေါက်ရှာသည့် စစ်ကောင်စီ၏ အစီအစဉ်ကို လက်မခံကြောင်း သေချာစေခဲ့သည်။
ထို့ပြင်ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော နောင်တယားမြို့တွင် ပအိုဝ်းပြည်သူ့စစ်ဟုသိကြသည့် ပအိုဝ်းအမျိုးသားတပ်မတော် (PNA)သည် အင်အား ၁၀,၀၀၀ ကျော်ဖြင့် စစ်သင်တန်းဆင်းသည်ဟု ဩဂုတ်လ (၂၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်ကိုကြည့်ပါက စစ်ကောင်စီသည် နေပြည်တော်၊ ရှမ်းပြည်တောင်ပိုင်း အနီးတစ်ဝိုက်ရှိ ပင်လောင်း၊ နောင်တယား၊ လွိုင်ကော်မြို့တို့တွင် ပြည်သူ့စစ်များကိုအသုံးချ၍ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် ပတ်ဝန်းကျင်သို့ စစ်မီးကူးမလာစေရန် ခုခံသည့်သဘောဖြင့် ကာကွယ်ခြင်းများ ရှိလာနိုင်သည်။
အခြားတစ်ဘက်တွင်လည်း ရှမ်းပြည်တောင်ပိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်း ကြားဝင်ပေါက်လမ်းကြောင်းဟု လူသိများသည့် တောင်ခမ်းဘက်တွင်လည်း TNLA နှင့် PDF ပူးပေါင်းအဖွဲ့များသည် နောင်ချိုမြို့နယ် တောင်ခမ်းရွာအား သိမ်းပိုက်နိုင်ရန် အပြင်းအထန်ထိုးစစ်ဆင် တိုက်ပွဲဝင်နေသည်။ စစ်ကောင်စီတပ်များကလည်း တောင်ခမ်းပတ်ပတ်လည် မကျအရေးအတွက် လေကြောင်းစစ်ဆင်ရေးများအပြင် တပ်ရင်းအများအပြားပို့ကာ အင်အားအလုံးအရင်းဖြငင့် ခုခံစစ်ပြင်ထားသည်။ အကြောင်းမှာ တောင်ခမ်းသည် ပြင်ဦးလွင်မြို့အနားတွင်တည်ရှိပြီး မြို့ကိုသိမ်းယူရာတွင် လွန်စွာအရေးပါသော ကြားခံဒေသဖြစ်နေခြင်းကြောင့်ပင်။
ရှမ်းမြောက် တိုက်ပွဲတလျောက် တောင်ခမ်းရွာတွင်အခြေစိုက်ထားသော စစ်ကောင်စီ၏ အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် မစခ ၉၀၂ လက်အောက်ခံ အမြောက်တပ်ရင်းများသည် လက်နက်ကြီးပစ်ကူ အဓိကပေးနေသည်။ ထိုကြောင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကလည်း စစ်တက္ကသိုလ် အခြေစိုက်ရာ ပြင်ဦးလွင်မြို့ကို နောက်ကျောလုံလုံ သိမ်းယူရန်အတွက် တောင်ခမ်းသည် များစွာအရေးပါသော ဒေသတခုဖြစ်နေသည်။
စစ်ကောင်စီသည် သြဂုတ်လအတွင်း ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့ ဖွဲ့စည်းပြီးနောက် အသက် (၃၅) နှစ်မှ (၆၀) အတွင်း အမျိုးသားများကို အတင်းအကျပ် ကင်းစောင့်ခိုင်းမည့် စနစ်တခုကိုဖန်တီးခဲ့ပြီး “ပြည်သူ့လုံခြုံရေးစနစ်”ဟု အမည်ပေးခဲ့သည်။
စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ယင်းအစီအစဉ်အား အကောင်ထည်ဖော်မည်ဟု မန္တလေးရှိ စစ်ကောင်စီအရာရှိများနှင့် ဩဂုတ် (၂၅) ရက်နေ့တွေ့ဆုံချိန်တွင် စစ်ကောင်စီ၏ နိုင်ငံပိုင် သတင်းစာများကဖော်ပြခဲ့သည်။ ဤသည်ကိုကြည့်ပါက စစ်တပ်၏ လုံခြုံရေးအရ တပ်သားလိုအပ်ချက် ဆက်လက်မြင့်မားနေသည်ကိုတွေ့ရသည်။ ထို့ပြင် စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေအရ အသက် (၁၈) နှစ်မှ အသက် (၃၅) နှစ် လူငယ်များကို စစ်ထဲဆွဲသွင်းသည်သာမကာ တစ်နိုင်ငံလုံးရှိ အသက်အကြီးအငယ်မရွေး အမျိုးသားများကို စစ်တပ်၏ လက်ကိုင်ဒုတ်အဖြစ် စစ်ထဲဆွဲသွင်းကာ တော်လှန်ရေးရေးတပ်သားများနှင့် ပြည်သူကို လူသားဒိုင်းသဖွယ် ရင်ဆိုင်ကာတိုက်ခိုက်စေခြင်းမျိုးဖြစ်သည်။
ထိုမျှမက မင်းအောင်လှိုင်၏စစ်တပ်သည် အာဏာသိမ်းကာလတလျောက်လုံး စစ်တပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အပစ်အခတ်ရပ်စဲထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ထိန်းချုပ်ရာနယ်မြေဖြစ်သော မိုင်းပျဉ်းမြို့နယ်သို့ ရည်ရွယ်ချက်ရှိရှိ ထိုးစစ်ဆင်လျက်ရှိနေသည်ဟု စက်တင်ဘာ (၂၁) ရက်နေ့တွင် RCSS ပြောခွင့်ရ ဗိုလ်မှူး ခမ်းစံက ထုတ်ပြန်ပြောကြားခြင်းမျိုးတွေ့ရသည်။
စစ်ကောင်စီသည် တနိုင်ငံလုံးငြိမ်းချမ်းရေး ဆွေးနွေးရန် တံခါးဖွင့်ထားပါသည်ဟု ပါးစပ်က မည်မျှပင်ပြောဆိုစေကာမှု လက်တွေ့တွင် အာဏာသိမ်းကာလတလျောက်လုံး အင်အားကြီး လက်နက်ကိုင်တပ်ဖွဲ့ဟုဆိုရမည့် (RCSS) နယ်မြေများသို့ ထိုးစစ်ဆင်ခြင်းမျိုးသည် စစ်တပ်၏ ခေတ်အဆက်ဆက် ကတိမတည်မှု၊ အကျိူးစီးပွားနှင့်ပတ်သက်လာပါက မလိမ့်တပတ်လုပ်သည့် အဖွဲ့အစည်းဖြစ်ကြောင်း ထပ်မံသက်သေပြခဲ့သည်။
မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ဘက်တွင်လည်း အာရက္ခတပ်တော် (AA) က မြို့နယ် ၁၁ ခုကို သိမ်းပိုက်ရရှိထားပြီးနောက် ရခိုင်ပြည်နယ်၏ တစ်ခုတည်းသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်သို့ စစ်ဆင်ရေးခပ်စိပ်စိပ် လှုပ်ရှားကာ စစ်တိုင်းဌာနချုပ်အားသိမ်းပိုက်နိုင်ရန် စတင်ထိုးစစ်ဆင်နေပြီဖြစ်ကြောင်း AA ပြောရေးဆိုခွင်ရ ဦးခိုင်သုခမှ အောက်တိုဘာ ၁ ရက်နေ့တွင် မီဒီယာများသို့ အတည်ပြုထားသည်။
အခြားတစ်ဘက်တွင်လည်း မြန်မာနိုင်ငံမြောက်ပိုင်းတွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA သည် ခြေသံလုံလုံဖြင့် တိုက်ပွဲများဖော်ဆောင်က ကချင်ပြည်နယ်တွင် သိမ်းပိုက်ထားသည့် မြို့ပေါင်း ၁၀ ခုထိရှိလာသည်။ ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့တွင်ရှိသော မြောက်ပိုင်းတိုင်း စစ်ဌာနာချုပ်အား ဝန်းရံကာ တိုက်ပွဲဖော်ဆောင်ရန် ကြိုးပမ်းနေသည်။
ထိုကြောင့် ၂၀၂၄ နှစ်ကုန်ပိုင်းအတွင်း တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များနှင့် PDF တို့၏ စစ်ရေးလှုပ်ရှားမှုများ ခုခံစစ်အနေအထားမှ ထိုးစစ်အသွင်ကူးပြောင်းကာ မြန်မာနိုင်ငံအနှံ့တွင် သိသည့် ပြောင်းလဲမှုများဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်ကို အထိနာအောင် ပိုမိုဖိအားပေးထားနိုင်ခဲ့သည်။
တရုတ်နိုင်ငံ၏ နိုင်ငံရေးရွေ့
အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကျပြီး နှစ်ပတ်အကြာ ဩဂုတ်လ (၁၄) ရက်နေ့တွင် နေပြည်တော်သို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိလာရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပြင် အာဏာရှင်စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနှင့် တွေ့ဆုံခဲ့သည်။ ယင်းခရီးစဉ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများကို ဆန့်ကျင်ကြောင်း၊ အာဏာသိမ်းစစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည်။
ဩဂုတ် (၁၇) ရက်နေ့တွင်ကျင်းပသည့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးတွင်ဖိုရမ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ထိုင်း၊ လာအို၊ စစ်ကောင်စီမြန်မာနိုင်ငံခြားရေးဝန်ကြီးတို့နှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သတင်းထောက်များအား “တရုတ်နိုင်ငံသည် မြန်မာပြည်တွင်း မတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ်ပွဲဖြစ်ပွားနေမှုများ စိုးရိမ်ပူပန်ဆန့်ကျင်ကြောင်း၊ မြန့်မာနိုင်ငံရေး ကိစ္စများတွင် ကျော်လွန်၍ မရသော စည်းသုံးခုကို ခိုင်မာစွာထားရှိရမည်ဖြစ်ကြောင်း” ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံသည် စစ်ကောင်စီက မဲစာရင်းမှားယွင်းမှုအကြောင်းပြ အာဏာသိမ်းသည်ကို ဆန့်ကျင်သူများအား ရက်ရက်စက်စက်သတ်ဖြတ် မီးလောင်တိုက်သွင်းခြင်း၊ ကျေးရွာများနှင့် မြို့များအား မီးရှို့ခြင်း၊ လေယာဉ်ဖြင့်ဗုန်းကြဲတိုက်ခိုက်မှုများကြောင့် မလွှဲသာမရှောင်သာ ခုခံတော်လှန်ရေးစစ်ပွဲ ဆင်နွှဲနေရသော မြန်မာပြည်သူလူထုတရပ်လုံး၏ ဆန္ဒကို သိလျက်နှင့် မလေးမစား ပြက်ရယ်ပြုလိုက်ခြင်းမျိုးဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာပြည်ပြိုကွဲမည်ကို မည်သည့်နည်းနှင့်မျှ မလက်ခံသည့်မူ ချမှတ်ထားရသည့်အကြောင်းမှာ တရုတ်သည် အာဏာရှင် စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေ အာဏာရလာသည့် ၁၉၉၀ ခုနှစ် နောက်ပိုင်းကာလများတွင် စီးပွားရေးအရ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားသာကြောင့်ဖြစ်သည်။
သုတေသီများ၏ လေ့လာချက်အရ မြန်မာတွင် တရုတ်နိုင်ငံ ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကျော်ရှိသည်။ မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာအရ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄၂ ဘီလီယံကျော်တွင် တရုတ် ၏ ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အပိုင်းတွင် ၃ ချိုး ၁ ချိုးရှိသည်ဟု သိရသည်။
တရုတ်နိုင်ငံသည် အဆိုပါရင်းနှီးမြုပ်နှံမှုများကို မြန်မာနိုင်ငံစစ်တပ်နှင့်သာ ပြုလုပ်ရသည်မှာ အဆင်ပြေဆုံးဖြစ်သည်ကို မြင်နိုင်သည်။ နိုင်ငံငယ်များ (သို့တည်းမဟုတ်) ဖက်ဒရယ်စနစ် ပြည်နယ်များ ထွက်ပေါ်လာပါက အကျိူးစီးပွားခွဲဝေမှုများနှင့် တာဝန်ယူမှုတာဝန်ခံမှုအပိုင်းတွင်လည်း တရုတ်နိုင်ငံ၏ နိုင်ငံရေးသဘောတရားအရ ဆုံးဖြတ်ချက်များသည် အထက်မှအောက်သို့ စီးဆင်းသည်ဖြစ်ရာ ပြည်နယ်အသစ် (သို့မဟုတ်) အစိုးရအသစ်ဖြင့် ပြန်လည်ညှိနှိုင်းရမည်။ ထို့ကြောင့် ထိုအရာမျိုးသည် တရုတ်နိုင်ငံအတွက် မလုပ်ခြင်းဆုံးအရာဖြစ်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်သည် နိုင်ငံတည်ငြိမ်အောင် စွမ်းဆောင်နိုင်မှုနှင့် တရုတ်အကျိုးစီးပွားများအား ကာကွယ်ပေးနိုင်မှု အားနည်းနေသော်လည်း အထက်ဖော်ပြခဲ့သော အချက်အလက်များနှင့် အကြောင်းအရာများအရ စစ်ခေါင်းဆောင်၏ ဦးဆောင်မှုကို မကြိုက်သော်ငြားလည်း မြန်မာစစ်တပ်ပြိုကွဲလျှင် ထွက်ပေါ်လာမည့် နိုင်ငံရေးအခင်းအကျင်းအသစ်မျိုးတွင် အကျိုးစီးပွားများ ပိုမိုဆုံးရှုံးလာနိုင်သည်ဟု ထင်မြင်ကာ စစ်တပ်ကို ကျားကန်ပေးခြင်းမျိုးဖြစ်နိုင်သည်။
တရုတ်သည် မြန်မာစစ်တပ်ကို ကျားကန်ပေးထားသော်လည်း စစ်ကောင်စီကမူ နောက်ကွယ်တွင် တရုတ်ဆန့်ကျင်သည့်ဆန္ဒပြပွဲများ စစ်တပ်ထောက်ခံသည့် သတင်းမီဒီယာများ၊ တယ်လီဂရမ် ချန်နယ်များမှတဆင့် တရုတ်မုန်းတီးရေးအကြောင်းအရာများ ဝါဒဖြန့်ခြင်းတို့ ပြုလုပ်ခဲ့သည်။
တော်လှန်ရေးတပ်များ နယ်မြေစိုးမိုးမှုပိုမိုရရှိကာ နိုင်ငံရေးချိန်ခွင်လျှာ ပြောင်းလဲမည့်အရေး တရုတ်၏ စိုးရိမ်ချက်ကို ပိုမိုသေချာစေသောအချက်မှာ စစ်တက္ကသိုလ်မြို့ရှိရာ ပြင်ဦးလွင်မြို့အနီး နောင်ချိုမြို့နယ်အတွင်း TNLA ကအကြီးအကျယ်ထိုးစစ်ဆင်ခြင်းကို ရန့်တန့်စေရန် တရုတ်နိုင်ငံရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီက ဩဂုတ် (၂၉) ရက်နေ့တွင် စာထုတ်ဖိအားပေးခဲ့ခြင်းဖြစ်သည်။
“တရုတ်နယ်စပ်ဒေသ၊ နယ်စပ်အရပ်သူအရပ်သားများနှင့် မြန်မာပြည်တွင်းရှိ တရုတ်ပြည်သား၊ လုပ်ငန်းများနှင့် သက်ဆိုင်သော လုံခြုံမှုများကို အာမခံပေးရန် တရုတ်ပြည်နယ်စပ်ဒေသ အေးချမ်းတည်ငြိမ်ရေးနှင့် တရုတ်နိုင်ငံသား အသက်၊ပစ္စည်းဥစ္စာလုံခြုံရေးကို ထိခိုက်စေပြီး အန္တရာယ်ရှိစစ်ရေးအပြုအမူကို ပပျောက်အောင် ဆောင်ရွက်ရမည်” ဟုစာတွင် ဖော်ပြခဲ့သည်။ ထိုစာသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ခေါင်းဆောင်တို့ နေပြည်တော်တွင်တွေ့ဆုံပြီး (၂) ပတ်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
သတိပေးချက်ကို မလိုက်နာပါက “တရုတ်က ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမိုလုပ်ဆောင်မည်ဖြစ်ပြီး ဖြစ်ပေါ်သည့် အကျိုးဆက်များအားလုံးကို သင်တို့ကိုယ်တိုင် တာဝန်ယူရမည်” ဟုလည်း ထိုစာကဆိုသည်။
ထို့သို့ တရုတ်၏ ထုတ်ပြန်ချက်များမထွက်ပေါ်ခင်ကတည်းက MNDAA နှင့် TNLA တို့ ထိန်းချုပ်ထားရာ တရုတ်-မြန်မာနယ်စပ်ဂိတ်အားလုံးကို တရုတ်က ပိတ်ထားခဲ့ပြီး ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီတင်သွင်းခွင့်များအတွက် အခက်အခဲဖြစ်ပေါ်စေခဲ့သည်။
တရုတ်−မြန်မာနယ်စပ်တွင်လည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ကာ တော်လှန်ရေးအဖွဲ့များအတွက် သတင်းအချက်အလက်စီးဆင်းမှုများကို နှေးကွေးစေခဲ့သည်။ တရုတ်နိုင်ငံသည် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့အပေါ် မည်မျှလွှမ်းမိုးနိုင်စေကာမူ လက်တွေ့တွင် စစ်ကောင်စီ ဆက်လက်ရပ်တည်နိုင်အောင် ကျားကန်ပေးခြင်းမျိုးသာ အစဉ်အမြဲပြုလုပ်လျက်ရှိသည်။ တရုတ်၏ ဆုပေးဒဏ်ပေးစနစ်ဖြင့် ဆက်ဆံပုံမှာ မြန်မာစစ်တပ် တစ်ခုအပေါ်တွင်သာမဟုတ်ပဲ တရုတ်ဩဇာလွမ်းမိုးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ်တွင်ပါ ပြုမှု ဆက်ဆံလျက်ရှိသည်။
ရှမ်းမြောက်တွင် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့များ၏ စစ်ဆင်ရေးကို ကန့်သတ်လိုသည့် တရုတ်သည် နွေဦးတော်လှန်ရေးတွင် မည်သည့်ဘက်မှမပါဟု ထုတ်ဖော်ပြောဆိုထားသော ဝ တပ်ဖွဲ့ (UWSA)ထံ တဖက်လှည့်ဖြင့် ကိုးကန့်နှင့် တအာင်းတပ်မျာကို နောက်ကွယ်မှဖိအားပေးလျက်ရှိသည်။ အကြောင်းမှာ UWSA သည် တရုတ်နည်းတူ မြောက်ပိုင်းအဖွဲ့ဝင်များအပေါ် လွမ်းမိုးမှုအတိုင်းအတာ တစ်ခုရှိခြင်းကြောင့်ဟု ဆိုနိုင်သည်။
မြန်မာပြည်တွင်းရေးဖြစ်၍ ဝင်မစွက်ဖက်ပါဟူသောမူကို တရုတ်က အာဏာသိမ်းကာလတစ်လျောက် အတိအလင်းကြေညာထားသော်လည်း လက်တွေ့တွင် စစ်ရှုံးနေသော မင်းအောင်လှိုင်ကို အကာအကွယ်ပေးသော နိုင်ငံရေးထုတ်ပြန်ချက်များသာ ထုတ်ပြန်၍ တော်လှန်ရေးကာလ မြန်မာပြည်သူများ၏ တရုတ်နိုင်ငံအပေါ် ယုံကြည်မှု ပိုမိုလျော့နည်းလာခြင်းမျိုးသာ ဖြစ်စေခဲ့သည်။
လတ်တလောကာလ မြန်မာ့နိုင်ငံရေးအရွေ့
မြန်မာနိုင်ငံမြောက်ပိုင်းရှိ ဖြစ်ပွားနေသော တိုက်ပွဲများ အဆုံးသတ်နိုင်ရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန်ကြိုးစားနေသည်ဟု တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရအရာရှိ Lin Jian က ဩဂုတ်လ (၃၀)ရက်နေ့တွင် AFP သတင်းဌာနနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
သတိထားစရာအချက်မှာ (TNLA) အား တရုတ်နိုင်ငံ ရွှေလီအာဏာပိုင်များက သတိပေးစာ ထုတ်ပြန်ပြီး (၁) ရက်အကြာတွက် ပြောခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် နိုင်ငံတကာစာမျက်နှာတွင်လည်း စစ်တပ်အားထောက်ခံကာ ငြိမ်းချမ်းဆွေးနွေးပွဲကျင်းပနိုင်ရန် အကူအညီပေးနေသည်ဟု မှတ်ယူနိုင်သည်။
ထူးခြားချက် တစ်ခုမှာ တရုတ်၏သတိပေးစာ ထုတ်ပြန်အပြီး စက်တင်ဘာ (၂) ရက်တွင် MNDAA၊ TNLA နှင့် AA တို့ကို အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီက ကြေညာလိုက်ခြင်းဖြစ်သည်။ AA သည် ဒုတိယအကြိမ်မြောက် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံရခြင်းဖြစ်သည်။ တရုတ်သည် မြန်မာ့ငြိမ်းချမ်းရေးကို မည်မျှပင်အားထုတ်ကြိုးပမ်းစေကာမှု ပလိုင်းပေါက်နှင့် ဖားကောက်ခြင်းမျိုးသာ ဖြစ်စေသည်ကို စစ်တပ်၏ ထုတ်ပြန်ကြေညာချက်က ပေါ်လွင်စေသည်။
တရုတ်နိုင်ငံသည် စစ်ကောင်စီကို အစည်းအဝေးများ ဖိတ်ကြားကာ နိုင်ငံရေးအရ တရားဝင်မှုပေးခြင်းမျိုးအား မကြာမကြာ ပြုလုပ်လျက်ရှိသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်နေပြီး၊ နိုင်ငံအနှံ့ စစ်ရေးတင်းမာနေချိန် စက်တင်ဘာ (၁၂) ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီး တင်အောင်စန်းကို ပေကျင်းမြို့တွင်ကျင်းပသည့် ပေကျင်း−ရှန်ကျန်းဖိုရမ်သို့ တက်ရောက်ခွင့်ပြုခဲ့သည်။
ပြည်သူများအတွက် အံဩစရာတခုမှာ ၁၀၂၇ စစ်ဆင်ရေးကာလတစ်လျှောက် စစ်အာဏာရှင်အမြစ်ပြတ်တဲ့အထိ နွေဦးတော်တော်လှန်ရေးအဖွဲ့များနှင့် လက်တွဲလုပ်မည်ဟု ထုတ်ပြန်ချက်များတွင် မကြာမကြာ ပြောကြားသော MNDAA သည် စက်တင်ဘာ (၁၈) ရက်နေ့တွင် အရေးကြီးသော ထုတ်ပြန်ချက်တခု ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် MNDAA သည်NUG နှင့် စစ်ရေး၊ နိုင်ငံရေးမပူးပေါင်းဟု ပါရှိသည်။ အဆိုပါထုတ်ပြန်ချက်ကို ကြည့်ခြင်းအားဖြင့် တရုတ်သည် ရှမ်းမြောက်ဒေသရှိ တော်လှန်ရေးတပ်ဖွဲ့များ ပြည်မရှိနွေဦးတော်လှန်ရေးတွင် ပါဝင်မပတ်သက်နိုင်အောင် ဖိအားကြီးကြီးမားမားပေးထားသည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
အခြားတစ်ဘက်တွင်လည်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လာဒူဟိုးမားသည် တော်လှန်ရေးကာလတွင် မြန်မာပြည်ရှိ ချင်းတိုင်းရင်းသားများအပေါ် စိတ်ရောကိုယ်ပါ များစွာကူညီမှုရှိသည်ကိုတွေ့ရသည်။ စစ်ဘေးရှောင် ချင်းလူမျိုးများအား မီဇိုရမ်ပြည်တွင် ခိုလှုံခွင့်ပေးခြင်း၊ အလုပ်အကိုင်လုပ်ခွင့်ပေးခြင်း၊ မြန်မာနိုင်ငံချင်းပြည်နယ်ဘက်တို့ ကုန်သွယ်ရေးလမ်းကြောင်းများ အဆင်ပြေအောင်လုပ်ပေးခြင်းဖြင့် အထောက်အပံ့ အကူအညီများပေးခဲ့သည်။
ထူးခြားချက်တစ်ခုနှာ အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်ရှိ ချင်းလူမျိုးများနှင့် တွေ့ဆုံပွဲတွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်မှ “အာရက္ခတပ်တော် (AA) နှင့် ချင်းလက်နက်ကိုင်အဖွဲ့များ အပါအဝင် မီဇိုရမ်ပြည်နယ်နှင့်ပါမိတ်ဆွေဖြစ်ရန် လိုအပ်သည်ဟု စက်တင်ဘာလ (၅) ရက်နေ့တွင် ပြောကြားခဲ့သည်။
စိတ်ဝင်စားစရာအချက်မှာ စက်တင်ဘာ (၂၂) ရက်နေ့တွင် “သဘောထားကွဲလွဲမှု ရှိလာပါက လက်နက်နှင့် ဖြေရှင်းသည့်နည်းမသုံးရန် ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ(CC)၊ CNF နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)၊ ချင်းညီနှောင်အဖွဲ့ (CB) ကိုယ်စားလှယ်များ မီဇိုရမ်ပြည်နယ်တွင် သဘောတူညီချက်ရခဲ့ခြင်းမျိုးဖြစ်သည်။ တော်လှန်ရေးကာလအတွင်း ထိတွေ့တိုက်ပွဲဖြစ်သွားသည့် အဆင့်အထိရောက်ခဲ့သော ချင်းတော်လှန်ရေးအဖွဲ့ကြား ညီညွတ်ရေးအတွက် နိုင်ငံရေးယုံကြည်မှု တည်ဆောက်ရန် လမ်းစဟု သုံးသပ်ရသည်။
မြန်မာ့နိုင်ငံရေးအရွေ့မှာ ဆက်လက်ရွေ့လျားနေသည်။ စက်တင်ဘာ (၁၈) ရက်တွင် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး ချဉ်းကပ်မှုဖြင့် တော်လှန်ရေးကာလ/ကြားကာလမှ စတင်၍ ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီများ၊ တိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် အတူတကွ တည်ဆောက်သွားမည်ဖြစ်ကြောင်းဟူသော ထုတ်ပြန်ချက် သဘောထားတစ်ခုထုတ်ပြန်ခဲ့သည်။
အဆိုပါ သဘောတူညီချက်များ ချမှတ်ရာတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတိုးတက်ရေးတပ်ဦး (CNF)၊ ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီ(KSCC)၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်သစ်ပါတီ ၊ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)၊ မွန်ပြည်ဖက်ဒရယ် ကောင်စီ (MSFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB)တို့ ပါဝင်ခဲ့သည်။
မင်းအောင်လှိုင်၏ နိုင်ငံရေးပြသနာကို နိုင်ငံရေးအရဖြေရှင်းရန် ကမ်းလှမ်းချက်ကို လက်မခံဟု တော်လှန်ရေးအဖွဲ့အသီးအသီးက မီဒီယာများတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ မင်းအောင်လှိုင်သည် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းဖြင့် အမှန်တကယ်ဖြေရှင်းလိုသောဆန္ဒသာရှိခဲ့လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲစာရင်းပြဿနာရှာ အကြောင်းပြ၍ အာဏာသိမ်းခြင်းမျိုး ပြုလုပ်လိမ့်မည်မဟုတ်ပေ။
မဲစာရင်းအငြင်းပွားမှုသည် အစိုးရ၊ စစ်တပ်နှင့် သက်ဆိုင်သည့် ကိစ္စမဟုတ် ရွေးကောက်ပွဲ ကော်မရှင်ကသာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြေရှင်းနိုင်သော အခွင့်အာဏာ ရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့်စစ်ခေါင်းဆောင်သည် နိုင်ငံရေးတွင် စစ်တပ်၏ ပါဝင်ပတ်သက်မှု အခွင့်အာဏာကို ပိုမိုလိုချင်သော ဆန္ဒရှိသောကြောင့်သာလျှင် ယင်းတို့ကိုယ်တိုင်ရေးဆွဲထားသော ဖွဲ့စည်းပုံကို ချိုးဖောက်အာဏာသိမ်းကာကိုဗစ်ကာလာအလွန် အရှိန်အဟုန်ဖြင့် တိုးတက်မည့်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးကဏ္ဍ များကို မစားရသည့်အမဲသဲနှင့်ပတ်သည့်လုပ်ရပ်မျိုးလုပ်ခြင်းသာဖြစ်သည်။
နိဂုံးချုပ်အားဖြင့် မြန်မာနိုင်ငံရေးဖြစ်စဉ် နှင့် စစ်ရေးဖြစ်စဉ်များသည် ၂၀၂၄ နှစ်ကုန်ပိုင်းကာလ အပိုင်းအခြားတွင် ပြောင်းလဲမှုများဖြစ်ပေါ်နေသည်။ အကြောင်းမှာ တရုတ်နိုင်ငံသည် မြန်မာ့နွေဦးတော်လှန်ရေးဖြစ်စဉ်တွင် ၂၀၂၁ အာဏာသိမ်းကာလစ၍ ဘက်မလိုက်မူဝါဒကို ကျင့်သုံးပါသည်ဟု တစိုက်မတ်မတ် ပြောဆိုခဲ့သော်လည်း ၂၀၂၃ခုနှစ်တွင် ရှမ်းမြောက်ဒေသအတွင်း တရုတ်နှင့်စစ်ကောင်စီ၏ ကျားဖြန့်နှိမ်နင်းရေးမှ စတင်ကာ မြန်မာနိုင်ငံရေး အရွေ့များအပေါ် ပါဝင်ပတ်သက်လာသောကြောင့်ဖြစ်သည်။
တဖက်တွင်လည်း အဆိုပါ ကျားဖြန်နှိမ်နှင်းရေးနှင့်အတူ ပူးတွဲပေါ်ပေါက်လာခဲ့သော ၁၀၂၇ စစ်ဆင်ရေးတွင် တိုင်းရင်းသားတော်လှန်ရေးတပ်များ၏ မြို့သိမ်းတိုက်ပွဲများသည် ပြည်မရှိ နွေဦးတော်လှန်ရေးလှိုင်းကို ကျွဲကူးရေပါဖြစ်သလို သိသာထင်ရှားသော အချိုးအကွေ့တစ်ခုသို့ တွန်းပို့နိုင်ခဲ့ခြင်းမျိုးဖြစ်လေသည်။
သစ်လွင်သည် ချင်းမိုင်တက္ကသိုလ်တွင် လူမှုရေး သိပ္ပံတက်ရောက်နေသော ကျောင်းသားတစ်ဦးဖြစ်သည်။