အနိဋ္ဌာရုံ ပြည့်နှက်နေသော ရှေ့တန်းစစ်မြေပြင်သည် စစ်သားတစ်ယောက်အတွက် အချိန်မရွေး အသက် အန္တရာယ်ရှိ၊ နေထိုင်မှု ကြမ်းတမ်းပြီး အစားအသောက် ခက်ခဲသည်ဟု လူအများက ရှုမြင်ကြသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် စစ်တပ်၏ အာဏာသိမ်းမှုနောက်ပိုင်းတွင် ဒေသတွင်း၌ ပြည်တွင်းစစ် သက်တမ်းအရှည်ကြာဆုံး စစ်ပွဲများကို ဆင်နွှဲနေသော မြန်မာနိုင်ငံတွင်မူ ရှေ့တန်းစစ်မြေပြင်များသည် မြို့ပြများအထိ ရောက်လာသလို စစ်တပ်က အခိုင်အမာခုခံစစ် ပြင်ဆင်ထားသော နောက်တန်း စစ်ဌာနချုပ်များအထိပါ ကျယ်ပြန့်လာသည်။
ကျယ်ပြန့်လာသော စစ်ပွဲများ နှင့်အတူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်ဗိုလ်ချုပ်များ၏ နိုင်ငံ့စီးပွား စီမံခန့်ခွဲမှုအလွဲများကြောင့်လည်း တိုင်းပြည်စီးပွားရေးပြိုကျပြီး အလုပ် အကိုင်ရှားပါးပြီး အထွေထွေကုန်စျေးနှုန်းအဆမတန်မြင့်တက်မှုဒဏ်ကို ဝန်ထမ်းများ၊ ပင်စင်စားများ အပါအဝင် အခြေခံလူတန်းစားများပါ ခါးစည်းခံနေရသည်။
ထိုဒဏ်များကို အဂတိနှင့် အကျင့်ပျက်ချစားမှုများဖြင့် စည်းစိမ်ခံစားနေသော ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီး များနှင့် အရာရှိကြီးများမှ လွဲ၍ မြန်မာစစ်တပ်ထဲမှ တပ်ရင်း၊ တပ်ဖွဲ့များရှိ အောက်ခြေစစ်သားများ နှင့် ၎င်းတို့ မိသားစုများလည်း အလူးအလဲခံစားကြရသည်။
ထို့ကြောင့်ပင် မြန်မာစစ်တပ်လက်အောက်ခံ စစ်သားများ၊ ရဲတပ်ဖွဲ့ဝင် အများစုသည် လုံခြုံရေး၊ စစ်ဆေးရေးဂိတ်၊ ဧည့်စာရင်း အပါအဝင် ခရီသွား နှင့် ကုန်တင်ယာဉ်များထံမှ နည်းလမ်းပေါင်းစုံဖြင့် ငွေကြေးတောင်းခံကာ ငွေရှာလာကြသည်။
စစ်ကောင်စီ စစ်ကြောင်းများသည်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ(EROs) တို့ကို ထောက်ခံနေသူများအဖြစ် ၎င်းတို့ သံသယရှိထားသော ကျေးရွာ များသို့ စစ်ကြောင်းထိုးစီးနင်းရာတွင်လည်း ဒေသခံပြည်သူများ၏ နေအိမ်များမှ ငွေကြေးနှင့် လက်ဝတ်ရတနာများ အပါအဝင် တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူခြင်း ဓားပြဆန်ဆန် အတင်းအဓမ္မ သိမ်းယူခြင်းများ ပြုလုပ်လာသည်။
ယခုအခါ လူအများက အနိဋ္ဌာရုံအရာများဖြင့် ပြည့်နှက်နေသောနေရာအဖြစ် သတ်မှတ်ထားသော ရှေ့တန်းစစ်မြေပြင်များအထိကိုပင် ငွေရှာရန် ရှေ့တန်းထွက်လိုသော စစ်သားများ ရှိလာနေသည်။
ရှေ့တန်းလိုက် ငွေရှာချင်သူများ
တပ်တွင်းထဲတွင် လာဘ်ထိုးကာ ရှေ့တန်းထွက်လိုကြသော စစ်သားများသည် စစ်တပ်က အကြီးအကျယ် စစ်ရှုံးနေသော ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်ကဲ့သို့ တိုင်းရင်းသားဒေသများသို့ မဟုတ်ပေ။
ထိုသူတို့ သွားလိုသည်က စစ်တပ်က လေကြောင်းပစ်ကူအလွယ်တကူပေးနိုင်သော မြေပြန့်လွင်ပြင် ဒေသ၊ လက်နက်ခဲယမ်း အလုံအလောက်မရှိသော PDF တပ်ဖွဲ့များ အခြေစိုက်ရာ စစ်ကိုင်း နှင့် မကွေး တိုင်းရှိ အညာရှေ့တန်းစစ်မျက်နှာများသို့သာ ဖြစ်သည်။
လာဘ်ထိုးပြီး ရှေ့တန်းထွက်လိုသည့် စစ်သားများထဲတွင် ကလေးနှစ်ယောက်၏ ဖခင်ဖြစ်သူ ကိုထက်* ဟုဆိုသော မန္တလေးတိုင်း သံချပ်ကာတပ်ရင်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေသော ဒုတပ်ကြပ်အဆင့် ရှိသူလည်း ပါဝင်သည်။
လွန်ခဲ့သော တစ်နှစ်ဝန်းကျင်က အကြွေးများ ပတ်လည်၀ိုင်းသော ကိုထက်၏ စီနီယာတပ်ကြပ်ကြီး မိသားစုသည် ရှေ့တန်းမှ ပြန်လာပြီးနောက် ရွှေတွဲလဲ၊ ငွေတွဲလဲဖြစ်နေသည်ကို သူ အံဩတကြီး မြင်တွေ့လိုက်ရသည်။
လစာ သုံးသိန်းပင်မပြည့်သည့် အောက်ခြေစစ်သား ကိုထက် တစ်ယောက် အတွက် ရှေ့တန်းပြန် စစ်သား များ၏ အဆင်ပြေမှုများက မက်လောက်စရာပင်ဖြစ်သည်။
လုပ်သက် ၁၀ နှစ်ကျော်အတွင်း စစ်သားများ ရှေ့တန်းလိုက်ကာ အဆင်ပြေမှုကို သူအနေဖြင့် ပထမဆုံး အကြိမ်မြင်တွေ့ရခြင်းဖြစ်သည်။
အောက်ခြေစစ်သား တပ်သားအဆင့်နှင့် အရာခံဗိုလ်တို့၏ လစာနှုန်းထားသည် ကျပ် ၁၆၀,၀၀၀မှ ကျပ် ၂၆၈,၀၀၀ ထိသာရှိသည်။
ထို့အပြင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ လီမီတက်သို့ ရဲဘော်တစ်ဦးလျှင် ကျပ် ၃၀,၀၀၀ ထည့်ဝင်ရသေးသည်။
ထို့နောက် အဆင်ပြေလာသည့် ရှေ့တန်းပြန် စီနီယာများထံမှ အခြေအနေများစုံစမ်းပြီး ရှေ့တန်းထွက်ရန် မိမိ အလှည့်မကျသေးသော်လည်း တပ်ရေးဗိုလ်ကြီးထံ အပူကပ်ပြီး ရှေ့တန်းလိုက်ရန် တောင်းဆိုတော့ သည်။
တပ်ရင်းတစ်ခု၏ ရဲဘော်များရှေ့တန်းထွက်အင်အားကို တပ်ရင်းမှူးနှင့် တပ်ရေးဗိုလ်ကြီးတို့က ဆုံးဖြတ် ပြီး၊ အရာရှိများကိုမှု တပ်မမှူးကိုယ်တိုင် ရွေးချယ်စေလွှတ်လေ့ရှိသည့် စနစ်ကို ကျင့်သုံးကြောင်း စစ်မှု ထမ်းဟောင်းအချို့ထံမှ သိရသည်။
ကိုထက်၏ အကြံအစည်သည် အောင်မြင်သည်။
၂၀၂၃ ခုနှစ်၊ နှစ်စပိုင်းတွင် စစ်ကိုင်းတိုင်းဘက်သို့ ရှေ့တန်းထွက်မည့် စစ်ကြောင်းနှင့်အတူ ကိုထက် လိုက်ပါခွင့်ရသည်။
ရှေ့တန်းလိုက်ပြီး သုံးလအကြာမှာပင် နောက်တန်းကျန်နေခဲ့သော သူ့မိန်းမထံ ပိုက်ဆံ ကျပ် ၁၀ သိန်း ပြန်ပို့နိုင်ခဲ့သည်။
ငွေကြေးကျပ်တည်းပြီး အခက်အခဲဖြစ်နေသော သူတို့မိသားစုအတွက် ပိုက်ဆံ ၁၀ သိန်းသည် မနည်း လှသော ငွေပမာဏ ဖြစ်သည်။
သို့သော် ထိုပျော်ရွှင်မှုများသည် ကိုထက်တို့မိသားစုကို တာရှည်မခံခဲ့ဟု သူတို့မိသားစုနှင့်အတူ တပ်တွင်း၌ အတူနေဖူးသည့် တပ်ကြပ်ကြီးတစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်သန်း* က ပြောသည်။
“မိန်းမက ရတာလေး ရွှေလုပ်မယ်ပြောတော့ ယောကျ်ား ပြန်လာမှ လုပ်ပါ၊ ပိုက်ဆံထပ်ပါလာဦးမှာ ပြောတာကို မရဘဲ ကယ်ရီငှားသွားတာ၊ လမ်းမှာ ကားနဲ့ တိုက်ပြီး ပွဲချင်းပြီးဆုံးသွားတာ” ဟု သူက ပြန်ပြောပြသည်။
“ ဖုန်းပါလာတဲ့သူတွေလည်းရှိတယ်။ ရောင်းလို့ရတာ၊ သယ်လို့ရတာ နောက်တန်းကို အကုန်ပြန် သယ်လာ ကြတာ” ဟု ဒေါ်သန်းက သူမြင်တွေ့ခဲ့ရသည့် တပ်တွင်းအခြေအနေကို ဆက်ပြောသည်။
အများပြည်သူများ၏ ချွေးနှဲစာဖြင့် ရှာဖွေထားသော ပစ္စည်းဥစ္စာများကို အာဏာနှင့်လက်နက် အားကိုးပြီး တောင်းယူ၊ လုယူ၊ ခိုးယူလာရခြင်း ဖြစ်သောကြောင့် မနှစ်မြို့ကြောင်း သူက ပြောသည်။
ယခင်က ရှေ့တန်းစစ်မြေပြင်ထွက်၍ အမျိုးသားက အသက်ပေးလိုက်ရ၍ မိသားစုများ သေကွဲရ၍ ဝမ်းနည်းကြေကွဲရသော ဖြစ်ရပ်များနေရာတွင် ယခုအခါ ရှေ့တန်းထွက်ပြီး ရွှေ၊ ငွေ များ ပြန်ပါလာကာ အဆင်ပြေလာမှုသည် စစ်တပ်အတွင်း၌ ဗိုင်းရပ်စ်တစ်ခုလို ပျံ့နှံ့လာနေသည်။
ထိုဗိုင်းရပ်စ်သည် တာဝန်ထမ်းဆောင်ဆဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များတင်မကပဲ ပင်စင်လစာနှင့် မလုံလောက်တော့သည့် စစ်မှုထမ်းဟောင်းများဆီကိုလည်း ကူးစက်လာသည်ဟု စစ်မှုထမ်းဟောင်း မိသားစုများက Myanmar Now ကို ပြောသည်။
စစ်ကောင်စီက ယခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုခဲ့ပြီး နောက် စစ်မှုထမ်းဟောင်းများကိုပါ ပြန်လည်စစ်မှုထမ်းခိုင်းမည့် အရန်တပ်ဖွဲ့ဥပဒေကို ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်ရာ ထိုဥပဒေကို နှစ်သက်သူတချို့ ရှိလာသည်။
အာဏာသိမ်းပြီးမကြာမီမှာပင် စစ်သားဟောင်းတချို့ စစ်ဆေးရေး ဂိတ်များတွင် ရှိနေပြီး ဖြစ်သည်ဟု စစ်မှုထမ်းဟောင်းတစ်ဦး၏ အသက် ၆၀ကျော်အရွယ် ဇနီးဖြစ်သူက ပြောသည်။
“အရန်တပ်ဖွဲ့ဥပဒေမထွက်ခင်ကတည်းက ဂိတ်တွေမှာ လုံခြုံရေးယူပြီး အဆင်ပြေလို့ဝင်လုပ်တဲ့ အငြိမ်းစားတွေတောင်ရှိတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။
ရှေ့တန်းလိုက်လိုကြောင်း တောင်းဆိုပြီး လိုက်သွားသူ သေဘေးနှင့် ကြုံတွေ့ရတတ်သည်ဟူသော အယူအဆကိုပင် ဘေးဖယ်ကာ စစ်သားများ ငွေနောက်လာကြသည်ဟု စစ်ကိုင်းတိုင်း တပ်ရင်းတစ်ခုမှ တပ်ကြပ်ကြီးတစ်ဦးက Myanmar Now ကို ပြောသည်။
“ရှေ့တန်းကို တောင်း မလိုက်ကောင်းဘူး၊ တောင်းလိုက်ရင် တစ်ခုခုဖြစ်တယ်။ အခုက မသေမချင်း ရှေ့ တန်းမှ ရှေ့တန်းပဲ” ဟု သူက ပြောသည်။
ဓားပြအဖွဲ့ ဆန်လာသော စစ်တပ်
အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေး၊ နယ်မြေရှင်းလင်းရေးခေါင်းစဉ်များစွာဖြင့် လှည့်လည်သည့် စစ်ကြောင်းများသည် တန်ဖိုးကြီး ပစ္စည်းများကို ယူတတ်ကြပြီး၊ စစ်ဆေးရေးဂိတ်များတွင် မော်တော်ယာဉ်များထံမှ ပိုက်ဆံတောင်းခံနေကြသည်၊ စစ်ကောင် စီတပ်သည် ဓားပြအဖွဲ့တစ်ခု ဖြစ်လာနေသည်ဟု စစ်တန်းလျားကို ကျောခိုင်းလာသော ဗိုလ်ကြီး ကောင်းသူဝင်းက ပြောသည်။
၎င်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ခဲ့သည်၊ ယခင်က ချင်းပြည်နယ် မတူပီမြို့ နှင့် စစ်ကိုင်းတိုင်း မုံရွာမြို့တွင် တာဝန်ထမ်းဆောင် ခဲ့ဖူးသည်။
“အရင်ချိန်က ပို့ဆွမ်းလေးတွေပဲစားတယ်ပေါ့နော်၊ အဲဒီလိုအနေအထားကနေ အခုက ဓားပြတိုက်တဲ့အနေ အထားမျိုး ဖြစ်နေပြီ” ဟု ဗိုလ်ကြီးကောင်းသူဝင်းက မှတ်ချက်ပြုသည်။
ယခင်ကဆိုလျှင် စစ်သားအများစုသည် စစ်မြေပြင်မလိုက်ရရေးအတွက် အရာရှိများကို အဂတိငွေကြေး၊ လုပ်အားဖြင့် အလုပ်အကျွေးပြုရခြင်းသည် ငြင်းမရသည့် တပ်တွင်း ဓလေ့တစ်ခုပင် ဖြစ်သည်။
အသက်အန္တရာယ်ရင်းရသည့် ရှေ့တန်းသို့ ငွေကြေး၊ အာဏာတို့ဖြင့် လာဘ်ထိုးကာ မသွားခဲ့ကြရာမှ အာဏာသိမ်းပြီးနောက် နောက်တန်းတွင် လစာတစ်ခုတည်းဖြင့် ခက်ခဲသည့် အောက်ခြေစစ်သား များမှာ ရှေ့တန်းလိုက်ကာ ဓားပြဆန်ဆန်ငွေရှာလိုလာကြသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အများပြည်သူများ၏ နေအိမ်ကို ဖောက်ထွင်းခိုးယူမှုများရှိသည်ဟု စစ်အင်ဂျင်နီယာကျောင်းမှ ဒုတိယဗိုလ်မှူးကြီး သက်အောင် ကိုယ်တိုင် ထုတ်ဖော်ပြောဆိုထားဖူးသည်။
“ အိမ်တွေကို ဖောက်ပြီး ပစ္စည်းယူတာဗျ၊ တွေ့ဖူးတယ်ဗျ” ဟု သူက ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY -PDF ) က ထုတ်ပြန်သော ရုပ်သံဖိုင်တွင် ထို့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဗိုလ်မှူးကြီး သက်အောင်သည် ယခုနှစ် ဇန်နဝါရီ ၃ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ နယ်၊ သံဘိုကျေးရွာစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY PDF နှင့် တအာင်းတပ် TNLA တို့ ပူးပေါင်းသိမ်းပိုက်ခံရချိန် စစ်ကြောင်းမှုးဖြစ်သည့် ၎င်းသည် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရသူ ဖြစ်သည်။
စစ်သားများသည် ပညာအရည်အချင်း သုံး၊ လေးတန်းအောင် ပရုတ်သုက္ခ လူမျိုးစုံပါဝင်ပြီး စိတ်မထိန်း နိုင်သူများက ပြည်သူများ ထွက်ပြေးသွားသည့် အိမ်ထဲမှ ပစ္စည်းများကို ယူဆောင်ခဲ့မှုကို သူက ပြန်ပြော ပြသည်။
သို့သော် နေရာနှင့် အချိန် အသေးစိတ်ကိုမှု ထည့်သွင်းဖြေဆိုခြင်းမရှိပေ။
“ရွာတွေဝင်ရှင်း ဘာတွေဝင်ရှင်းရင် ရွှေ၊ ငွေတွေ့ရင် သိမ်းတယ်၊ ရွှေ၊ ငွေမှ မဟုတ်ဘူး၊ သူတို့ သယ်နိုင်တဲ့ အပေါ် မူတည်ပြီးသယ်တာပဲ” ဟု CDM ဗိုလ်ကြီးကောင်းသူဝင်းကလည်း ပြောသည်။
ထိုကြောင့် စစ်ကောင်စီတပ်သားများသည် တာဝန်ပေးချက်အရ လုံခြုံရေးနှင့် တိုက်ပွဲဝင်ရန်ထက် ငွေရှာလိုသည့်စိတ် ပိုများပြားနေခြင်း အကျိုးဆက်မှာ စစ်ကောင်စီသည် တိုက်ပွဲများ ဆက်တိုက်ရှုံးနိမ့်မှု ကြုံတွေ့လာရခြင်း ဖြစ်ကြောင်း သူက ဆိုသည်။
“ လက်နက်ခဲယမ်းသယ်လာတာလို့ ထင်တဲ့သူတွေ ဖမ်းဆီးဖို့အတွက် တာဝန်ချတဲ့အနေအထားမျိုးမှာ သူတို့(စစ်သား) အနေနဲ့က ဒါတွေထက်စာရင် ပိုက်ဆံပိုရတဲ့ သစ်ကားတွေကို ပိုရှာတာစိတ်ဝင်စားတာ တွေ့ရတဲ့အတွက် သူတို့(စစ်တပ်) ရှုံနိမ့်မှုတွေ၊ ပေးဆပ်မှုတွေ ပြန်ကြုံရတာပဲ” ဟု သူက ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ်က ကျေးရွာများကို လှည့်လည်စီးနင်းမှုများပြုလုပ်ရာတွင် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ အိုးအိမ်စွန့်ခွာသွားသည့် ဒေသခံတို့နေအိမ်မှ ရိက္ခာများနှင့် ရွှေထည်များ ကို မွှေနှောက်ယူဆောင်ကြသည်ကို သက်သေအများအပြားထွက်ပေါ်ထားပြီး ဖြစ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်းမကွေးတိုင်းရှိ ကျေးရွာတစ်ခုတွင် စစ်သားတစ်ဦးက သော့ခတ်ထားသည့် အိမ်တံခါးကို ချိုးဖျက်ကာ နေအိမ်မှ အဖိုးတန်ပစ္စည်းများကို ရှာဖွေရန်ကြိုးစားခဲ့သည်။ အိမ်ထဲတွင် မည်သည့် ပစ္စည်းမျှ မတွေခဲ့သည့်နောက် “ဘာမှတန်ဖိုးမရှိတဲ့အိမ်” ဟု ညည်းတွားကာဆဲဆိုခဲ့သည်။
ယင်းအဖြစ်ပျက်ကို Myanmar Now ရရှိခဲ့သော ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့မြင်ရပြီး “ရွာကို မီးနဲ့ရှိုခဲ့လိုက်” သတင်းဆောင်းပါး တွင် စစ်ကောင်စီတပ်သားများ၏ အများပြည်သူနေအိမ်များကို ဖောက်ထွင်းခိုး ယူလိုခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းတို့ကို အပြည့်အစုံဖော်ပြထားပါသည်။
တပ်တွင်းမိသားစုဝင်များ၏ သောက
အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအနှံ့အပြား ကျယ်ပြန့်သော စစ်မျက်နှာစာများတွင် တပ်ဖြန့် ထားရခြင်း၊ လူသစ်စုဆောင်းရန် ခက်ခဲခြင်း နှင့် အကျအဆုံးများပြားနေခြင်းတို့ကြောင့် စစ်ကောင်စီ သည် ခြေလျင်တပ်များသာမကဘဲ လက်ရုံးတပ်များဟုဆိုသည့် အင်ဂျင်နီယာတပ်၊ ဆေးတပ်၊ ထောက်ပို့ တပ်များမှ စစ်သားများကိုပါ ရှေ့တန်းသို့ စေလွှတ်နေရသည်။
ယခုအခါ ပြည်သူ့စစ်မှုထမ်းဥပဒေကိုပါ အတည်ပြုပြဋ္ဌာန်းပြီး စစ်သားသစ်များ အတင်းအကျပ်စုဆောင်း နေလျက်ရှိသည်။
ရှေ့တန်းလိုက်ပါပြီး မိသားစုနှင့် လနှင့်ချီ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေသူများလည်း တပ်ထဲတွင် ဒုနဲ့ဒေးပင်။
အာဏာသိမ်းပြီးနောက် စစ်တပ်ထဲတွင် အကျဆုံးများစွာရှိနေသော်လည်း ကျဆုံးစာရင်းကို အမှောင်ချ ထားဆဲဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာလည်း ရှေ့တန်းစစ်မြေပြင်တွင် နှစ်နှင့်ချီကာ တိုက်ခိုက် နေကြရသည်။
စစ်ကောင်စီ၏ စစ်သားမိသားစုများမှာလည်း အာဏာတပ်မက်သော စစ်ခေါင်းဆောင်၏ လောဘရမ္မက် ကြောင့် ရှင်ကွဲ၊ သေကွဲကွဲနေကြရသည်ဟု နေပြည်တော်မှ စစ်သားမိသားစုဝင်တစ်ဦးက ဆိုသည်။
“ ပြည်သူသေသေ၊ စစ်သားသေသေ သူကစိတ်မဝင်စားဘူး၊ သူအာဏာရဖို့ပဲ သူကြည့်တော့တာ” ဟု သူက ပြောသည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် စစ်တပ်၏ အကြီးအကဲဖြစ်သည့်အတွက် အောက်ခြေရဲဘော် ဘဝများကို စာနာငဲ့ကွက်သင့်ကြောင့် သူက ပြောဆိုသည်။
ယခင်က စစ်သားတစ်ယောက်သည် ရှေ့တန်းတွင် အချိန် ၆လ သာနေရပြီး မိသားစုရှိရာသို့ ပြန်ခွင့်ရ ကြောင်း၊ ယခုအခါ ရှေ့တန်းထွက်တာဝန်ထမ်းဆောင်နေမှု အခြေအနေများကို မိသားစုများက အသေအချာမသိရတော့သည်ဟု ပဲခူးတိုင်းရှိ ခြေလျင်တပ်တစ်ခုမှ တပ်မိသားစုဝင်တစ်ဦးက ပြောသည်။
“ သေလားရှင်လားလည်း မသိကြဘူး၊ အလင်းဝင်တာလားလည်းမသိဘူး၊ အဲဒီလိုသူတွေ တပ်ထဲမှာ အများကြီးပဲ ”
တပ်ရင်းတပ်ဖွဲ့များမှ အရာရှိများသည် ရှေ့တန်းစစ်မြေပြင်တွင် ပျောက်ဆုံးစစ်သားများ၏ အခြေအနေ ကို ၆ လအထိသာ စောင့်ကြည့်ပြီး အဆက်အသွယ်မရရှိတော့ပါက တပ်တွင်းမှာ ထိုစစ်သား၏ မိသားစုဝင်များကို တပ်လိုင်းခန်းမှ နှင်ထုတ်သည်ဟု သူက ပြောပြသည်။
ထိုသို့ နှင်ထုတ်ခံရသော စစ်သားမိသားစုဝင်များသည် ၎င်းတို့၏ ခင်ပွန်းများ ရှေ့တန်းထွက်နေချိန် နောက်တန်းတပ်ရင်းတပ်ဖွဲ့များ၌ တခြားသော စစ်ကောင်စီတပ်ဖွဲ့များနှင့်အတူ လက်နက်ကိုင်ကာ တပ်တွင်းလုံခြုံရေးကင်း တာဝန်ယူကြရသည်။
ထို့အတွက်တော့ စစ်ကောင်စီက တပ်မိသားစုဝင်များကို လစာမပေးချေ။
ခင်ပွန်း ရှေ့တန်းပါသွားပြီးနောက် တပ်လိုင်းခန်းထဲတွင် မနေချင်တော့၍ တပ်ရင်းမှူးကတော် အလိုရှိ ချိန် လာရောက်အလုပ်အကျွေးပြုလုပ်ကိုင်ပေးမည့် ကတိဖြင့်ပေးကာ မိဘများနေအိမ်ကို ပြန်လာခဲ့သည်ဟု တပ်ကြပ်ကြီးတစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်သန်း*က ထိုအခြေနေကို စိတ်ပျက်ကြောင်း ပြောသည်။
အမျိုးသားဖြစ်သူကို ရှေ့တန်းတွင် ပြည်သူ့ပိုင်ပစ္စည်းများကို မယူရန်၊ နေအိမ် မီးရှို့ခိုင်းရာတွင်လည်း ငြင်းဆန်မရပါက ကိုယ်တိုင်မပါဝင်ရန် သတိပေး လိုက်ထားသည်ဟု ငွေကြေးအနည်းငယ် အဆင်ပြေသည့် သူက အမြဲမှာကြားသည်ဟု ဆိုသည်။
တပ်တွင်းအတူနေ ကိုထက်တို့ မိသားစုဘဝပျက်ခဲ့ရပုံ ပြန်မြင်ယောင်ပြီး ဒေါ်သန်း၏ သံဝေဂရစကား တစ်ခွန်းမှာ “ ပြည်သူ့ကျိန်စာက အတော်ကြောက်ဖို့ကောင်းတယ်”