ကချင်ပြည်နယ် မြန်မာ-တရုတ်နယ်စပ်မှ စစ်ကောင်စီသစ္စာခံ ဦးဇခုန်တိန့်ယိန်း ခေါင်းဆောင်သော နယ်ခြားစောင့်တပ် ထိန်းချုပ်ထားသည့် ပန်ဝါနှင့် ကန်ပိုင်တည်မြို့များကို ပိတ်ဆို့ ထိုးစစ်ဆင်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ယမန်နေ့(အောက်တိုဘာ ၁၇)တွင် ပြောသည်။
နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် ကန်ပိုင်တည်မြို့အတွင်း တိုက်ပွဲ ပြင်းထန်နေသည်ဟု KIA ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။
စစ်တပ်က ကချင်အထူးဒေသ(၁) ဟု သတ်မှတ်ခဲ့သည့် ထိုနယ်မြေများထဲမှ တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် ပန်ဝါဒေသ၊ လုပြည်ကျေးရွာအနီးရှိ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ် ဌာနချုပ်ကို အောက်တိုဘာ ၁၅ တွင် KIA သိမ်းပိုက်ပြီးနောက် ထိုးစစ်ကိုအရှိန်မြှင့်နေခြင်းဖြစ်သည်။
တိုက်ပွဲများမှာ ဆဒုံး-ကန်ပိုင်တည်အကြားရှိ ဝေါ့ချုံး ၊ စင်ကြိုင်( ရှန်ကျိုင် ) ရွာများအနီး၌ ဖြစ်ပွားနေခြင်းဖြစ်ပြီး တပ်စခန်းသိမ်းယူနိုင်မှုမရှိသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ပန်ဝါကတော့ မသိမ်းသေးဘူး။ ပတ်ဝန်းကျင်မှာပဲ တိုက်ပွဲဖြစ်နေတာ”ဟု ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။
ဝေါ့ချုံးမြို့သည် အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ် အထိုင်ချထားသည့် နေရာဖြစ်ပြီး ထိုတပ်ရင်းဌာနချုပ် မှာ တရုတ်ကုန်သွယ်ရေးဂိတ် ကံပိုင်တည်မြို့ကို အဓိက လုံခြုံရေးယူပေးသည့် စစ်တပ်နှင့် ပြည်သူ့စစ် အခြေစိုက်စခန်းဖြစ်သည်။
တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်၍ အသေးစိတ်အခြေနေကို မေးမြန်း၍ မရသေးပေ။
ကချင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (KPDF) က KIA နှင့် အတူ ပူးတွဲ တိုက်ပွဲဝင်နေသည်။
ဦးဇခုန်တိမ့်ယိန်းသည် ယခင်က KIAတွင် တပ်မှူးအဖြစ်တာဝန်ထမ်း ဆောင်ခဲ့ဖူးသော တိုင်းရင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည်။ ၁၉၆၈ တွင် KIA ထံက ခွဲထွက်၍ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)နှင့် ပူးပေါင်းကာ ဗကပ ၁၀၁ စစ်ဒေသအနေဖြင့် ကချင်ပြည်နယ်အရှေ့မြောက်ပိုင်းရှိ ကံပိုင်တည်၊ ပန်ဝါဒေသတို့ စစ်ရေးလှုပ်ရှားခဲ့သည်။
ဗကပ ပြိုကွဲပြီးနောက် ၁၉၉၀ ပြည့်နှစ်တွင် ဗကပ ၁၀၁ စစ်ဒေသကို ကချင်အထူးဒေသ (၁) အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သလို ၎င်းတို့တပ်အမည်ကိုလည်း ဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDA-K) ဖြင့် ဖွဲ့စည်းကာ ဆက်လက်လှုပ်ရှားခဲ့သည်။
၂၀၀၉ ခုနှစ်တွင် စစ်တပ်၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းရေးအစီအစဉ်ကို လက်ခံခဲ့သည့် အထဲတွင် သူ၏ NDA (K)လည်း ပါဝင်ပြီး နယ်ခြားစောင့် တပ်ရင်း ၃ ရင်အဖြစ် ပြင်ဆင်ဖွဲ့၍ကာ စစ်တပ် လက်အောက်ခံ သစ္စာခံတပ်ဖြစ်လာခဲ့သည်။
ချီဖွေမြို့နယ် ဖီမော်ဒေသတွင် အမှတ် (၁၀၀၁) နယ်ခြားစောင့်တပ်၊ ပန်ဝါတွင် အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်နှင့် ကန်ပိုက်တည်တွင် အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်တို့ဖြစ်သည်။
ထို့နောက် ဦးဇခုန်တိန့်ယိန်းသည် ၂၀၁၀နှင့် ၂၀၁၅ ရွေးကောက်ပွဲနှစ်ခုလုံး၌ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်မြို့နယ်များ ပါဝင်သည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ အနိုင်ရခဲ့သူဖြစ်သည်။
သို့သော် ၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း တရားမဲ့ပြုကျင့်မှုများဖြင့် ရွေးကောက်ပွဲရလဒ် ပျက်ပြယ်အောင် လုပ်ဆောင်ခဲ့သည်ဟုဆိုကာ သူ့ကို ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခဲ့သည်။
ကချင်အထူးဒေသ ၁ နယ်မြေများထဲတွင် ဝိုင်းမော်မြို့နယ်၊ ကန်ပိုင်တည်မြို့၊ ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်နှင့် ပန်ဝါမြိုခွဲတို့ပါဝင်ပြီး ဦးဇခုန်တိန့်ယိန်းဦးဆောင်သည့် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၏ ထိန်းချုပ်ရာနယ်မြေများဖြစ်သည်။
ပြီးခဲ့သည့် လကုန်ပိုင်းမှစ၍ KIAနှင့် ပူးပေါင်းအဖွဲ့သည် အထူးဒေသ ၁ နယ်မြေအတွင်းရှိ စစ်တပ်နှင့် ပြည်သူ့စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ပန်ဝါမြို့၏ အနောက်မြောက်ဘက် ၃၈ မိုင်ခန့်အကွာတွင်ရှိသည့် ချီဖွေမြို့ကို အောက်တိုဘာ ၁ တွင် သိမ်းပိုက်လိုက်ကြသည်။ ထို့နောက် အောက်တိုဘာ ၂ တွင်လည်း ဆော့လော်မြို့ရှိ စစ်တပ်နှင့်ပြည်သူ့စစ်အခြေစိုက်စခန်းများကို သိမ်းပိုက်ခဲ့သည်။
ထို့အပြင် အောက်တိုဘာ ၁၅ တွင်လည်း KIAနှင့်ပူးပေါင်းအဖွဲ့သည် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် ပန်ဝါဒေသရှိ လုပြည်ကျေးရွာအနီးက စစ်တပ်နှင့် နယ်ခြားစောင့်တပ် အမှတ် ၁၀၀၂ ဌာနချုပ်ကို စစ်တပ်က လေကြောင်းပါအသုံးပြု၍ ခုခံနေသည့်ကြားမှ သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။
ထို့အပြင် တိုက်ပွဲများမှာ ပန်ဝါမြို့နှင့် အနီးဆုံးရွာများဖြစ်သည့် ချန်းယင်းကူး၊ ကျီကျားရွာများအထိပါ ရောက်ရှိလာပြီဖြစ်ကြောင်း မြို့ခံ နှစ်ဦးထံက သိရသည်။
စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့သည် ၎င်းတို့ အကျိုးအမြတ်များစွာရရှိနေသည့် မြေရှားသတ္တုထွက်ရှိရာ ပန်ဝါဒေသကို ကာကွယ်ရန် မြို့ပေါ်တွင် အခိုင်အမာအထိုင်ချထားသလို တပ်သားသစ် စုဆောင်းနေကြသည်ဟု မြို့ခံတို့က ပြောသည်။
ချီဖွေ၊ ဆော်လော်မြို့များကို KIAထံ လက်လွှတ်လိုက်ရပြီးကတည်းက လူသစ်စုနေခြင်းဖြစ်ကြောင်း၊ ပန်ဝါမြို့စောင့်တပ် ဖြစ်သော အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ် ဌာနချုပ်ကိုပါ လက်လွှတ်လိုက်ရချိန်တွင် ပြည်သူ့စစ်အဖွဲ့က လူသစ် ပိုမို ရရှိရန် တွေ့သမျှ အမျိုးသားတိုင်းနီးပါးကို ဖမ်းနေခြင်းဖြစ်သည်ဟု မြို့ခံနှစ်ဦးထံက သိရသည်။
“ဆွဲချင်တဲ့အခါ ထွက်ဆွဲတာ။ ကျွန်တော်က တစ်ခါတလေထွက်ဖြစ်တယ်။ ဖမ်းတာဆီးတာရော၊ တခြားအန္တရာယ်လည်းရှိနိုင်တော့ လိုအပ်မှာပဲ ထွက်တော့တယ်”ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
မြို့ပေါ်တွင်သာမက ၎င်းတို့ ဒေါ်လာ သန်းနှင့်ချီ အကျိုးအမြတ်ရနေသည့် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်များ၌ လုပ်ကိုင်နေသည့် လုပ်သားများကိုပါ လိုက်လံဖမ်းဆီးခံနေရခြင်းဖြစ်သည်ဟု အခြားမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ပြီးခဲ့တဲ့လတုန်းကတည်းက ဖမ်းတာတော့ရှိတယ်။ ကြားထဲမှာတော့ ခဏနားတယ်။ အခုပန်ဝါမှာ (တိုက်ပွဲ)ဖြစ်တော့မှာ ပြန်ဖမ်းနေတာ။ တော်တော်ဆိုးဆိုးပဲ။ ပန်ဝါမြို့ထဲမှာသွားလာနေတဲ့သူတွေကို ကြိုက်ရင်း ဖမ်းသွားတာ။ အလုပ်ဆိုက်(မြေရှားတူးဖော်ရေးလုပ်ကွက်)ထဲမှာလည်း ညဘက်တွေ ဝင်ဖမ်းတယ်”ဟု ၎င်းက ဆိုသည်။ ပြောသည်။
“မြေရှားဆိုက်ထဲက အလုပ်သမားတွေတောင် ညညဆို အဆောင်မှာ မအိပ်ရဲကြဘူး။ တောင်တွေပေါ် သွား, သွားအိပ်နေကြတာ။ ပြည်သူစစ်တွေက နေ့ရော၊ ညရော ကြုံသလိုဝင်ဆွဲနေလို့”
တပ်သားသစ် စုဆောင်းခံရသူတို့မှာ အများဆုံး ၂ ရက်ကြာ စစ်သင်တန်း တက်ရပြီး ရှေ့တန်းထွက် စစ်တိုက်နေရသူများရှိသလို နေ့ချင်းရှေ့တန်းပို့ခံရသူများလည်းရှိနေသည်ဟု မြို့ခံတို့က ပြောသည်။
တိုက်ပွဲများနှင့်အတူ လက်ပမ်းဆက်သွယ်ရေးအခက်အခဲများကြောင့် ပန်ဝါမြို့ခံများနှင့် သတ္တုရှာဖွေရေးလုပ်သား ထောင်နှင့်ချီ ပိတ်မိနေကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း တပ်သားသစ်အဖြစ်ဖမ်းဆီးခံရသူဦးရေ ရာဂဏန်းအနည်းဆုံးရှိနိုင်သည်ဟု မြို့ခံများက ပြောသည်။
ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲကြောင်း အသေးစိတ်အခြေနေကို Myanmar Nowအနေဖြင့် စုံစမ်းနိုင်ခြင်းမရှိသေးပေ။
တိုက်ပွဲများဖြစ်ပွားနေသော်လည်း စစ်တပ်နှင့်ပြည်သူ့စစ်အဖွဲ့တို့၏ ကြီးကြပ်မှုအောက်၌ တူးဖော်နေသည့် မြေရှားသတ္တု ရှာဖွေရေးလုပ်ငန်းများမှာ ဆက်လက်လည်ပတ်နေဆဲဖြစ်ပြီး နေ့စဉ် အလုပ်ခေါ်ယူနေမှုများလည်း ရှိနေကြောင်း မြို့ခံတို့က ပြောသည်။
ချီဖွေ၊ ပန်ဝါမြို့များသည် မြေရှားသတ္တုကို အလွန်အကျွံတူးဖော်ထုတ်လုပ်နေသည့် နယ်မြေများဖြစ်ပြီး တရုတ်နိုင်ငံသည် မြေရှားသတ္တုအများဆုံးတင်ပို့ရသည့်နိုင်ငံဖြစ်သည်။
ချီဖွေနှင့် ပန်ဝါမြိုတို့၌ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင် ၃၀၀ ကျော်ရှိသည်ဟု လန်ဒန်အခြေစိုက် လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သော Global Witness ၏ မေ ၂၃ တွင် ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြေရှားသတ္တုသည် ပြည်သူ့စစ်အဖွဲ့အတွက် အကြီးဆုံးဝင်ငွေရလမ်းကြောင်းတစ်ခုဖြစ်နေသည်၊ ၂၀၂၃ ခုနှစ်တွင် မြေရှားသတ္တုတင်ပို့ရောင်းချမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံအထိ ရှိခဲ့သည်ဟု Global Witness၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြည်သူ့စစ်အဖွဲ့၏ ကြီးကြပ်မှုအောက် တူးဖော်နေသည့် မြေရှားသတ္တုကို တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နှစ်ဆနီးပါး မြင့်တက်လာသည်။ ပြီးခဲ့သည့် ၂၀၂၁ တွင် တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ တန်ချိန် ၁၉,၅၀၀ ရှိခဲ့ပြီး ၂၀၂၃ တွင်မူ တင်ပို့မှုပမာဏမှာ တန်ချိန် လေးသောင်းကျော် (၄၁,၇၀၀) ရှိသည်။
၂၀၂၄ ခုနှစ်တွင်လည်း ဇန်နဝါရီမှ သြဂုတ်အထိ ရှစ်လတာ ကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်တန်ဖိုးရှိသည့် မြန်မာ့မြေရှားသတ္တုတန်ချိန်ပေါင်း ၂၆,၈၉၂ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည် တရုတ် အကောက်အခွန်ဌာနကို ကိုးကား၍ RFAသတင်းဌာနက အောက်တိုဘာ ၄ တွင် ရေးသားထားသည်။