ylliX - Online Advertising Network
မင်းကွန်းတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော ရဲ ၃ ဦး ပစ်သတ်ခံရ - Myanmar Now

မင်းကွန်းတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော ရဲ ၃ ဦး ပစ်သတ်ခံရ – Myanmar Now


စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် စစ်ကောင်စီလက်နက်ကိုင်များ အောက်တိုဘာ ၁၆ ရက်နေ့က ပစ်ခတ်ခံရပြီး ဒုရဲအုပ်များအပါအဝင် ရဲ ၃ ဦး သေဆုံး၊  စစ်သား ၁ ဦး ဒဏ်ရာရသွားသည်ဟု စုံစမ်းသိရှိရသည်။

ယင်းနေ့ နံနက်က မန္တလေးမြို့နှင့် ဧရာဝတီမြစ်တစ်ခုသာခြားသည့် စစ်ကိုင်းမြို့နယ်၊ မင်းကွန်း(တောင်)ရွာ၊ နောင်တော်ကြီးဘုရားအနီး ဆိုင်တွင်  စစ်ကောင်စီလက်နက်ကိုင် ၁၄ ဦးခန့် ရောက်ရှိနေစဉ် တော်လှန်ရေးအဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်ခဲ့ကြသည်။

ဒုရဲအုပ်သက်နိုင်ဌေး၊ ဒုရဲအုပ်ရဲဝင်းထွန်း၊ ဒုတပ်ကြပ်(ရဲ) ဇော်မင်းနိုင်တို့ ပွဲချင်းပြီး သေဆုံးသည်ဟု မင်းကွန်းဒေသခံများက ပြောကြသည်။

“ဖြစ်စဉ်က မှန်တယ်။ ဘယ်အဖွဲ့ကပစ်တာလည်းတော့ မသိဘူး။ ရဲ ၃ ယောက် သေတယ်။ စစ်သား ၁ ဦး ထိတယ်။ သေနတ်နှစ်လက်ရသွားတယ်လို့ပြောတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ညာဘက်နံကြားတွင် ကျည်ထိသွားသည့် တပ်ကြပ်မောင်ဆန်း  ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ပစ်ခတ်မှုအပြီး မိနစ်အနည်းငယ်အကြာ မင်းကွန်းအထိုင်ရဲစခန်းမှ ရဲနှင့်စစ်သားများ ထိုနေရာသို့ ရောက်ရှိလာကာ အနီးဝန်းကျင်ကို ပစ်ခတ်ကြသဖြင့် အရပ်သား ၄ ဦး ဒဏ်ရာရသည်၊  ၂ ဦး စိုးရိမ်ရသဖြင့် မန္တလေးသို့ ပို့ဆောင်ဆေးကုသမှု ခံနေရသည်ဟု ဒေသခံများက ဆိုသည်။ 

ထို့ပြင် ထိုဆိုင်နှင့် ရွာထဲမှ နေအိမ် ၈ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားသည်ဟု သိရသည်။

စစ်တပ်၏ သတင်းထုတ်ပြန်ရေး စာမျက်နှာတွင် ထိုဖြစ်ရပ်အကြောင်း သတင်းဖော်ပြခြင်း မရှိသေးပေ။

စစ်ကောင်စီ ဝါဒဖြင့် အွန်လိုင်း စာမျက်နှာများတွင်  အင်အား ၁၀ ဦးခန့်ပါသည့် PDF အဖွဲ့တစ်ခုက ပစ်ခတ်သဖြင့် မင်းကွန်းဒေသအတွင်း လှည့်ကင်းထွက်လာသည့်   ဒုရဲအုပ် ၂ ဦးနှင့် ရဲ ဒုတပ်ကြပ် တစ်ဦး  သေဆုံးခဲ့သည်ဟု ဖော်ပြထားကြသည်။

သေနတ် ၂ လက်နှင့် ကျည်အတောင့် ၂၀၀ ပါသွားသည်၊  PDF များကို လိုက်လံပစ်ခတ်ရာ အလောင်း တစ်လောင်းနှင့်သေနတ် ၁ လက် ပြန်လည်ရရှိခဲ့သည်ဟု ဆိုသည်။ 

အရပ်သား ၄ ဦး ဒဏ်ရာရခြင်း၊ အဆောက်အဦတချို့ မီးရှို့ခံရခြင်းတို့ကိုမူ ဖော်ပြထားခြင်း မရှိပေ။

ယနေ့ အောက်တိုဘာ ၁၈ မွန်းလွဲအချိန်အထိ မည်သည့် PDF  အဖွဲ့က  ထိုတိုက်ခိုက်မှုကို လုပ်ဆောင်ကြောင်း သတင်းထုတ်ပြန်မှုမရှိသေးပေ။

Mingun PDF က  ၎င်းတို့ လက်ချက်မဟုတ်ကြောင်း၊ နယ်မြေခံတော်လှန်ရေးအဖွဲ့များကို အသိမပေးဘဲ ပြောက်ကျားတိုက်ခိုက်ခဲ့သည့် အဖွဲ့အနေဖြင့် တာဝန်ယူ၊ တာဝန်ခံထုတ်ပြန်ပေးစေလိုကြောင်း ကြေညာ ထားသည်။



တော်လှန်ရေးအဖွဲ့များက လွန်ခဲ့သည့်လ အနည်းငယ်မှစ၍ တိုက်ခိုက်မှုများ ရပ်နားထားသည်၊ တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်  ၎င်းတို့ ခံရသည့် နေရာအနီး  မီးရှို့ခြင်း၊ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့် အမှုများ ကျူးလွန်လေ့ရှိသည်ဟု မင်းကွန်းဒေသ ကာကွယ်ရေးအဖွဲ့အစည်းအချို့က ဆိုသည်။

ထို့ကြောင့် ယခုတိုက်ခိုက်မှုသည် အခြားဒေသမှ တော်လှန်ရေးအဖွဲ့အစည်းက လာရောက် လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း  မှတ်ချက်ပြုသည်။

ယခုနှစ် ဇူလိုင်၂၃ ရက်ကလည်း မင်းကွန်းကျေးရွာ နယ်မြေရဲစခန်းမှ ရဲများ၊ ပျူစောထီးများ ကားတစ်စီး ဖြင့် ကင်းလှည့်စဉ်  ၃ ဦး သေဆုံးပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာမှ နေအိမ် ၃၂ လုံးကို မီးရှို့ ပြီး အရပ်သား ၄၀ ခန့်ကို ဖမ်းဆီးခဲ့သေးသည်။

၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက် မင်းကွန်းဒေသရှိ မင်းကွန်းနယ်မြေရဲစခန်းသည် စစ်ကောင်စီတပ် သားတို့အထိုင်ချရာစစ်စခန်းဖြစ်လာပြီး ဒေသအတွင်း တော်လှန်ရေးအဖွဲ့အစည်းများနှင့် အရပ်သားများ ကိုပါ ဖမ်းဆီးသတ်ဖြတ်ခြင်းတို့လုပ်ဆောင်လေ့ရှိသည်။ 

မြစ်တစ်ဖက်ကမ်းတွင်ရှိသည့် မတ္တရာမြို့နယ် အနောက်ပိုင်း သုံးဆယ်ပေး၊သဖန်းဒေါင့်ကျေးရွာများကို မင်းကွန်းအထိုင်ချရဲစခန်းမှ စစ်ကောင်စီတပ်သားတို့က လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်လေ့ ရှိသည်ဟုသိရသည်။

မင်းကွန်းဒေသသည် စစ်ကိုင်းမြို့၏မြောက်ဘက်ခြမ်း၊ မန္တလေးမြို့၏အနောက်ဘက်တွင် တည်ရှိပြီး မန္တလေးမြို့နှင့်ဧရာဝတီမြစ်သာ ခြားသည်။

ရှေးဟောင်းစေတီပုထိုးများ၊ သမိုင်းဝင်မင်းကွန်းခေါင်းလောင်းတို့ကြောင့် ထိုဒေသသည် ပြည်တွင်းသာမက ပြည်ပခရီးသွားဧည့်သည်များကိုပါ ဆွဲဆောင်ထားနိုင်သည့် ဒေသဖြစ်ကြောင်း စစ်တပ် အာဏာမသိမ်းမီက တွေ့ရသည်။

မင်းကွန်းဒေသရှိ ဧရာဝတီမြစ်ကမ်းနဖူးရှိ ကျေးရွာငယ်များသည် ခရီးသွားဧည့်သည်များကို အမှီပြု လုပ်ကိုင်နေကြသည့် ရွာများဖြစ်သည်။ ယခုအခါ တိုက်ပွဲများ ပတ်လည်ဝိုင်းနေခြင်းကြောင့် ခရီးသွား ရှားပါးလာရာ ဒေသခံတချို့ ကျေးရွာများကို စွန့်ခွာသွားကြသည်ဟု သိရသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *