အင်းတော်ကြီးရေစပ်မှ ကြည့်လျှင် ရေလယ်ရှိ ရွှေမဉ္စူစေတီတော်သည် ရှေးယခင်ကကဲ့သို့ပင် တင့်တယ်စွာ ရှိဆဲ၊ ကြည်ညိုစွာ ဖူးတွေ့ရဆဲပင် ဖြစ်သည်။ သို့သော် စေတီတော်ပတ်လည်ရှိ ရေပြင်သည်မူ များစွာ ပြောင်းလဲသွားခဲ့ပြီ။ စတုရန်းကီလိုမီတာ ၂၆၀ ခန့်ကျယ်သဖြင့် မြန်မာနိုင်ငံ၌ အကြီးဆုံးဖြစ်သည့်အပြင် အရှေ့တောင်အာရှ၏ အကြီးဆုံးရေကန် စာရင်းဝင်သည့် အင်းတော်ကြီးသည် တဖြည်းဖြည်း ကောစပြုလာနေသည်။
ကောရခြင်း အကြောင်းရင်းများအနက် စတုရန်းကီလိုမီတာ ၈၅၀ ခန့်ကျယ်သည့် အင်းတော်ကြီး ရေဝေဒေသရှိ သစ်တောများ ပြုန်းတီးကာ မြေပြိုလာသဖြင့် မြေစာများ အင်းထဲသို့ ဝင်ရောက် အနည်ထိုင်ခြင်းက တစ်ကြောင်းဖြစ်သည်။ တောင်ပြို မြေပြိုမှု များလွန်းသဖြင့် “အင်းထဲသို့ တောင်လိုက်ကြီး ပစ်ထည့်နေသည်နှင့် တူသည်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ထို့ပြင် စက်ယန္တယား ကြီးငယ်များဖြင့် အင်းတော်ကြီး ဝန်းကျင်နှင့် ချောင်းဖျားဒေသများတွင် ရွှေကျင်နေကြသည်မှာ ဆယ်စုနှစ် နှစ်ခုကျော်ခဲ့ပြီ ဖြစ်သည်။ ရွှေကျင်လုပ်ငန်းများမှ ဓာတုပစ္စည်းများနှင့် စွန့်ပစ်မြေများ အင်းထဲသို့စီးဝင်ကာ အင်းရေ တဖြည်းဖြည်း နည်းလာသည်။ ရေနည်းရုံတင်မဟုတ်၊ အင်းရေသည် လွန်စွာ ညစ်ညမ်းလာခဲ့သည်။ ဦးရေ ၃၅၀ဝ၀ ခန့်မျှသော ဒေသခံတို့အတွက် လယ်မြေ ပျက်စီးခြင်း သောက်သုံးရေ ရှားပါးလာခြင်း စသည် တို့ကိုပါ ကြုံတွေ့လာနေရသည်။
အထက်ပါပြဿနာများအပြင် ယခုအခါ အင်းတော်ကြီးသည် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်ဖြစ်သော မိုးနည်းခြင်းဒဏ်ကိုပါ ခံစားလာရသည်။ ၂၀၁၉ ခုနှစ်၌ မိုးရွာသွန်းမူသည် မီလီမီတာ ၁၂၀ဝ ကျော်ခန့်သာ ရှိသဖြင့် ပုံမှန်ထက် များစွာနည်းသည်။ အကျိုးဆက်အနေနှင့် အင်းရေပြင်သည် လွန်ခဲ့သော သုံးနှစ်ကနှင့် စာလျှင် ၂၀၂၀ ပြည့်နှစ်တွင် ဝ ဒသမ ၅၀ မီတာခန့် ကျဆင်းသွားသည်။ ၂၀၂၀ ပြည့်နှစ် ဇွန်လဆန်းတွင် ရွှေမဉ္စူစေတီနှင့် ကမ်းစပ်အကြား၌ သဲသောင်တန်းကြီး ပေါ်လာသည်။ အဆိုပါ သဲသောင်မျိုးသည် မိုးနည်းသည့် နွေနှောင်းကာလတွင် ပေါ်လေ့ရှိသော်လည်း ၂၀၂၃ ခုနှစ်တွင်မူ အရင်နှစ်များကထက် စော၍ မေ ၃၀ ရက်ဝန်းကျင်မှ စတင် ပေါ်ပေါက်ခဲ့သည်။ သဲသောင်ကြောင့် ရွှေမဉ္စူစေတီတော်သို့ ကုန်းကြောင်းသွားရောက်ဖူးမြော်နိုင်သဖြင့် ယင်းကို ဒေသခံတို့က နတ်လမ်း၊ နတ်တို့ ဖန်ဆင်းသောလမ်းဟု ခေါ်သည်။ နတ်လမ်း စောစီးစွာ ပေါ်လာခြင်းသည် အင်းတော်ကြီးကြမ်းပြင်တွင် အနည်ပို့ချမှု များလာသည့်အပြင် မိုးနည်းလာခြင်းကြောင့် ကန်တွင်းရှိ ရေပမာဏ နည်းလာသော လက္ခဏာပင် ဖြစ်သည်။
အင်းလေးကန်
အင်းတော်ကြီးနည်းတူ ရှမ်းပြည်နယ် အင်းလေးကန်၏ အခြေအနေမှာလည်း စိုးရိမ်ဖွယ်ရာ ဖြည်းဖြည်းခြင်း တိမ်ကောလာနေသည်။ ကန်ရေမျက်နှာပြင် အကျယ်အဝန်းသည် ၁၉၃၄ ခုနှစ်တွင် ၂၇၁ စတုရန်း ကီလိုမီတာ ရှိရာမှ ၂၀ဝ၇ ခုနှစ်တွင် ၁၆၃ စတုရန်း ကီလိုမီတာသို့ လျော့ကျသွားသည်။ ကန်ရေ အနက်သည် လေးမီတာမှ ခုနစ်မီတာကြား ရှိသည်ဆိုသော်လည်း ၂၀၁၄ ခုနှစ် မတ်လနှင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကြား၌ တိုင်းတာချက်များအရ ရေအနက်သည် ၂ ဒသမ ၃ မီတာထက် မပိုခဲ့ဟု သိရသည်။ ၁၉၉၀ ပြည့်နှစ်ကတည်းက ကန်ရေပြင်သည် တစ်မီတာခန့် ကျဆင်းသွားခဲ့သည်။ အင်းလေးကန်သည် နှစ်အနည်းငယ်က စတင်ကာ နွေရာသီရောက်တိုင်း ရေသိသာစွာ လျော့နည်းလာနေရာ ၂၀၂၀ ပြည့်နှစ်တွင် ကန်ရေလျော့နည်းမှုသည် အရင်နှစ်များကထက် စောလာသည်။
ထိုကဲ့သို့ အင်းလေးကန် ကောလာခြင်း၏ အကြောင်းများမှာ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း အင်းလေးကန်နှင့် ၄င်း၏ ရေဝေဒေသတွင် လူဦးရေ တိုးတက်လာသည်။ သစ်အလွန်အကျွံခုတ်ယူမှု အပါအဝင် မြေအသုံးချပုံ ပြောင်းလဲခြင်းကြောင့် မြေတိုက်စားပြီး ကန်အတွင်းသို့ စီးဆင်းသော ချောင်းများမှ တဆင့် နုန်းအနည်များ အဆမတန်ဝင်ရောက်လာသည်။ အင်းလေးကန်တွင်းသို့ စီးဝင်နေသော ချောင်းပေါင်း ၂၉ ချောင်းမှ နုန်းများ တစ်နှစ်လျှင် တန်ချိန် ၂၇၀ဝဝဝ ခန့်စီးဝင်နေသည်။ ယင်းဖြစ်စဉ်ကို မတားဆီးနိုင်လျှင် အင်းလေးကန်သည် ဆယ်စုနှစ်အနည်းငယ်အတွင်း ကောသွားနိုင်သည့် အန္တရာယ် ရှိနေသည်။
ကန်ရေပမာဏသာမက ကန်ရေ၏ အရည်အသွေးလည်း ပျက်စီးလာနေသည်။ တိုးပွားလာသော ကျွန်းမျော စိုက်ခင်းများတွင် သုံးစွဲသည့် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ အပါအဝင် ရေထုညစ်ညမ်းမှုကို ခံစားနေရသည်။ ကျွန်းမျောများ တိုးပွားလာမှုကြောင့် ကန်ရေပြင်ဧရိယာသည် ၁၉၃၅ ခုနှစ်ကနှင့် စာလျှင် သုံးပုံတစ်ပုံမျှ လျော့နည်းသွားသည်။ ကန်ဝန်းကျင်ရှိ ကျေးရွာ ၄၅ ရွာမှ လူဦးရေ တစ်သိန်းခန့်သည် အင်းလေးကန် ကောလာနေခြင်း၊ ရေအရည်အသွေး ကျဆင်းခြင်းတို့ကို ခံစားနေကြရသည်။
အင်းတော်ကြီးနှင့် အင်းလေးကန်များ ရေနည်းလာခြင်းသည် သီးခြားဖြစ်စဉ်မဟုတ်ဘဲ ကမ္ဘာ့အခြားဒေသများရှိ ရေကန်ကြီးများ ခန်းခြောက်လာသည်နှင့်တစ်ချိန်တည်း ပေါ်ပေါက်နေသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ရေအသုံးလွန်ကဲမှု၊ ခြောက်သွေ့သောရာသီဥတုနှင့် ညစ်ညမ်းမှုတို့သည် ကမ္ဘာ့ကန်ကြီး အများအပြားကို ခန်းခြောက်အောင်၊ ရေအရည်အသွေး ကျဆင်းအောင် ဖန်တီးလျက်ရှိသည်။
တရုတ်နိုင်ငံ ပိုယန်းကန်
တရုတ်နိုင်ငံ၏ အကြီးဆုံးရေချိုအိုင် ဖြစ်သော ပိုယန်းကန်သည် ယန်စီမြစ်နှင့် ဆက်စပ်တည်ရှိပြီး မိုးရာသီ ယန်စီမြစ်ရေ အဝင်များသောအခါ ကန်ရေပြင် ကျယ်လာလိုက်၊ နွေအခါ ကန်ရေပြင် ကျုံ့ဝင်သွားလိုက်နှင့် အကျယ်အဝန်း ပြောင်းလဲနေသောကန် ဖြစ်သည်။ ပျမ်းမျှအကျယ်အဝန်း စတုရန်း ကီလိုမီတာ ၃၀ဝ၀ ခန့် ရှိသည့် ပိုယန်းကန်သည် ဒေသခံတို့၏ သောက်သုံးရေ စိုက်ပျိုးရေ ဇာစ်မြစ်ဖြစ်ရုံမက ဂေဟစနစ် ကောင်းမွန်သဖြင့် ငှက်အများအပြား လာရောက်ကျက်စားသည်။ ၂၀၁၁ ခုနှစ်က ယင်းရေကန်၏ အထက်ပိုင်း ဒေသများတွင် ကြာမြင့်စွာ မိုးခေါင်ပြီး ရွာသောမိုးရေချိန်သည် ပျမ်းမျှထက် ၂၁ ရာခိုင်နှုန်း လျော့နည်းသဖြင့် ကန်ထဲသို့ စီးဝင်သော မြစ်ငါးစင်းတို့၏ ရေစီးလည်း လျော့နည်းခဲ့သည်။ မိုးနည်းသော အခြေအနေကို ကန်၏အချို့အစိတ်အပိုင်းများအား မြေဖို့ လုပ်ကိုင်နေသော ဆောက်လုပ်ရေး လုပ်ငန်းများက ပို၍ ဆိုးရွားစေသဖြင့် ကန်သည် အချို့နေရာများ၌ အိုင်ငယ်ကလေးများအဖြစ်သို့ အစိတ်စိတ် ကွဲထွက်ခဲ့သည်။ တဖန် ခြောက်သွေ့ရာသီဖြစ်သည့် ၂၀၁၉ ဒီဇင်ဘာက နှစ် ၆၀ အတွင်း ရေအနိမ့်ဆုံး အခြေအနေသို့ ရောက်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင်လည်း ပိုယန်းကန်ဒေသ၌ နှစ်ပေါင်း ၇၀ ခန့်အတွင်း အဆိုးရွားဆုံး မိုးခေါင်ခြင်းနှင့် ကြုံတွေခဲ့ခြင်း၊ ဒေသအပူချိန် စံတင်လောက်အောင် မြင့်တက်ခဲ့ခြင်းတို့ကြောင့် ရေငွေ့ပြန်ပမာဏ များလွန်းကာ ကန်ရေပြင်၏ ဧရိယာသည် ပျမ်းမျှအကျယ်အဝန်း၏ ၁၀ ပုံ ၁ ပုံမျှသာ ကျန်တော့သည်။ ပိုယန်းကန်ကြီးသည် ကန်နှင့်မတူတော့ဘဲ ချောင်းငယ်များ စုနေသည်နှင့် တူသွားသည်။ မြေအသုံးချပုံပြောင်းလဲမှု၊ မြစ်အထက်ပိုင်း၌ ချိုင့်ဝှမ်းသုံးသွယ် ရေလှောင်တမံ အပါအဝင် ရေလှောင်တမံများ တည်ဆောက်မှု၊ သဲထုတ်ယူမှု၊ မိုးခေါင်မှုတို့ကြောင့် ရေကန်ကြီး ခန်းလာခြင်းဖြစ်သည်။
အာဖရိကတိုက် ချဒ်ကန်
ဆဟာရသဲကန္တာရတောင်ပိုင်းတွင် ကပ်လျက် တည်ရှိသည့် ချဒ်ကန်သည် ကမ္ဘာပေါ်တွင် ဆဋ္ဌမအကြီးဆုံး ရေအိုင် ဖြစ်ခဲ့သည်။ ၁၉၆၃ ခုနှစ် တိုင်းတာချက်များအရ ချဒ်ကန်၏ အကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ ၂၅၀ဝ၀ ခန့် ရှိခဲ့သည်။ ချဒ်ကန်သည် ပတ်ဝန်းကျင်နိုင်ငံများ ဖြစ်ကြသည့် နိုင်ဂျီးရီးယား၊ နိုင်ဂျာ၊ ချဒ်နှင့် ကင်မရွန်းနိုင်ငံတို့ရှိ လူဦးရေသန်း ၃၀ ခန့်၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်းများအတွက် မှီခိုအားထားရာ ဖြစ်သည့်အပြင် ကန်ပတ်ဝန်းကျင်တွင် တောရိုင်းတိရစ္ဆာန်များလည်း အနှံ့အပြားရှိခဲ့သည်။ ရေကန်ဝန်းကျင်တွင် မိုးခေါင်၍ ရာသီဥတု ခြောက်သွေ့လာခဲ့သည့်အပြင် တိုးတက်လာနေသော လူဦးရေနှင့် စိုက်ပျိုးအတွက် ကန်ထဲသို့ ဝင်နေသောရေကို ဆည်မြောင်း စီမံကိန်းများဖြင့် ကြားမှဖြတ်၍ ယူကြသည့်အတွက် ချဒ်ရေကန်သည် ယခုအခါ စတုရန်းကီလိုမီတာ ၁၃၅၀ မျှသာကျန်တော့သည်။ ကန်ဝန်းကျင်ဒေသအတွက် သောက်သုံးရေ၊ စိုက်ပျိုးရေ အခက်တွေ့ပြီး မြေဆီလွှာ ပျက်စီးကာ သီးနှံအထွက် ကျဆင်းခြင်း၊ ငါးဖမ်းလုပ်ငန်း ပျောက်ကွယ်ခြင်းတို့ကြောင့် ဆင်းရဲမွဲတေမှု မြင့်မားလာသည်။
ဘိုလစ်ဗီးယားနိုင်ငံ ပူးပိုကန်
တောင်အမေရိကတိုက် ဘိုလစ်ဗီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံး ပူးပိုကန်ရေကို အမှီပြု၍ ဒေသခံတို့၏ ရေလုပ်ငန်း ကောင်းစွာဖြစ်ထွန်းသည်။ ပူးပိုကန်သည် ရေပျော်ငှက်များ လာရောက်ကျက်စားကြခြင်း အပါအဝင် ဂေဟစနစ် ထိန်းသိမ်းရေး၌ အရေးပါသည့်အတွက် နိုင်ငံတကာတွင် ကျော်ကြားသော ရမ်ဆာ ရေဝပ်ဒေသ ကွန်ဗင်းရှင်းအောက်၌ ထည့်သွင်း အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။ ကန်ရေပြင်အကျယ် စတုရန်း ကီလိုမီတာ ၃၀ဝ၀ ခန့် ရှိခဲ့သည့် ပူးပိုကန်ရေဖြင့် စိုက်ပျိုးရေး လုပ်ကိုင်ကြသည့်အပြင် သတ္တု တူးဖော်ရေး လုပ်ငန်းများသည်လည်း ပူးပိုကန်ရေကိုပင် သုံးစွဲကြသည်။ ကန်ရေထုတ်ယူသုံးစွဲမှု များလွန်းသည့်အပြင် ဒေသတွင်း မိုးခေါင်ခြင်းကြောင့် ပူးပိုကန်ရေ တဖြည်းဖြည်း ခန်းလာခဲ့သည်။ ထို့ပြင် ပူးပိုကန်သည် ပျမ်းမျှ သုံးမီတာသာနက်သဖြင့် ရေတိမ်သည်က တစ်ကြောင်း၊ ဒေသတွင်း အပူချိန် မြင့်တက်သဖြင့် ရေငွေ့ပြန်မှု များလွန်းသည်က တစ်ကြောင်းတို့ကြောင့် ၂၀၁၅ ခုနှစ်အကုန်တွင် ပူးပိုကန်ထဲရှိ ရေပြင် ပျောက်ကွယ်လုနီးနီး ဖြစ်သွားခဲ့သည်။
ရေလျော့နည်းခန်းခြောက်သော ကုန်းတွင်းပင်လယ်အချို့
ရေကန်များခန်းခြောက်မှုသည် သာမန်ရေကန်များသာမက ဧရိယာကျယ်ဝန်းလှသဖြင့် ကုန်းတွင်းပင်လယ်ဟု တင်စားခေါ်ဝေါ်သော ကန်အချို့ကိုပါ သက်ရောက်နေသည်။ ဥပမာ – ရေပြင်ဧရိယာ စတုရန်းမီတာ ၃၇၀ဝဝဝ ကျော် ရှိသဖြင့် အင်းတော်ကြီးထက် အဆ ၃၀ဝ၀ ကျော် ကျယ်ဝန်းသော ကမ္ဘာ့အကြီးဆုံး ရေကန် ကက်စပီယန်ကုန်းတွင်းပင်လယ်သည် ရေထုတ်ယူသုံးစွဲမှု များခြင်း၊ ကန်ဝန်းကျင်တွင် မိုးနည်းခြင်း၊ ရာသီဥတုပူပြင်း၍ ရေငွေ့ပြန်မှု များခြင်းတို့ကြောင့် ယခုအခါ ရေပြင်ဧရိယာ စတုရန်းကီလိုမီတာ ၂၂၀ဝ၀ ခန့် လျော့နည်းသွားသည်။
ကက်စပီယန်ထက် ပိုမိုဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်နေရသည်မှာ အာရယ်လ်ကုန်းတွင်းပင်လယ် ဖြစ်သည်။ အာရယ်လ်ပင်လယ်သည် စတုရန်းကီလိုမီတာ ၆၈၀ဝ၀ ခန့်ရှိပြီး ရေမျက်နှာပြင် ဧရိယာအားဖြင့် ကမ္ဘာ့စတုတ္ထအကြီးဆုံး ရေကန်ကြီး ဖြစ်ခဲ့သည်။ အာရယ်လ်ပင်လယ်ထဲသို့ အာမူဒါရီယာနှင့် ဆီရ်ဒါရီယာအမည်ရှိ အဓိကမြစ်ကြီးနှစ်စင်းမှ ရေများ စီးဝင်သည်။ အာမူဒါရီယာမြစ်သည် ဆီးနှင်းဖုံး ဟိန္ဒူကွတ်ရှ်တောင်တန်းမှ စတင်မြစ်ဖျားခံကာ အာရှအလယ်ပိုင်း မြက်ခင်းပြင်တစ်လျှောက် ကီလိုမီတာ ၂၄၀ဝ မျှ ဖြတ်စီးခဲ့ပြီး အာရယ်လ်ပင်လယ် တောင်ဘက်သို့ စီးဝင်သည်။ ဆီရ်ဒါရီယာမြစ်သည် အေရယ်လ်ပင်လယ်၏ မြောက်ဘက်သို့ စီးဝင်သည်။
ထိုစဉ်က မပြိုကွဲသေးသည့် ဆိုဗီယက်ယူနီယံအတွင်း၌ တည်ရှိခဲ့သော အာရယ်လ်ပင်လယ်ဝန်းကျင်နေ ဒေသခံတို့သည် ၁၉၆၀ ပြည့်နှစ်များ၏ အစပိုင်းအထိ တံငါလုပ်ငန်း၊ စည်သွတ်ဘူးလုပ်ငန်းစသည့် ရေနှင့် ဆက်စပ်သော အလုပ်အကိုင် များစွာရရှိခဲ့သည်။ ဒေသတွင်း မြို့ရွာတို့သည် စည်ပင်ခဲ့သည်။ ဆိုဗီယက် ယူနီယံအုပ်ချုပ်သူတို့သည် ၁၉၆၀ ပြည့်နှစ်အလွန်မှစ၍ အာရယ်လ်ဝန်းကျင် ဒေသများ၌ ဝါအကြီးအကျယ် စိုက်ရန် အာရယ်လ်ထဲသို့စီးဝင်သောမြစ်ရေများကို စိုက်ခင်းများထဲသို့ လွှဲပြောင်းရယူခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် စိုက်ခင်းဟက်တာပေါင်း သုံးသန်းကျော်ကို ပေးဝေနိုင်ရန် အာမူဒါရီယာနှင့် ဆီရ်ဒါရီယာ မြစ်ရေများကို တစ်နှစ်လျှင် ကုဗကီလိုမီတာ ၁၁၀ ကျော်အထိ စုပ်ယူခဲ့သည်။ ရေစုပ်ယူမှုကြောင့် အာမူဒါရီယာမြစ်ရေစီး သည် ငါးပုံတစ်ပုံမျှသာကျန်သည်အထိ လျော့ကျသွားခဲ့သော်လည်း ဆိုဗီယက်တို့သည် ယင်းကိုဂရုမစိုက်ဘဲ ၁၉၆၅ ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်အတွင်း စိုက်ပျိုးဧရိယာ နှစ်ဆမျှ တိုးချဲ့ခဲ့ပြန်သည်။ ၁၉၈၀ ပြည့်နှစ်တွင် အာရယ်လ်ပင်လယ်ဝန်းကျင်မြေပြင်၏ ၈၅ ရာခိုင်နှုန်းသည် ဝါစိုက်ခင်းများ ဖြစ်သွားသည်။ ဆိုဗီယက်တို့သည် ဝါခင်းကြီးများကို ဆိုရှယ်လစ်စနစ် အောင်မြင်မှု၏ ပြယုဂ်အဖြစ် ဂုဏ်ယူဝင့်ကြွားခဲ့ကြသည်။
သို့သော် ယင်းအောင်မြင်မှုသည် ရေတိုသာဖြစ်၍ ဒေသတွင်း အိပ်မက်ဆိုးကြီး၏ နိဒါန်းဖြစ်ကြောင်း ဆိုဗီယက်နှင့်ဒေသခံတို့ မသိခဲ့ကြချေ။ ရေအရင်းအမြစ်ကို စနစ်ကျသောစီမံခန့်ခွဲမှုဖြင့် အသုံးချရကောင်းမှန်း မသိခဲ့ကြ၊ မြစ်ရေအလွန်အကျွံထုတ်ယူခြင်း၏ ရေရှည်ဆိုးကျိုးများကို မမှန်းဆတတ်ခဲ့ကြချေ။
ပင်လယ်နှစ်ပိုင်းကွဲ
မြစ်ရေများကို အလုံးအရင်းနှင့် ကာလရှည်ကြာထုတ်ယူသောအခါ အာရယ်လ်ပင်လယ်ထဲသို့ ရေအဝင် သိသာစွာနည်းသွားပြီး ဧရာမရေပြင်ကြီး ကျုံ့ဝင်သွားသည်။ ပင်လယ်၏အလယ်ပိုင်းတွင် ကုန်းရိုးတစ်ခု ပေါ်လာကာ ပင်လယ်သည် မြောက်ပိုင်းနှင့် တောင်ပိုင်း နှစ်ပိုင်းကွဲသွားသည်။ ၁၉၈၅ ခုနှစ်ဝန်းကျင်ခန့်တွင် အေရယ်လ်ရေပြင် အကျယ်သည် မူလ၏ထက်ဝက်ခန့်သာ ကျန်တော့သည်။ ငါးဖမ်းရမိမှု သိသာစွာ ကျဆင်းလာသည်။ ပင်လယ်ထဲသို့ ရေအဝင်နည်းလာသည့် အတွက် လက်ကျန်ရေတွင် ဆားပါဝင်မှုသုံးဆမျှ မြင့်တက်လာသည်။
ယင်းသို့ယိုယွင်းလာပါလျက် မြစ်ရေထုတ်သုံးမှုကို မလျှော့ကြချေ။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် စိုက်ပျိုးမြေ ဧကကို ၁၂ ရာခိုင်နှုန်းတိုးချဲ့ကာ မြစ်ရေများကိုတိုး၍ စုပ်ယူပြန်သည်။ ပင်လယ်ကြီးသည် နှစ်ပိုင်းကွဲနေရာမှ ရေအိုင်ငယ်များအဖြစ်သို့ အစိတ်စိတ်ထပ်ကွဲသွားသည်။ အိုင်ငယ်ကလေးများရှိ စုစုပေါင်း ရေပမာဏသည် မူလအေရယ်လ်ပင်လယ်ရှိပမာဏ၏ ရှစ်ပုံတစ်ပုံသာ ကျန်တော့သည်အထိ အခြေအနေ ဆိုးသွားသည်။
ရေမျက်နှာပြင်ဆုတ်သွား၍ ကမ်းစပ်မြို့များသည် ရေပြင်နှင့် မိုင်ပေါင်းများစွာဝေးသွားသည်။ မိုးခေါင်သော ကာလများတွင် ရေအငွေ့ပြန်မှုများသဖြင့် မူလကပင်လယ်ကြမ်းပြင်သည် ကန္တာရကြီးများဘဝသို့ ရောက်သွား သည်။ ရေမရှိ၍ ပေါ်လာသောမြေပြင်ကြီးတွင် ဆား၊ စိုက်ခင်းများမှထွက်လာသော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး အြွကင်းအကျန်များသည် လေပြင်းတိုက်တိုင်း ဖုန်မှုန့်များနှင့်အတူ ဒေသတွင်းသို့ ပျံ့နှံ့ရောက်ရှိကြသည်။ ဓာတ်ဆားအမျိုးမျိုး ရောနေသော ဖုန်မှုန့်များကို ရှူမိသဖြင့် လည်ချောင်း ကင်ဆာ၊ အသက်ရှူလမ်းကြောင်း ရောဂါအများအပြား ဖြစ်ပွားသည်။ တစ်ချိန်က ငါးပေါသောဒေသတွင် ငါးမစားရ၍ အာဟာရနည်းလာကြသည်။ ကလေးသေပျောက်နှုန်းသည် ၁၀ဝ၀ တွင် ၆၀ မျှအထိ မြင့်မားသည်။ အပူအအေး မျှတအောင် ထိန်းညှိပေးနေသည့်ရေပြင်ကြီး ခန်းသလောက် ဖြစ်သွားသောအခါ ဒေသတွင်း၌ နွေအခါ အပူလွန်လာပြီး ဆောင်းအခါ အအေးပိုလာသည်။ ယင်းဖြစ်ရပ်ကို ကုလသမဂ္ဂက ၂၀ ရာစုနှစ်၏ အကြီးမားဆုံးသော သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဟု ပြောဆိုခဲ့သည်။
အာရယ်လ်ပင်လယ်ကြီး ဆုတ်ယုတ်သွားချိန်တွင် ယင်းဖြစ်စဉ်ကို ဖန်တီးခဲ့သော ဆိုဗီယက်ယူနီယံလည်း ၁၉၉၁ ခုနှစ်တွင် ပြိုကွဲသွားသည်။ ဆိုဗီယက်ယူနီယံ၏ ပြည်နယ်အဆင့် နယ်မြေများသည် နိုင်ငံငယ်များ အဖြစ် ပေါ်ထွန်းလာရာ ယင်းတို့ထဲတွင် ကာဇက်စတန်နိုင်ငံလည်း ပါသည်။ ကာဇက်စတန်အစိုးရသည် ရေလှောင်တမံတစ်ခုဖြင့် ဆီရ်ဒါရီယာမြစ်ရေများကို မြောက်ပိုင်းမှ တောင်ပိုင်းသို့ ရောက်မသွားရန် စီမံသည်။ ယင်းစီမံချက်ကြောင့် ၂၀၂၂ ခုနှစ်က မြောက်ပိုင်းအာရယ်လ်ပင်လယ်သို့ ရေကုဗမီတာ ၈၁၆ သန်း ဝင်ရောက်ခဲ့ပြီး ဆက်လက်၍ ပိုမိုဝင်ရောက်နေသည်။ မြောက်ပိုင်းအာရယ်လ်ပင်လယ်သည် အနိမ့်ဆုံး အချိန်ကထက် ၂၀ ရာခိုင်နှုန်းမျှ ပို၍ကျယ်ပြန့်လာသည်။ မြောက်ပိုင်း ပြန်လည်အသက်ဝင်လာသော်လည်း အာရယ်လ်ပင်လယ်၏ အခြားအပိုင်းများသည်မူ မည်သည့်အခါမျှ ပင်ကိုရေပမာဏကို ပြန်မရနိုင်တော့ဟု ယူဆရသည်။ ရေရှည်ကို မတွက်ဘဲ ရေတိုအကျိုးကိုသာ ကြည့်ခဲ့ကြသော ဆိုဗီယက်တို့၏ ဆိုးမွေကို အာရယ်လ်ပင်လယ်ဝန်းကျင် နိုင်ငံသားများ ခါးစည်း၍ ခံနေကြရသည်။
ကန်ကို ရေပြန်ဖြည့်ခြင်း
အင်းတော်ကြီး၊ အင်းလေးမှ စကာ အာရယ်လ်ပင်လယ်အထိ ရေကန်များသည် လူတို့၏ လုပ်ဆောင်ကြောင့် ရော၊ သဘာဝအကြောင်းကြောင့်ပါ ရေထုထည် သိသာစွာလျော့နည်းလာ၊ ခန်းခြောက်လာချိန်တွင် လူတို့၏ အားထုတ်မှုကြောင့်ပင် တဖန်ပြန်ပြည့်လာသော ကန်အနည်းငယ်လည်း ရှိသည်။ ယင်းတို့ထဲမှ တစ်ခုသည် အစ္စရေးနိုင်ငံရှိ ဂါးလာလီပင်လယ် ဖြစ်သည်။
ရေပြည့်ချိန်၌ ရေမျက်နှာပြင်ဧရိယာ ၁၆၇ စတုရန်းကီလိုမီတာ၊ အနက်ဆုံးအပိုင်းတွင် ၄၃ မီတာ၊ ရေထုထည် ကုဗမီတာသန်း ၄၀ဝ၀ မျှရှိသော ဂါးလာလီရေကန်သည် လွန်ခဲ့သောနှစ်ပေါင်း ၄၀ ခန့်က စ၍ ထုတ်ယူသုံးစွဲမှု များလွန်းသဖြင့် ရေလျော့နည်းလာခဲ့သည်။ အစ္စရေးနိုင်ငံက ပြည်တွင်း ရေလိုအပ်ချက် အတွက် ဂါးလာလီရေကန်မှ တစ်နှစ်လျှင် ရေကုဗမီတာသန်း ၄၀ဝ ခန့် ထုတ်ယူ သုံးစွဲခဲ့သည့်အပြင် ငြိမ်းချမ်းရေး သဘောတူညီချက်အရ ဂျော်ဒန်နိုင်ငံသို့လည်း တစ်နှစ် ရေကုဗမီတာသန်း ၅၀ ခန့် ပေးပို့နေရာ ၂၀၁၈ ခုနှစ်ခန့်က ဒေသတွင်းမိုးခေါင်ကာလ ရှည်ကြာသည့်အချိန်တွင် ရေအနည်းဆုံး အမှတ်သို့ ရောက်ခဲ့သည်။ မြင့်တက်လာသော အပူချိန်ကြောင့် ရေငွေ့ပြန်ပမာဏ တစ်နှစ်လျှင် ကုဗမီတာသန်း ၂၄၀ ခန့်အထိ များလာမှုကလည်း ကန်ရေ လျော့နည်းရခြင်း အကြောင်းတစ်ခု ဖြစ်သည်။
ယင်းပြဿနာကို ဖြေရှင်းရန် အစ္စရေးသည် မြေထဲပင်လယ်ရေကို ရေချိုချက်လုပ်ကာ ၁၃ ကီလိုမီတာ ရှည်သည့် ပိုက်လိုင်းစနစ်ကို အမေရိကန်ဒေါ်လာ ၂၆၄ သန်းခန့် အကုန်အကျခံ ဆောက်လုပ်ပြီး ဂါးလာလီ ရေကန်ထဲသို့ ၂၀၂၃ ခုနှစ်မှစတင်၍ ပြန်ဖြည့်ပေးနေသည်။ ယင်းနည်းဖြင့် ဖြည့်သွင်းနေသော ရေပမာဏ သည် တစ်နှစ်လျှင် ကုဗမီတာ သန်း ၁၂၀ ခန့်မျှ ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် အစ္စရေး ပြည်တွင်းသုံးရေ လောက်ငရုံမျှမက ပိုလျှံသည်အထိပါ ဖြစ်သွားသည်။ ဂျော်ဒန်သို့ ဂါးလာလီရေ တစ်နှစ် ကုဗမီတာသန်း ၅၀ ပို့နေရာမှ ကုဗမီတာသန်း ၁၀ဝ အထိ တိုးမြှင့် တင်ပို့နိုင်သည်။ မကြာမီ ကုဗမီတာ သန်း ၂၀ဝ အထိ တင်ပို့ရန် လုပ်ဆောင်နေသည်။
ဂါးလာလီရေကန်၏ တောင်ဘက်ရှိ ပင်လယ်သေသည်လည်း ဂါးလာလီနည်းတူ ရေလျော့နည်းလာခဲ့သည်မှာ လွန်ခဲ့သည့် နှစ်တစ်ရာနီးပါးခန့်က ရေပြင်အကျယ် ၁၀၅၀ စတုရန်းကီလိုမီတာ ရှိခဲ့ရာမှ ယခုအခါ စတုရန်း ကီလိုမီတာ ၆၀ဝ ခန့်သာ ကျန်တော့သည်။ ဂါးလာလီရေကန်ကို ဖြည့်သည့်နည်းအတိုင်း ပင်လယ်သေကို ပြန်ဖြည့်ရန် စီမံခဲ့ဖူးသည်။ ပင်လယ်သေ၏ အနောက်တောင်ယွန်းယွန်းရှိ ပင်လယ်နီမှ ရေများကို ရေချိုအဖြစ် ပြောင်းလဲချက်လုပ်ကာ ပင်လယ်သေထဲသို့ ပေးပို့ဖြည့်သွင်းရန် စီမံကိန်းသည် နည်းပညာအရ အခက်အခဲ မရှိသော်လည်း ဒေသတွင်းနိုင်ငံရေးအခြေအနေ မတည်ငြိမ်ခြင်းနှင့် ကုန်ကျစရိတ်များခြင်း တို့ကြောင့် ယနေ့တိုင် အကောင်အထည်မပေါ်သေးချေ။ တချိန်တွင်တော့ ဖြစ်မြောက်လာနိုင်သော အလားအလာ ကျန်နေသေးသည်။
”ဆေးမီ”သေးသည့် အင်းတော်ကြီးနှင့် အင်းလေး
ရေကန်များ၌ ရေလျော့နည်းလာ၊ ခန်းခြောက်လာနေခြင်း၌ မြန်မာနိုင်ငံ အင်းတော်ကြီး အကျယ်အဝန်း၏ သုံးပုံနှစ်ပုံခန့် ရှိသည့် ဂါးလာလီကဲ့သို့သော ကန်များကို ရေချို ဖြည့် သွင်းခြင်းဖြင့် ကယ်တင်နိုင်ပြီး အင်းတော်ကြီး အင်းလေး စသော ကန်များကို လူတို့၏ မဆင်မခြင် လုပ်ဆောင်မှုများကို တားဆီးခြင်းဖြင့် မူလအခြေအနေသို့ ပြန်ရောက် အောင် စွမ်းဆောင်နိုင်သေးသည်။ အင်းတော်ကြီးနှင့် အင်းလေးတို့၏ ဖြစ်စဉ်များတွင် ပိုယန်း ကန်၊ ချဒ်ကန်၊ ပူးပိုကန်စသည် တို့ကို သင်ခန်းစာယူပြီး ကန်များ ကောသွားလျှင် ဖြစ်လာနိုင်သော ကြီးမားပြင်းထန်သည့် ဒေသတွင်း ဆိုးကျိုးများကို ဒေသခံတို့သာမက ဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရအဆင့်ဆင့်ကပါ နက်နက်နဲနဲ သဘောပေါက်၍ လုပ်ဆောင်သင့်သည်တို့ကို အမြန်ဆုံး အကောင်အထည် ဖော်သင့်သည်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီရလျှင် ပို၍ ထိရောက်မြန်ဆန်မည်။ အင်းတော်ကြီးနှင့် အင်းလေးတို့ကို ကယ်တင်လျှင် ရနိုင်သေးသည်။
သို့သော် အင်းတော်ကြီးထက် ၁၀ ဆ ကျော် ပိုကျယ်သော ပိုယန်းကန်မှ စကာ အင်းတော်ကြီးထက် အဆ ၁၄ဝ၀ ကျော် ကျယ်ဝန်းသဖြင့် ကုန်းတွင်းပင်လယ်ဟု တင်စား ခေါ်ဝေါ်သည့် ကက်စပီယန်နှင့် အာရယ်လ်အဆုံး ”ကမ်းမမြင်” လောက်အောင် ကျယ်ဝန်းခဲ့သော ရေကန်ကြီးများ ရေပြန်ပြည့်လာရေး အလားအလာသည် ”လမ်းမမြင်”ရသည့် အခြေ အနေတွင် ရှိနေသည်။