စက်တင်ဘာလမှစတင်ကာ နေပြည်တော်မှ ဌာနဆိုင်ရာ ဝန်ထမ်းများကို ရုရှားပြန် အသက် ၄၀ ကျော် စစ်အရာရှိများက ရုရှားဘာသာစကား သုံးလကြာ သင်တန်းပေးနေသည်ဟု သိရသည်။
ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန၊ ဥပဒေရေးရာ ဝန်ကြီးဌာနတို့မှ အရာရှိများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်ဟု ဆိုသည်။
၂ နာရီကြာသည့် သင်တန်းများကို တစ်ပတ်လျှင် ၅ ရက် တက်ရသည်၊ ဌာနတစ်ခုလျှင် လူဦးရေ ၅၀ ခန့် တက်ရောက်ရလေ့ရှိသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦးက ဆိုသည်။
“ပထမ ရုရှားစကားကိုစသင်တာ ဟိုတယ်နဲ့ခရီးသွား။ ပြီးတော့ ခု ဥပဒေရေးရာဝန်ကြီးဌာနကို ထပ်သင်တာ၊ အခြားဝန်ကြီးဌာနတွေလည်း ထပ်သင်ဖို့ ချိတ်နေတယ်” ဟု သူက ပြောသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်တို့ ပူးပေါင်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့၏ဝန်ထမ်းများကို အင်္ဂလိပ်၊ တရုတ်၊ ပြင်သစ်၊ ရုရှား၊ စပိန် ဘာသာစကားသင်တန်းများ စတင်ပို့ချခဲ့သည်။
ထို့နောက် နေပြည်တော်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှဝန်ထမ်းများ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများကိုလည်း ရုရှားဘာသာစကား သင်ကြားပေးရန် စီစဉ်နေသည်ဟု သိရသည်။
အစိုးရအဆက်ဆက် အင်္ဂလိပ်ဘာသာစကားကို ဝန်ကြီးဌာနအချို့မှ အရာရှိများက ဝန်ထမ်းများကို ရံဖန်ရံခါ ခြောက်လကြာထိ သင်ကြားပေးလေ့ရှိသည်ဟု လုပ်သက် ၁၀နှစ်ကျော်ရှိသူ ဝန်ထမ်းတစ်ဦးက ဆိုသည်။
ယခု ရုရှားဘာသာစကား သင်တန်းကို နေပြည်တော်နေ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ထမ်းများကို ပြီးခဲ့သည့် ဩဂုတ်လမှစတင်သင်ကြားခဲ့ပြီး၊ မကြာမီ ဥပဒေရေးရာဝန်ကြီးဌာန ဝန်ထမ်းများကို ဆက်လက်သင်ကြားစေမည်ဟု သူက ဆက်ပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်သည် ရုရှားနိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်ပြီး မြန်မာနိုင်ငံတွင် နျူကလီးယား စွမ်းအင်သုံး အသေးစားဓာတ်ပေးရုံ တည်ဆောက်ရန် နှစ်နိုင်ငံ သဘောတူထားသည်။
နိုင်ငံတကာအသိုင်းအဝိုင်း၏ လျစ်လျူရှုမှုကို ခံထားရသည့် အာဏာသိမ်း စစ်ခေါင်းဆောင်သည် ရုရှားနိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ခဲ့သည်။
ရုရှားသည် တရုတ်ကဲ့သို့ နိုင်ငံတကာစင်မြင့်တွင် စစ်ကောင်စီကို အကာကွယ်ပေးနေသည့် နိုင်ငံလည်းဖြစ်သည်။
မိတ်ဆွေနည်းပါးသည့် အာဏာသိမ်းစစ်ခေါင်းဆောင်ကလည်း ရုရှားသမ္မတပူတင်ကို ကမ္ဘာ့ခေါင်းဆောင်ကြီးဟု အမွမ်းတင်ပြောဆိုခဲ့ဖူးသည်။
စစ်တပ်၏ နိုင်ငံရေးပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီကလည်း နယ်မြေများ ဆုံးရှုံးနေပြီး စစ်အင်အားချိနဲ့နေသည့် စစ်ကောင်စီကို ရှရှားနိုင်ငံက စစ်ကူပေးရန် ရုရှားနိုင်ငံပိုင် သတင်းဌာနသို့ ပြောဆိုထားသည်။
ပြည်တွင်းပဋိပက္ခများကြောင့် တရုတ်နိုင်ငံအပါအဝင်၊ အနောက်နိုင်ငံများမှ ခရီးသွားများ မြန်မာနိုင်ငံသို့ ခြေဦးမလှည့်တော့အချိန်တွင် ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်ရန် စစ်ကောင်စီက ဖိတ်ခေါ်ထားသည်။
ဝန်ထမ်းများကို ရုရှားစကား သင်တန်းမပေးမီ ရုရှားနိုင်ငံသားများ တည်းခိုလေ့ရှိသည့် နေပြည်တော်ရှိ ဟိုတယ်ဝန်ထမ်းများကို ရုရှားဘာသာစကား သင်ကြားပေးပြီး ဖြစ်သည်ဟုလည်း သိရသည်။
စစ်ကောင်စီသည် ၂၀၂၁ အာဏာသိမ်းပြီးနောက်တွင် အရပ်ဘက်ဝန်ထမ်းများကို မွမ်းမံသင်တန်းများပေးနေသည့် ဗဟိုဝန်ထမ်းတက္ကသိုလ် နှစ်ခုတွင်လည်း စစ်ပညာနှင့် ရုရှားဘာသာစကားတို့ကို ထပ်မံပေါင်းထည့် သင်ကြားပေးနေသည်။
၎င်းတို့ ထိန်းချုပ်ထားသည့် နိုင်ငံခြားဘာသာသင်ကျောင်းများတွင်လည်း ရုရှားဘာသာစကားသင်တန်းများ ပြုလုပ်နေသည်။
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်က ၃ လကြာ ပြုလုပ်နေသည့် ဘာသာစကားသင်တန်းများထဲတွင် ရုရှားဘာသာစကားလည်း ပါဝင်သည်။
မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်က အထက်တန်းအောင်ပြီးသူများ တက်ရောက်နိုင်ကြောင်း ဖိတ်ခေါ်ထားသည့် ၆ လကြာ သင်တန်းများတွင် ရုရှား ပါဝင်ပြီး အခြားဘာသာစကားများမှာ တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယားတို့ ဖြစ်သည်။ ဒီဇင်ဘာလဆန်းတွင် အစပြုမည့် ထိုသင်တန်းများကို စနေ၊ တနင်္ဂနွေနေ့တိုင်း ပြုလုပ်မည်ဟု ဆိုသည်။
သက္ကရာဇ်၂၀၀၀ ပြည့်လွန်နှစ်များက စတင်ပြီး စစ်တပ်အရာရှိ အများအပြား ရုရှားသို့ သွားရောက်ပြီး ပညာသင်ယူနေခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်နှင့် ရုရှားစစ်တပ် ပူးပေါင်းဆောင်ရွက်မှု ဆက်လက် အားကောင်းလာရာ ရုရှားသို့ စစ်အရာရှိ ထောင်ပေါင်းများစွာ သွားရောက်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။