သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီက နေ့စဉ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသာ်လည်း ပြည်သူများသည် အလုပ်လက်မဲ့ဖြစ်ကာ စစ်ရှောင်ရန် အခက်ကြုံနေကြောင်း စုံစမ်းသိရသည်။
လားရှိုးမြို့ကို ကိုးကန့်တပ် (MNDAA) နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်။ ထို့နောက်နောက် စစ်ကောင်စီမှ လားရှိုးမြို့ကို ပြန်ရရန်အတွက် နေ့စဉ်ဆက်တိုက် လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်နေသည်။
စစ်ကောင်စီသည့် အဓိက ပြည်သူများအိပ်မောကျချိန်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားသေဆုံးမှု နေ့စဉ်နဲ့အမျှ ရှိသကဲ့သို့ ဒဏ်ရာရရှိသူများလည်း ရှိသည်။
“ စစ်ကောင်စီက သန်းခေါင်ချိန်မှ လာလာပစ်တယ်။ လူတွေအိပ်မောကျတဲ့အချိန်ပေ့ါ။ ကျနော်တို့လည်း ဘယ်ပြေးလို့ ပြေးရမှန်းမသိတော့ဘူး။ ပြေးချင်ပေမယ့် ကားခကလည်း စျေးကြီးတယ်။ နောက် နေရာသစ်ရောက်ရင် ဘာလုပ်ရမှန်းမသိဘူး” ဟု လားရှိုးမြို့တွင် ကျန်ရှိနေသည့် ဒေသခံ အမျိုးသားတစ်ဉီး က သျှမ်းသံတော်ဆင့်ကိုပြောသည်။
လက်ရှိအချိန်သည် ကိုးကန့်တပ်က လားရှိုးမြို့ကို သိမ်းယူနိုင်ခဲ့သော်လည်း ပြည်သူများသည် အလုပ်လက်မဲ့ဖြစ်နေပြီး၊ ဝင်ငွေမရှိသးကြောင်းအခြားနေရာသို့ ပြောင်းရွှေ့လျှင်လည်း အရင်းအနှီးမရှိကြောင်း ၎င်းက ပြောသည်။
လားရှိုးမြို့မှ အခြားမြို့သို့ ကားဖြင့်ပြောင်းရွှေ့ပါက တစ်ဉီးလျှင် ကျပ်ငွေ ၂သိန်းမှ ကျပ်ငွေ ၁၀သိန်းထိ စျေးနှုန်းမြင့်တက်နေကြောင်းသိရသည်။
“ ခရီးကတော့ ဝေးရင်ဝေးသလိုတောင်းတယ်။ မိသားစုများရင်တော့ပိုကောင်းတာပေါ့။ ကုန်စျေးနှုန်းက မြင့်တက်နေတာတမျိုး။ စိတ်သောကတော့ ဖြစ်တာပေါ့” ဟု လားရှိုးမြို့ မှ တခြားမြို့သို့ စစ်ရှောင်ရန် ကြိုးစားနေသည့် အမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
ထို့ပြင် စားဝတ်နေရေးအတွက် ရှာဖွေနေရင်း ပိုက်ဆံရရှိနိုင်ရန် စစ်ကောင်စီကို သတင်းတခါပေးနိုင်လျှင့် ကျပ်ငွေ ၁၀သိန်းရပြီး ၎င်းအလုပ်နှင့်သာ အသက်ရင်းရှာဖွေစားသောက်နေရသူလည်းများရှိကြောင်း၊ ထိုလုပ်ရက်ကြောင့် ပြည်သူနှင့် နေအိမ်အဆောက်အအုံများ ပျက်စီးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အလုပ်မရှိတော့ ရှိတာနဲ့လုပ်နေကြတယ်။ တချို့က စစ်တပ်ကို သတင်းတခါပေးရင် ပိုက်ဆံ ၁၀သိန်းရတယ်။ အသက်နဲ့ကိုရင်းပြီးလုပ်ကြတယ် စားသောက်ဖို့အတွက်ပေါ။ အခုဆို အဖမ်းခံနေရကြတယ်။ သေဒဏ်ပေးမယ်လည်းပြောကြတယ်။ စစ်တပ်ကြောင့် ပြည်သူတွေ အရမ်းဒုက္ခရောက်နေကြပြီ”ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် (ဒီဇင်ဘာလ ၄ ရက်)နေ့တွင်လည်း ရပ်ကွက် (၈) မန်ဆူဘုရား မရောက်ခင် ၁၂၁ အနောက်လမ်းကြားဘက်တွင် နှစ် ကြိမ်၊ ရပ်ကွက် (၅) ရှိ နာမည်ကြီး တရုတ်ဘုံကျောင်းတွင် နှစ်ကြိမ် စုစုပေါင်း ၄ ကြိမ် လေကြောင့်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းနှင့် အောက်တိုဘာလတွင် လားရှိုးမြို့ကို စစ်ကောင်စီမှ ၁၀ ကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ များထိခိုက်ဒဏ်ရာရကာ နေအိမ် အဆောက်ဦးများလည်း ပျက်စီးခဲ့သည်။
အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်းရေးသားသည်။