ချင်းပြည်နယ်မြို့တော် ဟားခါးနှင့် ထန်တလန်ကြားဒေသကို စစ်တပ်က တန်ပြန် ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးအင်အားစုများနှင့် ယနေ့ (အောက်တိုဘာ ၁၇) နံနက်ပိုင်းအထိ တိုက်ပွဲ ပြင်းထန်နေသည်ဟု သိရသည်။
အောက်တိုဘာ ၁၂ ရက်နေ့တွင် ဟားခါးမြို့မှ ထွက်လာသော စစ်ကြောင်းနှစ်ခုတွင် အင်အားဆယ်ချီပါဝင်သည်ဟု ချင်းတော်လှန်ရေးအင်အားစုက ပြောသည်။
တိုက်ပွဲကာလအတွင်း ဟားခါးအခြေစိုက် စစ်စခန်းက လက်နက်ကြီးနှင့် ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် စခန်းတစ်ခုကို စွန့်လွှတ်လိုက်ရသည်ဟု Chinland Defense Force – CDF (ထန်တလန်) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
တိုက်ပွဲများအတွင်း CDF Zotung (ဇိုတုန်) ဒုတပ်ရင်းမှူး ဆလိုင်းထွန်းမာန်နှင့် တပ်စုမှူး ဆလိုင်းအားလျန်တို့ သေဆုံးခဲ့သည်ဟုလည်း သိရသည်။
စစ်ကောင်စီတပ်က ထိုဒေသအတွင်း မကြာသေးမီအချိန်အထိ ခံစစ်ဆင်ခဲ့သည်။
ချင်းအမျိုးသားတပ်မတော်နှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့များက ဟားခါးနှင့်ထန်တလန်ကြား စစ်ကောင်စီတပ်စခန်းများကို ဇူလိုင် ၂၂ ရက်ကစပြီး တိုက်ခိုက်နေခြင်းဖြစ်သည်။
ရက်ပေါင်း ၉၀ ကျော်ကြာ တိုက်ပွဲများအတွင်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှု အကြိမ်ပေါင်း ရာချီ ပြုလုပ်ခဲ့သည်ဟုလည်း ချင်းတော်လှန်ရေးအင်အားစုက ဆိုသည်။
ပြည်နယ်မြို့တော် ဟားခါးမြို့ကို ဆက်လက်ထိန်းချုပ်နိုင်ရန်၊ ထန်တလန်မြို့ မကျစေရန်၊ ဟားခါး – ထန်တလန်ကြားဒေသကို နယ်မြေစိုးမိုးနိုင်ရန် စစ်တပ်က ထိုးစစ်ဆင်ပြီး ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ချင်းတော်လှန်ရေးအင်အားစုက သုံးသပ်သည်။
CDF (ထန်တလန်) ပြောရေးဆိုခွင့်ရှိသူကလည်း အလားတူ သုံးသပ်သည်။
“ထန်တလန်မြို့သိမ်းပြီးနိုင်ရင် ကျန်တာက ဟားခါးမြို့ သိမ်းဖို့ အစီအစဉ်ရှိတယ်၊ အလားအလာရှိတယ် ဆိုတာကို သူတို့လည်းသိတော့ အသည်းအသန်နဲ့ ဟားခါးမြို့ကို မကျအောင် ခုခံတယ်။ ဟားခါးမြို့ကို မကျအောင်ခုခံဖို့ဆိုရင် ဗျူဟာအရ ဟားခါးနဲ့ ထန်တလန်ကြားက တော်တော်လေး အရေးကြီးပါတယ်” ဟု သူက ဆိုသည်။
“မနေ့ညအထိတော့ ဂျက်ဖိုက်တာနှစ်စီး လာပြီး လေကြောင်းနဲ့ဗုံးလာကြဲတာတော့ရှိတယ်။ ဒီမနက်တော့ ဂျက်ဖိုက်တာ မလာဖြစ်သေးဘူး။ အနီးကပ်နဲ့တိုက်ပွဲဖြစ်နေဆဲဆိုတော့ ကျန်တာတော့ ပြောဖို့ သိပ်အဆင်မပြေဘူး”
ဟားခါးမြို့နှင့် မိုင် ၄၀ ကျော်သာဝေးသည့် ထန်တလန်မြို့တွင် စစ်ကောင်စီတပ်စွဲထားရာ နေရာ ၈ ခုအနက် မြို့တွင်းရှိအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးနှင့် ရဲစခန်းမှအပ ကျန်နေရာများကို တော်လှန်ရေးအင်အားစုက တိုက်ခိုက်သိမ်းပိုက်ထားသည်။
အောက်တိုဘာ ၁၂ ရက် ညပိုင်းက ထိုရုံးရှိ စစ်သားများကို တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် စစ်တပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် CDF ထန်တလန် စစ်ဦးစီးချုပ် ဆလိုင်းရမ်ဇဲလ်နှင့် တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ထန်တလန် မြို့တွင်းတိုက်ပွဲများ စတင်ခဲ့သည့် ၂၀၂၁ စက်တင်ဘာလ ကတည်းကပင် ဒေသခံများမှာ မြို့ကို စွန့်ခွာသွားပြီးနောက် စစ်တပ်နှင့် ချင်းတော်လှန်ရေး တပ်ဖွဲ့များသာ မြို့ထဲတွင်နေရာယူတပ်စွဲထားပြီး နှစ်ဘက်လုံးက မြို့ကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေခြင်းဖြစ်သည်။
တိုက်ပွဲကာလအတွင်း စစ်တပ်၏ အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးမှုကြောင့် ထန်တလန်မြို့အတွင်း နှစ် ၁၀၀ ကျော် သက်တမ်းရှိ ခရစ်ယာန်ဘုရားကျောင်းများအပါအဝင် နေအိမ် ၁,၀၀၀ ကျော် ပျက်စီးခဲ့ရသည်။
စစ်ကောင်စီက ထိုမီးရှို့မှုများမှာ ၎င်းတို့၏လက်ချက်မဟုတ်ကြောင်း ရံဖန်ရံခါ သတင်းထုတ်ပြန်တတ်သည်။
မြို့နေလူဦးရေ ၁၀,၀၀၀ ကျော်မှာလည်း အိန္ဒိယနယ်စပ်နှင့် အနီးဝန်းကျင် ကျေးရွာများတွင် ထွက်ပြေးခိုလှုံနေရသည်မှာ သုံးနှစ်ကျော် ကြာမြင့်နေပြီဖြစ်သည်။
လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်တွင် အိန္ဒိယ-မြန်မာ နယ်စပ် ရိခေါရ်ဒါမြို့၊ လိုင်လင်းပီ၊ ရေဇွာနှင့် တွန်းဇံမြို့တို့ကို ချင်းအမျိုးသားတပ်ဦး ( CN A) နှင့်ပူးပေါင်းတပ်များက သိမ်းယူထားသည်။
ကျင်ဒွေးမြို့နှင့်မတူပီမြို့ကို ချင်းတော်လှန်ရေးအင်အားစုများစုဖွဲ့ထားသည့် ချင်းညီနောင် အဖွဲ့က သိမ်းပိုက်ထားပြီး ပလက်ဝမြို့ကို ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်ထားသည်။