တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ရှိ ငါန်းမြာကြီးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကောင်စီက လေကြောင်းပစ်ကူအား ယူပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။
ပြည်သူ့စစ် ခေါ် ပျူစောထီးတပ်ဖွဲ့ဝင်များဖြင့် အားဖြည့်ထားသည့် စစ်ကြောင်း နှစ်ကြောင်းက ငါန်းမြာကြီးမြို့ မြောက်ဘက် ငါန်းဇွန်-ငါန်းမြာကြီးလမ်း၊ ငါးမြာကြီးမြို့တောင်ဘက် တံတားဦး-ဆီမီးခုံ လမ်းများမှ ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
တံတာဦး-ဆီးမီးခုံလမ်းဘေးရှိ ဆုံရွာတွင် တပ်စွဲထားသည့် အင်အားရာနှင့်ချီပါဝင်သော လက်နက်ကိုင်မိျားက ငါန်းမြာကြီးမြို့ကို စစ်ကြောင်းထိုးလာရာ အောက်တိုဘာ ၁၄ တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသအခြေစိုက် ဇာမဏီပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက Myanmar Now ကို ပြောသည်။
“စစ်တပ်ကတော့ ကျွန်တော်တို့ ငါန်းမြာကြီးကို ဒီနေ့ထိတော့ သိမ်းလို့ မရသေးပါဘူး၊ ကျွန်တော်တို့ လက်ထဲမှာပါပဲ။ စစ်ကြောင်းတွေကတော့ ကျွန်တော်တို့ဘက်ကိုဝင်နေတာ ဒီနေ့နဲ့ဆို ၅ ရက်ရှိပါပြီ” ဟု ၎င်းက ယမန်နေ့ (အောက်တိုဘာ ၁၅) တွင် ပြောသည်။
အောက်တိုဘာ ၁၄ တွင် မိုးထောင်ရွာအနီးရှိ တော်လှန်ရေးအင်အားစု တပ်စွဲထားသည့် နေရာများကို လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၂၀ အရွယ် ရဲဘော် ၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်းဟု ဇာမဏီပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောသည်။
ဧရာဝတီမြစ်ကမ်းဘေး တိုက်နယ်အဆင့်မြို့တစ်ခုဖြစ်သော ငါန်းမြာကြီး၏ တစ်ဘက်ကမ်းတွင် တော်လှန်ရေးတပ်ဖွဲ့များ အင်အားကောင်းသည့် စစ်ကိုင်းတိုင်း မြောင်မြို့ တည်ရှိနေသည်၊ စစ်ကောင်စီ ရေတပ်စခန်းချထားသည့် ဆီမီးခုံရွာနှင့်လည်း ၆ မိုင်ဝန်းကျင်သာ ကွာဝေးသည်။
ထိုးစစ်ကြောင့် ဒေသခံထောင်နှင့်ချီ စစ်ဘေးရှောင်နေရသည်၊ ပြည်သူ့စစ် အနည်းငယ်နှင့် စစ်သား အများအပြား ပါဝင်သော ထိုစစ်ကြောင်း အထိနာနေသည်ဟု အမည်မဖော်လိုသည့်တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။
“စစ်သားအစစ်တွေပဲ ရာဂဏန်းလောက်ရှိတယ်၊ စစ်သားတွေလဲ တော်တော်ကျတယ်၊ ခုချိန်ထိတော့ ကျွန်တော်တို့က (ငါန်းမြာကြီးမြို့ကို) ထိန်းထားနိုင်တဲ့ အနေအထားမှာရှိတယ်” ဟု သူက ပြောသည်။
အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် ငါန်းဇွန်-ငါန်းမြာကြီးကားလမ်းအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီကား၃ စင်းကို မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟုလည်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပျောက်ကြားတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မင်းသားက ပြောသည်။
ထို့နောက် အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ငါန်းဇွန်-ငါန်းမြာကြီး ကားလမ်းအနီးကျေးရွာများသို့ စစ်ကောင်စီလေယာဉ်များ ဝဲပျံကင်းထောက်နေခဲ့ပြီး မြေပြင် စစ်ကြောင်းကလည်း စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည်ဟု ရဲဘော်မင်းသားကဆက်ပြောသည်။
“ငါန်းဇွန်-ငါန်းမြာကြီးလမ်းတလျှောက်မှာ ညောင်လေးပင် အရှေ့ဘက်လောက်အထိကို စီးထားနိုင်တယ်။ အဆုတ်အတက်တော့ ပြန်ဆော့နေရတဲ့ သဘောပဲ။ သူတို့ဘက်က အင်အားနဲနဲပါးပါးနဲ့တော့ ကျွံမလာရဲဘူး” ဟု ၎င်းက ပြောသည်။
ထို့သို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အောက်တိုဘာ ၉ နံနက်တွင် ညောင်လေးပင်ရွာကို စစ်ကောင်စီတပ်က ပစ်ခတ် စီးနင်းရာ ဒေသခံ ၂ ဦး လက်နက်ကြီး ထိမှန်ပြီး ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။ ထိုဖမ်းဆီးခံရသူများ၏ နောက်ဆက်တွဲ အခြေအနေကို မသိရသေးပေ။
အင်အား ၁၀၀ ကျော်က စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်စီးနင်းစဉ် ကျေးရွာဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသူများကို ဖမ်းသွားခြင်းဖြစ်သည်ဟု ညောင်လေးပင်ရွာ ဒေသခံတစ်ဦးက ပြောသည်။
“ပြည်သူတွေက အဲဒီရွာရဲ့ ဘုန်းကြီးကျောင်းကို ပြေးတော့ အဲဒီကျောင်းထဲမှာအကုန်လုံးကို ဖမ်းသွားတာပဲ။ ပြည်သူ ၁၀၀ ကျော်က ၁၂ နှစ်ကျော် ၁၃ နှစ်ကစပြီး အကုန်ဖမ်းတာပဲ၊ ၅၀ ပတ်ချာလည်တွေရော၊ ယောက်ျားမှန်သမျှ အကုန်ဖမ်းသွားတာပဲ”ဟု ၎င်းက ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ညောင်လေးပင်ရွာအနီးရှိ မကြီးကြပ်ရွာမှ အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့သည်၊ လူနေအိမ်များလည်း ပျက်စီးခဲ့သည်ဟု အထက်ပါ ဒေသခံက ပြောသည်။ ထို့အပြင် ငါန်းဇွန်-ငါန်းမြှာကြီးလမ်းဘေးရှိ မကြီးကြပ်ကျေးရွာအုပ်စုအတွင်း ရွာ ၄ ရွာထက်မနည်းမှ ဒေသခံ ထောင်နှင့်ချီ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည်ဟုလည်း သိရသည်။
ဩဂုတ် ၁၀ က စတင်ပြီး “မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO)” အမည်ဖြင့် မန္တလေးမြို့တောင်ဘက် တံတားဦးနှင့် မြင်းခြံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေခြင်းဖြစ်သည်။ ဩဂုတ် ၁၉ တွင် ငါန်းမြာကြီး နယ်မြေရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ရဲ ၅ ဦး ဖမ်းဆီးရမိသည်၊ သေနတ် ၁၀ လက် သိမ်းဆည်ရရှိခဲ့သည်ဟု သိရသည်။
ငါန်းဇွန်မြို့နယ်အတွင်း အထက်တန်းကျောင်း တစ်ကျောင်းနှင့် ၁၆ ကုတင်ဆံ့ ပြည်သူ့ဆေးရုံတို့ရှိသည့် ငါန်းမြာကြီးမြို့သည် မန္တလေးမြို့ အနောက်တောင်ဘက် မိုင် ၄၀ ကျော် အကွာတွင် ရှိသည်။
ငါန်းဇွန်မြို့နယ်တွင် ဇွန်လက ပဲခူး ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် မော်တော်ယာဉ်ဖြင့် ခရီးသွားစဉ် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် ထိုနေရာတွင်ပင် ပျံလွန်ခဲ့သည်။
တိုက်ပွဲဖြစ်တတ်သည့် နေရာ ဖြစ်သောကြောင့် ပစ်ခတ်သည့် စစ်ကောင်စီတပ်တွင် အပြစ်မရှိဟု အမျိုး၊ ဘာသာ၊ သာသနာအရေး လုပ်ဆောင်နေသည်ဟု ကြွေးကြော်နေသည့် အစွန်းရောက်များက မှတ်ချက်ပြုခဲ့သည်။