ylliX - Online Advertising Network
အီတလီနိုင်ငံထဲက ကမ္ဘာ့ရှေးအကျဆုံးသမ္မတနိုင်ငံ ဆန်မာရီနို San Marino

အီတလီနိုင်ငံထဲက ကမ္ဘာ့ရှေးအကျဆုံးသမ္မတနိုင်ငံ ဆန်မာရီနို San Marino


ဥရောပတိုက် တောင်ပိုင်းရှိ အီတလီနိုင်ငံအတွင်းမှာ နိုင်ငံ နှစ်ခုရှိနေပါတယ်။ အဲဒါကတော့ ဗာတီကန်စီးတီး (Vatican City) နဲ့ ဆန်မာရီနို (San Marino) နိုင်ငံတို့ပဲဖြစ်ပါတယ်။ ဗာတီကန်စီးတီးက ကမ္ဘာ့အသေးဆုံးနိုင်ငံဖြစ်ပြီး ပိုပြီးထူးခြားစွာနဲ့ အီတလီနိုင်ငံရဲ့ မြို့တော် ရောမမြို့ထဲ တည်ရှိနေတာပါ။ ဆန်မာရီနိုနိုင်ငံကတော့ အီတလီနိုင်ငံ အလယ်မြောက်နားရှိ Rimini မြို့နားမှာရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံပါ။

ဆန်မာရီနိုက ဥရောပ တတိယအသေးဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့ပဉ္စမမြောက်အသေးဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် ၂၄ စတုရန်းမိုင်သာ ကျယ်ဝန်းပြီး လူဦးရေလည်း တစ်နိုင်ငံလုံးမှ ၃သောင်းကျော်သာ ရှိပါတယ်။ အရွယ်အစား သေးငယ်ပေမဲ့ ပါလီမန်ကိုယ်စားပြု ဒီမိုကရက်တစ်သမ္မတနိုင်ငံအဖြစ် ထူးခြားတဲ့ နိုင်ငံရေးစနစ်ရှိပါတယ်။ ကမ္ဘာ့သက်တမ်းအရှည်ဆုံး သမ္မတနိုင်ငံဖြစ်ပြီး အေဒီ ၃၀၁ ကတည်းက ခရစ်ယာန် ကျောက်သမား Marinus က စတင်ထူထောင်ခဲ့တာပါ။ Saint Marinus အမည်ကို အစွဲပြုပြီး နိုင်ငံကို San Marino လို့ မှည့်ခေါ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဆန်မာရီနိုက လှပတဲ့ အလယ်ခေတ် တောင်ပေါ်မြို့တွေ၊ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကြောင့် လူသိများပါတယ်။ ခရီးသွားနဲ့ စိုက်ပျိုးရေးလုပ်ငန်းက နိုင်ငံ့စီးပွားရေးရဲ့ အဓိက ကဏ္ဍနှစ်ခုပါ။ တစ်နှစ်ကို ခရီးသွား ၃.၅ သန်းခန့်လာရောက်လည်ပတ်လေ့ရှိပါတယ်။ ဆန်မာရီနိုက EU နိုင်ငံတွေထဲ မပါဝင်ပေမဲ့ နိုင်ငံတွင်း ယူရိုကို ငွေကြေးအဖြစ်သုံးစွဲကြပြီး အီတလီနိုင်ငံ ဝန်းရံနေတဲ့နိုင်ငံဖြစ်လို့ နိုင်ငံသုံး ဘာသာစကားက အီတလီဘာသာစကားပဲ ဖြစ်ပါတယ်။

ရာဇဝတ်မှုနှုန်းနည်းပါးပြီး တည်ငြိမ်တဲ့ နိုင်ငံရေးဝန်းကျင်ကြောင့် ဆန်မာရီနိုဟာ ကမ္ဘာ့အလုံခြုံဆုံးနိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ နိုင်ငံအကြွေးကင်းစင်တဲ့နိုင်ငံ၊ ကမ္ဘာ့ပျမ်းမျှသက်တမ်း အမြင့်ဆုံးနိုင်ငံတွေထဲ အမြဲရပ်တည်နေတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ နိုင်ငံသားတွေကိုလည်း အခမဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးဝန်ဆောင်မှုတွေ ပေးပါတယ်။

ဆန်မာရီနိုက နိုင်ငံသေးဖြစ်လို့ ကိုယ်ပိုင်လေဆိပ်နဲ့ ဘူတာရုံတွေ မရှိပါဘူး။ ဆန်မာရီနိုဆီ သွားလည်ချင်ပါက အနီးဆုံး အီတလီမြို့တွေဖြစ်တဲ့ Rimini မြို့နဲ့ Bologna မြို့လေဆိပ်တွေအထိ လေယာဉ်နဲ့ သွားရောက်နိုင်ကာ ထိုကနေတစ်ဆင့် ကား၊ Taxi၊ ဘတ်စ်တို့နဲ့သွားနိုင်ပါတယ်။ စာရေးသူတို့ကတော့ အနီးဆုံးမြို့ဖြစ်တဲ့ Rimini မြို့အထိ ရထားနဲ့သွားကာ ဆန်မာရီနိုရဲ့ အထင်ကရ Titano တောင်ထိပ်ထိ Taxi ငှားသွားခဲ့ကြတာပါ။

ဆန်မာရီနိုမြို့တော်က ယူနက်စကို ကမ္ဘာ့အမွေအနှစ်မြို့တော်ပါ။ Titano တောင် အပါအဝင် ဆန်မာရီနိုမြို့တော်ရဲ့ သမိုင်းဝင်စင်တာကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့ပါတယ်။ တောင်ထိပ်သုံးခုရှိတဲ့ ထုံးကျောက်တောင် Titano တောင်က ဆန်မာရီနိုမှာ အမြင့်ဆုံးဖြစ်ကာ ဘေးပတ်ဝန်းကျင်ရှိ အီတလီနိုင်ငံရဲ့ မြင်ကွင်းကျယ်ရှုခင်းတွေကို လှမ်းမြင်ရပါတယ်။ တောင်ထိပ်ရှိ အလယ်ခေတ်ခံတပ်မျှော်စင်သုံးခုက ရှုခင်းကြည့်ဖို့ကောင်းသလို ထင်ရှားတဲ့ အထင်ကရနေရာတွေပါ။ Guaita၊ Cesta နဲ့ Montale မျှော်စင်သုံးခုက နိုင်ငံအတွက် ဘယ်လောက်အရေးပါသလဲဆိုရင် အလံမှာပါ ထည့်ဆွဲထားရတဲ့အထိပါ။ Guaita မျှော်စင်က သက်တမ်းအရင့်ဆုံးနဲ့ နာမည်အကြီးဆုံးမျှော်စင်ဖြစ်ကာ နိုင်ငံနဲ့မျှော်စင်တွေအကြောင်းလေ့လာနိုင်တဲ့ ပြတိုက်အသေးလည်း ရှိပါတယ်။

နိုင်ငံတွင်း အခြားထင်ရှားတဲ့ နေရာတွေကတော့ သမိုင်းဝင်စင်တာရှိ Basilica of San Marino ဘုရားကျောင်း၊ ဆန်မာရီနိုအစိုးရ ရုံးစိုက်ရာ သမိုင်းဝင်ရင်ပြင် Palazzo Pubblico၊ ဆန်မာရီနိုမှ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံတွေဆီ ရွှေ့ပြောင်းအခြေချမှုသမိုင်းကြောင်းကို စူးစမ်းလေ့လာနိုင်တဲ့ပြတိုက် Museum of Emigration၊ ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြား စုဆောင်းထားတဲ့ ရှေးဟောင်းပစ္စည်းတွေကို ပြသထားတဲ့ ပြတိုက် Museum of Curiosities၊ အလယ်ခေတ်က လက်နက်နဲ့ချပ်ဝတ်တန်ဆာတွေကို ပြသထားတဲ့ ပြတိုက် Museum of Ancient Weapons၊ Guaita မျှော်စင်ကပ်လျက်ရှိ Rocca della Guaita အလယ်ခေတ်ခံတပ်တို့ပဲ ဖြစ်ပါတယ်။

ဆန်မာရီနိုက အခွန်ကောက်ခံမှုနည်းသလို အခွန်လွတ်ဈေးဝယ်နိုင်လို့ ဈေးဝယ်သူတွေကြား ရေပန်းစားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ လက်ဝတ်ရတနာ၊ အဝတ်အစားနဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေလို ဇိမ်ခံပစ္စည်းတွေကို လာရောက်ဝယ်ယူလေ့ရှိကြပါတယ်။

၁၆၀၀ ခုနှစ်ကတည်းက စာတိုက်စနစ်ရှိခဲ့တဲ့ ပထမဆုံးနိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ဆန်မာရီနိုနိုင်ငံရဲ့ တံဆိပ်ခေါင်းတွေက ရှားပါးပြီးသေသပ်လှပလို့ ကမ္ဘာတစ်ဝှမ်းရှိ တံဆိပ်ခေါင်းစုဆောင်းသူတွေကြား ကျော်ကြားပါတယ်။

ဒေါက်တာနုမြတ်သိင်္ဂီဦး



Source link

Leave a Reply

Your email address will not be published. Required fields are marked *