ရခိုင်ပြည်နယ်၊ စစ်တွေမြို့အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသားအများစု အပါအဝင် အကျဉ်းသား ၃၀၀ ကျော် အောက်တိုဘာ ၁၀ ရက်နေ့က ဧရာဝတီတိုင်း ပုသိမ်ထောင်သို့ ရောက်ရှိလာပြီး စားသောက်ရေး ခက်ခဲနေကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံက သိရသည်။
အောက်တိုဘာ ၈ ရက်နေ့ညက စစ်တွေထောင်မှ အကျဉ်းသား ၄၀၀ နီးပါးကို ပုသိမ်၊ ရန်ကုန်၊ သာယာဝတီရှိ ထောင်များသို့ စစ်ရေယာဉ်များဖြင့် ပြောင်းရွှေ့ခဲ့သည်ဟု စစ်တွေ ဒေသခံများ နှင့် အကျဉ်းသားမိသားစုဝင်များက ဆိုကြသည်။
ထိုအထဲတွင် မေလက အစုလိုက်အပြုံလိုက်ဖမ်းဆီးခံခဲ့ကြရသည့် စစ်တွေမြို့ ဗျိုင်းဖြူကျေးရွာမှ ရွာသား ၂၀၀ ကျော် ပါဝင်သည်ဟု သိရသည်။
PPNM ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပုသိမ်ထောင်သို့ ၃၅၁ ဦး ရောက်ရှိသည်ဟု ဆိုသည်။
“အောက်တိုဘာ ၁၀ ရက် ညနေပိုင်းမှာတော့ စစ်တွေထောင်က ပြောင်းလာတဲ့အကျဉ်းသားတွေပေါ့ ။ နိုင်ငံရေးအကျဉ်းသားပါဝင်မှု များတယ်။ အမျိုးသမီးကတော့ အရေအတွက် အရမ်းနည်းတယ်ပေါ့။ အမျိုးသားက စုစုပေါင်း ၃၀၀ ကျော် ပါလာတယ်” ဟု ၎င်းက ပြောသည်။
“ထောင်ပြောင်းဖို့ ပြင်ဆင်ချိန် အများကြီး မပေးတာရယ်၊ အရေးပေါ် ပြောင်းရွှေ့တာဖြစ်တဲ့အတွက် အကျဉ်းသားတွေက စားသောက်ရေး အင်မတန် ခက်ခဲတယ်ဗျ။ ရခိုင်ပြည်နယ်မှာ အဖမ်းခံရသူ တော်တော်များများက ဝေးလံတဲ့ရွာတွေ လူတွေပါတော့ စစ်ပွဲကြားမှာ မိသားစုတွေ ထောင်ဝင်စာပါဆယ် ကောင်းကောင်း မပို့ကြနိုင်ကြဘူး။ စားသောက်ရေးတွေ ခက်ခဲကြတယ်”
ထို့ကြောင့် ထောင်ပြောင်းအကျဉ်းသားများအား ပိုမို အဆင်ပြေစေရန် ၎င်းတို့ ချိတ်ဆက် ကူညီပေးနိုင် ကြောင်း PPNM က ဆိုသည်။
စစ်တွေ မြို့ခံတစ်ဦးကလည်း အများစုကို ပုသိမ်ထောင်သို့သာ ပြောင်းရွှေ့လိုက်သည်၊ မတရားအသင်းဆိုင်ရာ ပုဒ်မ ၁၇ (၁) ဖြင့် ထောင်ချခံရသူများ ပါဝင်သည်ဟု သိရကြောင်း ပြောသည်။
“ပုသိမ်ကို ပြောင်းတာပါ။ ၁၇ (၁) တွေကို ပြောင်းပါတယ်။ ဗျိုင်းဖြူရွာသားအားလုံး ပါသွားပါတယ်။ နောက် လွတ်ရက်နီးတဲ့ အကျဥ်းသားတွေလည်း ပါသွားပါတယ်။ ကျန်ခဲ့တာက အချုပ်သားတွေပဲ ဖြစ်ပါတယ်” ဟု စစ်တွေ မြို့ခံက ဆိုသည်။
အခြားအကျဉ်းထောင် နှစ်ခုသို့ စစ်တွေထောင်မှ အကျဉ်းသားများ ရောက်မရောက် မသိရသေးပေ။
ပုသိမ်မြို့မှ နိုင်ကျဉ်းဟောင်း အမျိုးသားတစ်ဦးက ၎င်းတို့မြို့မှ အကျဉ်းသားတချို့ အောက်တိုဘာ ၅ ရက်တည်းက မြောင်းမြထောင်သို့ ပို့ဆောင်ခံထားရကြောင်း ပြောသည်။
“ (စစ်တွေထောင်ကလူတွေ ရောက်လာတာ) ကြားတယ်။ ပုသိမ်ထောင်ကသူတွေကို မြောင်းမြထောင် ပို့တယ်။ နိုင်ကျဥ်းတော်တော်များများ ပါသွားတယ်” ဟု သူက ဆိုသည်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ လူနေရပ်ကွက်များကြားရှိ ပုသိမ်အကျဉ်းထောင်သည်လည်း ယခုနှစ် ဇန်နဝါရီအတွင်းက လူသေဆုံးမှုဖြစ်သည်အထိ အကြမ်းဖက်ဖြိုခွင်းမှု ဖြစ်ထားသည်။ ထိုဖြိုခွင်းမှုတွင် အကျဉ်းသား အသက် ၃၃ နှစ်အရွယ် ကိုဝေယံဖြိုး သေဆုံးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၆၀ ကျော် ဒဏ်ရာ ရခဲ့သည်။
စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) တိုက်ခိုက်လာပါက အကျဉ်းထောင် ပွင့်သွားမည် ဖြစ်သောကြောင့် ကြိုတင် ပြောင်းရွှေ့လိုက်ခြင်းဖြစ်နိုင်ကြောင်း စစ်တွေဒေသခံများက ယူဆကြ သည်။
မကြာသေးမီက ခင်ပွန်းကိုထောင်ဝင်စာ တွေ့ခွင့်ရခဲ့သည့် ဗျိုင်းဖြူရွာဒေသခံ အမျိုးသမီးတစ်ဦးက ၎င်းတို့တစ်ရွာလုံးရှိ အမျိုးသမီးများ ငိုကြွေးနေကြသည်၊ ရပ်ဝေးထောင်ပြောင်းခံရသူများနှင့် ပြန်မတွေ့တော့မည်ကို တချို့က စိုးရိမ်နေကြသည်ဟု Myanmar Now ကို အောက်တိုဘာ ၉ ရက်နေ့က ပြောထားသည်။
ဘူးသီးတောင်၊ သံတွဲစသည့်မြို့များကို AA သိမ်းပိုက်ခဲ့ချိန်တွင် နိုင်ငံရေးအကျဉ်းသား အများအပြား လွတ်မြောက်ခဲ့သည်။ AA သည် ရခိုင်တစ်ပြည်နယ်လုံးကို တိုက်ခိုက်သိမ်းပိုက်မည်ဟု ကြေညာထားပြီး နယ်မြေထက်ဝက်ကျော်ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန့်ကျင်သူဟု ယူဆရသူအများအပြားကို နိုင်ငံအနှံ့တွင် ဖမ်းဆီးခဲ့သည်။နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အောက်တိုဘာလ ၁၅ ရက် အထိ စာရင်းများအရ ဆက်လက် ဖမ်းဆီးခံထားရသူ ၂၁၀၄၈ ဦး ထက်မနည်း ရှိသည်၊ ထိုအထဲမှ ၉၅၀၃ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု သိရသည်။