ဒီမေးခွန်းတစ်ခုကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိဖူးလား။
ဘာလို့ င့ါဘဝကြီးက အဓိပ္ပါယ်မရှိဘူးလို့ ခံစားနေရတာလဲ။
မေးဖူးတယ်ဆိုရင် ဒီဆောင်းပါးကသင့်အတွက်ပါ။
ဒီနေ့ခေတ်ဟာ အရင်ခေတ်တွေတုန်းကနဲ့မတူပဲ တိုးတက်မှုတွေ မြန်ဆန်လာပါတယ်။
ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ တစ်ကမ္ဘာလုံးက သူတွေနဲ့ ချိတ်ဆက်လို့ရမယ့် Facebookလိုမျိုး Social Mediaတွေ ပေါ်လာတယ်။ အင်တာနက် ဖွင့်လိုက်ရုံနဲ့ တစ်ကမ္ဘာလုံးမှာ ဖြစ်နေသမျှ သတင်းတွေကို စက္ကန့်ပိုင်းအတွင်း ကြည့်လို့ရလာတယ်။
နည်းပညာတိုးတက်မှုရဲ့ ကောင်းတဲ့အချက်ကတော့ ကိုယ့်ရဲ့နေ့စဥ်ဘဝမှာ အချိန်ကုန်သက်သာပြီး ဘာမဆို မြန်မြန်ရလာတာပါပဲ။ ဒါပေမယ့် အဲ့ဒီရဲ့ အခြားတစ်ဖက်မှာ ကျွန်တော်တို့အတွက် ဆိုးကျိုးတွေက တွဲပြီးပါလာပါတယ်။
အချိန်နဲ့အမျှ သတင်းတွေ ကြည့်လို့ရနေတယ်။ စက္ကန့်မလပ် လူတိုင်းနဲ့ ဆက်သွယ်လို့ ရလာတယ်။ ဒီအခါ ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ ပြင်ပက အကြောင်းအရာတွေနဲ့ ပြည့်နှက်လာပြီးတော့ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးတာအလွန်နည်းပါးလာပါတယ်။
ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေအချိန်ဖြစ်တဲ့ ဟိုးအရင်ခေတ်ကိုပြန်စဥ်းစားကြည့်ရအောင်။ အဲ့ဒီအချိန်တွေတုန်းက သူတို့မှာ ကိုယ်ပိုင်အချိန်တွေဆိုတာ များများပြားပြား ရှိကြတယ်။ သူတို့ဟာ အလုပ်လုပ်ချိန် လုပ်တယ်။ ပြီးရင် နားချိန်မှာတော့ အခုခေတ်လို Onlineမှာ အချိန်ကုန်နေစရာ မရှိတဲ့အတွက် သူတို့ရဲ့ မိသားစုနဲ့ဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ အနားယူကြပါတယ်။
ရလဒ်အနေနဲ့ သူတို့ဟာ ကိုယ်ပိုင်အချိန် လုံလုံလောက်လောက်ရကြပြီး သူတို့ကိုယ်သူတို့ ပြန်သုံးသပ်မိကြသလို သူတို့ဘဝမှာ တကယ်လိုချင်တာက ဘာလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိကြတယ်။
ဒီနေ့ခေတ်မှာတော့ ကျွန်တော်တို့ဟာ နည်းပညာတွေရဲ့ တိုးတက်မှုရလဒ်အနေနဲ့ နားချိန်မှာတောင် ကိုယ့်ကိုယ်ကိုယ်အချိန်မပေးနိုင်တော့ပဲ ကိုယ်မဟုတ်တဲ့ တခြားသူတွေကိုပဲ အာရုံစိုက်ဖြစ်ကြတယ်။ ဥပမာ နားချိန်တိုင်းမှာ Facebook သုံးပြီး တခြားသူတွေ ဘာတွေလုပ်နေလဲ၊ တစ်ကမ္ဘာလုံးမှာ ဘာတွေဖြစ်နေလဲဆိုတဲ့ သတင်းတွေကို ကြည့်နေတာမျိုး။ ဒီအခါ တကယ်လိုအပ်တာထက် ပိုတဲ့အကြောင်းအရာတွေ ကျွန်တော်တို့ ခေါင်းထဲမှာပြည့်နေပြီး “ကိုယ့်ဘဝမှာ ကိုယ်ဘာကို လိုချင်တာလဲ” ဆိုတဲ့ အကြောင်းအရာကို သုံးသပ်ဖို့ အချိန် လုံလုံလောက်လောက် မပေးနိုင်တော့ဘူး။
နောက်ဆုံးမှာ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးပြီး ကိုယ်တကယ်လိုချင်တာက ဘာဆိုတာ မသိတော့ပဲ “ငါလိုအပ်တဲ့ ပစ္စည်းတွေ၊ ဂုဏ်တွေ အကုန်ရနေပါလျက်နဲ့ ငါ ဘာလို့ မပျော်တာလဲ” ဆိုပြီး စိတ်ညစ်လာကြတယ်။ ဒါကိုကျော်လွှားဖို့ဆိုရင် ကျွန်တော်တို့ဟာ နည်းပညာတိုးတက်မှုရဲ့ မြန်ဆန်မှုနောက်ကိုပဲ လိုက်မနေပဲ အရှိန်လျှော့ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး အချိန်ပေးသုံးသပ်ဖို့ လိုပါတယ်။
ဘာတွေလုပ်လို့ရလဲဆိုရင်. . .
၁။ အလုပ်ကပြန်လာတဲ့အခါ အနည်းဆုံး တစ်နာရီလောက်ပဲဖြစ်ဖြစ် Facebook အပါအဝင် ပြင်ပလောကနဲ့ အဆက်အသွယ်ဖြတ်ပြီး ကိုယ်ဖြတ်သန်းခဲ့တဲ့ တစ်နေ့တာကို ပြန်သုံးသပ်တာမျိုး လုပ်သင့်ပါတယ်။ (တရားထိုင်တာ၊ စာအုပ်ထဲမှာ ကိုယ့်ခံစားချက်တွေကို ချရေးတာတွေလည်း တွဲလုပ်လို့ရပါတယ်။)
၂။ သတင်းတွေကို လိုတာထက် ပိုပြီး မဖတ်ပါနဲ့။ Facebookကို တတ်နိုင်သလောက် လျှော့သုံးပါ။ ဘာလို့လဲဆိုရင် ဒါတွေကြောင့် မလိုအပ်ပဲ ပြင်ပက သတင်းအချက်အလက်တွေဟာ ကိုယ့်ခေါင်းထဲမှာ နေရာယူတတ်လို့ပါ။
၃။ အခွင့်သင့်ရင် သဘာဝရှုခင်းတွေ ရှိတဲ့နေရာကို ခရီးထွက်ပါ။ ဒီအခါ မြို့ပြရဲ့ဆူညံသံတွေနဲ့ ဝေးလာလေလေ ကိုယ့်ဦးနှောက်က အနားရပြီး ကိုယ့်အတွက်ကိုယ် အချိန်ပြန်ပေးနိုင်လာလေလေမို့လို့ပါ။
အဓိကကတော့ ကိုယ်မဟုတ်တဲ့ တခြားသူတွေရဲ့အကြောင်းအရာတွေနဲ့ပဲ အမြဲ အချိန်ကုန်မနေပဲ ကိုယ့်အတွက်ကိုယ် အချိန်ပေးပြီး “ဘဝမှာ ကိုယ်တကယ်လိုချင်တာက ဘာလဲ” ဆိုတာ သိလာစေဖို့ပါ။
ဒီအခါ ကိုယ့်အနေနဲ့ “ငါ့ကိုယ်ငါ ပျောက်ဆုံးနေတယ်” လို့ ခံစားရတဲ့ ခံစားချက်ကို ကျော်ဖြတ်နိုင်ပြီး “ကိုယ်တကယ် ဖြစ်ချင်တာက ဘာလဲ” ဆိုတာ တဖြည်းဖြည်းနဲ့ သိလာပါလိမ့်မယ်။
ဒေါက်တာ ပြည့်စုံကိုကို (အေးချမ်းပါရစေ) (နေ့စဥ်ဘဝ၊ ပေါင်းသင်းဆက်ဆံရေးနဲ့ လုပ်ငန်းခွင်မှာ စိတ်ထားတတ်ဖို့ ဆောင်းပါးများ) မှထုတ်နုတ်တင်ပြပါသည်။